ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး
“ကျွန်တော် လူရမ်းကား မဟုတ်တော့ဘူး”
မွေးဖွားတဲ့နှစ်– ၁၉၅၆
ဇာတိ– ကနေဒါ
ဘဝနောက်ခံ– စိတ်ပျက်လက်ပျက်ဖြစ်သူ၊ တွေ့ကရာလူနဲ့ လိင်ဆက်ဆံသူ၊ လူရမ်းကား
အတိတ်
ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်၊ ကယ်လ်ဂရီမြို့မှာ ကျွန်တော့်ကို မွေးဖွားခဲ့တယ်။ ကျွန်တော် နို့စို့အရွယ်မှာ မိဘတွေ ကွာရှင်းလိုက်တဲ့အတွက် ကျွန်တော်နဲ့ အမေက အဘိုးအဘွားအိမ်ကို ပြောင်းခဲ့ကြတယ်။ အဘိုးအဘွားက ကျွန်တော်တို့သားအမိကို သိပ်ချစ်တယ်။ ကျွန်တော် ကလေးဘဝမှာ တော်တော် ပျော်ခဲ့တယ်။ ပျော်စရာကောင်းတဲ့ ကလေးဘဝကို အခုထိ အမှတ်ရနေတုန်းပဲ။
အသက် ၇ နှစ်မှာ အမေက အဖေနဲ့ ပြန်ပေါင်းပြီး အမေရိကန်၊ မစ်ဆူရီပြည်နယ်၊ စိန့်လူးဝစ်ကို ပြောင်းသွားတဲ့အခါမှာတော့ ကျွန်တော့်ဘဝ အဆိုးဘက် ပြောင်းလဲသွားတယ်။ အဖေဟာ ရက်စက်ကြမ်းတမ်းသူဖြစ်မှန်း သိလာတယ်။ ဥပမာ၊ ပထမဆုံးနေ့ ကျောင်းက ပြန်လာတဲ့အခါ ကျွန်တော် အနိုင်ကျင့်ခံရပြီး လက်တုံ့မပြန်ခဲ့တာကို အဖေ သိသွားတယ်။ ဒါနဲ့ အဖေ ဒေါသထွက်ပြီး ကျောင်းက ကလေးတွေ ရိုက်တာထက် ပိုနာကျင်အောင် ကျွန်တော့်ကို ရိုက်တယ်။ အသက် ၇ နှစ်ပဲ ရှိသေးတဲ့ ကျွန်တော်ဟာ ရန်ဖြစ်ဖို့ သင်ယူခဲ့ရတယ်။
အဖေ့ဒေါသကြောင့် အမေပါ မခံမရပ်နိုင်ဖြစ်ပြီး ဒေါသတကြီး၊ အော်ကြီးဟစ်ကျယ် စကားများကြတယ်။ ကျွန်တော် အသက် ၁၁ နှစ် ရောက်တော့ မူးယစ်ဆေး သုံးပြီး အရက် သောက်တတ်လာတယ်။ ပိုရန်လိုလာပြီး မကြာခဏ လမ်းပေါ်မှာ ရန်ဖြစ်တယ်။ အထက်တန်းကျောင်း ပြီးသွားတဲ့အချိန်မှာ လူရမ်းကားတစ်ယောက် လုံးလုံး ဖြစ်နေပြီ။
အသက် ၁၈ နှစ် ပြည့်တဲ့အခါ အမေရိကန် ရေတပ်ထဲ ဝင်လိုက်တယ်။ လူတစ်ယောက်ကို ဘယ်လို သတ်ရသလဲဆိုတာ လေ့ကျင့်ခံခဲ့ရတယ်။ ၅ နှစ်ကြာပြီးတဲ့နောက် ဖယ်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရိုမှာ အလုပ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေတပ်က ထွက်ပြီး စိတ်ပညာကို လေ့လာခဲ့တယ်။ အမေရိကန်မှာ ကျွန်တော် တက္ကသိုလ် စတက်တယ်။ ကနေဒါကို ပြောင်းပြီး အဲဒီမှာ ဆက်တက်တယ်။
တက္ကသိုလ်မှာ လူတွေ၊ လူ့အဖွဲ့အစည်းတွေကို ကျွန်တော် စိတ်ပျက်သွားတယ်။ လူတွေဟာ သိပ်တစ်ကိုယ်ကောင်းဆန်တယ်။ လောကမှာ ရှိသမျှဟာ ဘာအဓိပ္ပာယ်မှ မရှိတဲ့ပုံပဲ။ လူ့ပြဿနာတွေကလည်း ဖြေရှင်းနည်း မရှိတဲ့ပုံပေါက်နေတယ်။ ကမ္ဘာကြီး ပိုကောင်းလာအောင် လူတွေ ပြောင်းလဲပေးနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကို ကျွန်တော် စွန့်လွှတ်လိုက်တယ်။
