ခရစ်ယာန်အသက်တာလမ်းစဉ်
ဗီဒီယိုတွေသုံးပြီး ကျမ်းစာသင်သားတွေကို သင်ပေးပါ
သင်ထောက်ကူ ပစ္စည်းတွေက ကြည့်နေသူရဲ့ အာရုံကို ဖမ်းစားနိုင်ပြီး သင်ပေးနေတာကို နားလည်စေ၊ မှတ်မိစေနိုင်တယ်။ မဟာသွန်သင်ရှင် ယေဟောဝါဟာ သင်ထောက်ကူပစ္စည်းတွေကို သုံးပြီး အရေးကြီးတဲ့ သင်ခန်းစာတွေ သင်ပေးတယ်။ (က ၁၅:၅။ ယေ ၁၈:၁-၆) ကြီးမြတ်တဲ့ဆရာ ယေရှုလည်း သင်ထောက်ကူပစ္စည်းတွေ သုံးခဲ့တယ်။ (မ ၁၈:၂-၆။ ၂၂:၁၉-၂၁) အလွန်ထိရောက်တဲ့ သင်ထောက်ကူ ပစ္စည်းတစ်မျိုးကတော့ ဗီဒီယိုဖြစ်ပါတယ်။ ညီအစ်ကို/မတို့ကော ကျမ်းစာသင်ပေးတဲ့အခါ ဗီဒီယိုတွေကို ကောင်းကောင်း အသုံးပြုသလား။
ကျမ်းစာသင်သားတွေကို လူမျိုးအားလုံးအတွက် သတင်းကောင်း ဘရိုရှာထဲက သင်ခန်းစာတွေကို သင်ပေးရာမှာ အထောက်အကူဖြစ်စေဖို့ ဗီဒီယို ၁၀ ခု ပြင်ဆင်ပေးထားပါတယ်။ ဗီဒီယိုတွေရဲ့ ခေါင်းစဉ်ဟာ ဘရိုရှာမှာပါတဲ့ စာလုံးမည်းနဲ့ ရေးထားတဲ့ မေးခွန်းတွေထဲက တစ်ခုနဲ့ တူတယ်။ ဝက်ဘ်ဆိုက်မှာ ဖတ်နိုင်တဲ့ ဘရိုရှာမှာတော့ ဘယ်အချိန်မှာ ဗီဒီယိုဖွင့်ပြရမယ်ဆိုတာကို အသိပေးတဲ့ လင့် (links) တွေ ထည့်ထားတယ်။ ဒါ့အပြင် သွန်သင်ခြင်းကိရိယာမှာပါတဲ့ စာပေအမျိုးမျိုးအတွက် တခြား ဗီဒီယိုတွေလည်း ရှိပါတယ်။
ကျမ်းစာသင်သား နားလည်ရ ခက်နေတဲ့ ကျမ်းစာအကြောင်းအရာတစ်ခုကို ဆွေးနွေးနေသလား။ ဒါမှမဟုတ် ကျမ်းစာသင်သားဟာ စမ်းသပ်မှုတစ်ခုခု ကြုံတွေ့နေရသလား။ jw.org® နဲ့ JW ရုပ်သံ®မှာ သူ့အတွက် အကျိုးရှိမယ့် ဗီဒီယိုတစ်ခုကို ရှာကြည့်ပါ။ အဲဒီထဲက ဗီဒီယိုတစ်ခုကို ကျမ်းစာသင်သားနဲ့အတူ ကြည့်ပြီး ဆွေးနွေးနိုင်ပါတယ်။
လတိုင်း ဗီဒီယိုအသစ်တွေ တင်ပေးပါတယ်။ ဗီဒီယိုတွေကို ကြည့်တဲ့အခါ ဒါတွေကို သုံးပြီး တခြားသူတွေကို ဘယ်လို သင်ပေးနိုင်တယ်ဆိုတာ စဉ်းစားပါ။