ဘဝရည်ရွယ်ချက် မရှိတော့လို့ အရက်၊ မူးယစ်ဆေး၊ ငွေနဲ့ လိင်ဘက် ပိုလိုက်စားလာတယ်။ ပါတီ တစ်ခုပြီးတစ်ခု တက်တယ်။ အမျိုးသမီး တစ်ယောက်ပြီးတစ်ယောက်နဲ့ လိင်ဆက်ဆံတယ်။ စစ်တပ်မှာ လေ့ကျင့်မှု ရခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိတယ်။ အဲဒါကြောင့် မကြာခဏ ရန်ပွဲတွေမှာ ပါတယ်။ ကျွန်တော်ရဲ့ ကိုယ်ပိုင် တရားမျှတမှုစံနှုန်းနဲ့ မတရားဘူးလို့ ထင်ရင် ကျွန်တော် ဝင်ပါတယ်။ ကျွန်တော် လူရမ်းကား ဖြစ်မှန်းမသိ ဖြစ်လာတယ်။
ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ
တစ်နေ့၊ ကျွန်တော်နဲ့ သူငယ်ချင်း မြေအောက်ခန်းမှာ ဆေးသုံးနေရင်း ဆေးခြောက်တွေကို တရားမဝင် ရောင်းဖို့ ပြင်ဆင်နေတယ်။ အဲဒီအချိန်မှာ သူငယ်ချင်းက ဘုရားကို ယုံသလားလို့ ကျွန်တော့်ကို မေးတယ်။ “ကမ္ဘာမှာ ဖြစ်နေတဲ့ ဆင်းရဲဒုက္ခတွေက ဘုရားကြောင့်ဆိုရင် ဘုရားအကြောင်း ငါမသိချင်ဘူး” လို့ ပြန်ဖြေလိုက်တယ်။ နောက်နေ့ ကျွန်တော် အလုပ်သစ် စဆင်းတဲ့နေ့မှာ ယေဟောဝါသက်သေ အလုပ်ဖော်က “ကမ္ဘာမှာ ဖြစ်နေတဲ့ ဆင်းရဲဒုက္ခတွေဟာ ဘုရားကြောင့်လို့ ထင်သလား” ဆိုပြီး ကျွန်တော့်ကို မေးတယ်။ မနေ့ကပဲ ကျွန်တော် ပြောခဲ့တဲ့အကြောင်းကို သူ မေးလိုက်လို့ အံ့ဩပြီး စိတ်ဝင်စားသွားတယ်။ နောက် ၆ လအတွင်း ကျွန်တော်တို့ အများကြီး ဆွေးနွေးဖြစ်ကြတယ်။ ဘဝနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ အခက်ခဲဆုံး မေးခွန်းတွေကို ကျမ်းစာနဲ့ အဖြေပေးခဲ့တယ်။
အဲဒီတုန်းက ကျွန်တော်နဲ့အတူနေတဲ့ ရည်းစားက ကျွန်တော် သိလာတာတွေကို ပြန်ပြောပြတာ မကြိုက်ဘူး။ ကျမ်းစာ လေ့လာဖို့ သက်သေခံတွေကို အိမ်လာဖို့ ဖိတ်ထားတယ်လို့ တနင်္ဂနွေနေ့တစ်နေ့မှာ သူ့ကို ပြောပြလိုက်တယ်။ နောက်တစ်နေ့ ကျွန်တော် အလုပ်ကနေ အိမ်ပြန်ရောက်တဲ့အခါ အိမ်မှာ ရှိသမျှ ပစ္စည်းတွေကို ယူပြီး သူ ထွက်သွားပြီဆိုတာ တွေ့လိုက်ရတယ်။ ကျွန်တော် အိမ်ပြင်ထွက်ပြီး ငိုချလိုက်တယ်။ ဘုရားကို ဆုတောင်းပြီး ကူညီပေးဖို့ အသနားခံခဲ့တယ်။ ဘုရားနာမည် ယေဟောဝါကို သုံးပြီး ဆုတောင်းတာ အဲဒါ ပထမဆုံးပဲ။—ဆာလံ ၈၃:၁၈။
နောက်နှစ်ရက်အကြာမှာ ယေဟောဝါသက်သေ ဇနီးမောင်နှံနဲ့ ကျွန်တော် ကျမ်းစာ စလေ့လာတယ်။ သူတို့ ပြန်သွားတဲ့အခါ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ် အသက်ရှင်နိုင်သည် စာအုပ်ကို ကျွန်တော် ဆက်ဖတ်လိုက်တာ အဲဒီညမှာပဲ ပြီးသွားတယ်။ a ယေဟောဝါဘုရားနဲ့ သားတော် ယေရှုခရစ်အကြောင်း ကျွန်တော် သိလိုက်ရတာတွေက နှလုံးထဲ စွဲသွားတယ်။ ယေဟောဝါဟာ ကရုဏာကြီးတဲ့အရှင် ဖြစ်တယ်။ ကျွန်တော်တို့ ဒုက္ခရောက်ရင် ဘုရားလည်း နာကျင်ခံစားရတယ်ဆိုတာ သိလာတယ်။ (ဟေရှာယ ၆၃:၉) ကျွန်တော့်ကို ချစ်တဲ့ ဘုရားရဲ့ မေတ္တာ၊ ကျွန်တော့်အတွက် သားတော် စွန့်လွှတ်ခဲ့တဲ့ အပြစ်ဖြေရာ ပူဇော်သက္ကာကြောင့် ကျွန်တော် စိတ်လှုပ်ရှားခဲ့တယ်။ (၁ ယောဟန် ၄:၁၀) ယေဟောဝါက “ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့၊ လူအားလုံးကို နောင်တရစေချင်လို့” ကျွန်တော့်ကို စိတ်ရှည်ခဲ့မှန်း သဘောပေါက်လာတယ်။ (၂ ပေတရု ၃:၉) ကျွန်တော့်ကို ယေဟောဝါ ဆွဲဆောင်တယ်လို့ ခံစားခဲ့ရတယ်။—ယောဟန် ၆:၄၄။
အဲဒီအပတ်မှာပဲ ကျွန်တော် အသင်းတော် အစည်းအဝေး စတက်တယ်။ ဆံပင်ရှည်ရှည်၊ နားကွင်းတွေနဲ့ ကျွန်တော့်ပုံစံက လန့်စရာကောင်းတဲ့ပုံ ထွက်နေတယ်။ ဒါပေမဲ့ သက်သေခံတွေက မတွေ့တာ ကြာတဲ့ ဆွေမျိုးကို ပြန်တွေ့ရသလိုမျိုး ကျွန်တော့်ကို ဝမ်းသာအားရ နှုတ်ဆက်ကြတယ်။ ခရစ်ယာန်စစ်တွေလို ပြုမူကြတယ်။ အဘိုးအဘွားရဲ့ အိမ်ကို ပြန်ရောက်သွားသလို ခံစားရတယ်။ ဒါပေမဲ့ အဲဒါထက်ကို ပိုကောင်းပါတယ်။
ကျမ်းစာကနေ လေ့လာသိရှိတဲ့ အရာတွေကြောင့် ကျွန်တော် စပြောင်းလဲလာတယ်။ ဆံပင် ညှပ်လိုက်တယ်။ လိင်အကျင့်ပျက်တာတွေ မလုပ်တော့ဘူး။ မူးယစ်ဆေးနဲ့ အရက် ဖြတ်လိုက်တယ်။ (၁ ကောရိန္သု ၆:၉၊ ၁၀။ ၁၁:၁၄) ယေဟောဝါရဲ့ နှစ်သက်လက်ခံမှုကို ရချင်တယ်။ ကျွန်တော် လုပ်နေတာကို ဘုရား မကြိုက်ဘူးဆိုတာ သိရင် ဆင်ခြေပေးမနေဘူး။ အဲဒီအစား စိတ်ထဲမှာ နာကျင်ခံစားတယ်။ ‘နောက်တစ်ခါ ဘယ်တော့မှ ဒီလို မလုပ်တော့ဘူး’ လို့ ကိုယ့်ကိုယ်ကိုယ် ပြောတယ်။ အချိန်ဆွဲမနေဘဲ ကျွန်တော့်ရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို ပြောင်းလဲတယ်။ အဲဒါကြောင့် မကြာခင်မှာပဲ ယေဟောဝါရဲ့ နည်းလမ်းအတိုင်း နေထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ခံစားလာရတယ်။ ကျမ်းစာ လေ့လာပြီး ၆ လအကြာ ၁၉၈၉၊ ဇူလိုင် ၂၉ ရက်နေ့မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်တယ်။
အကျိုးကျေးဇူး ခံစားခဲ့ရပုံ
ကျွန်တော့်ရဲ့ အကျင့်စရိုက်တွေ ပြောင်းလဲဖို့ ကျမ်းစာက ကူညီပေးခဲ့တယ်။ အရင်ကဆိုရင် ရန်လိုတဲ့သူတစ်ယောက်နဲ့ တွေ့ရင် အကြမ်းပတမ်း တုံ့ပြန်တတ်တယ်။ အခုတော့ “လူအားလုံးနဲ့ သင့်မြတ်အောင်” ကြိုးစားနေပါတယ်။ (ရောမ ၁၂:၁၈) ကျွန်တော် တော်လို့ မဟုတ်ဘူး။ ကျမ်းစာရဲ့ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း၊ သန့်ရှင်းသော စွမ်းအားတော်နဲ့ ယေဟောဝါ ကူညီပေးခဲ့လို့ ပြောင်းလဲလာနိုင်တာ။—ဂလာတိ ၅:၂၂၊ ၂၃။ ဟီဘရူး ၄:၁၂။
အခုဆိုရင် ကျွန်တော်ဟာ မူးယစ်ဆေး၊ ကြမ်းတမ်းရမ်းကားမှု၊ ကိုယ်ကျင့်တရား ယိုယွင်းမှုရဲ့ ကျွန် ဖြစ်မယ့်အစား ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့၊ ဘုရားကို အတတ်နိုင်ဆုံး ပေးဆက်ဖို့ ကြိုးစားနေတယ်။ ဘုရားအကြောင်း လူတွေ သိလာအောင်လည်း ကူညီပေးနေတယ်။ ကျွန်တော် နှစ်ခြင်းခံပြီး နှစ်အနည်းငယ်အကြာမှာ သတင်းကောင်း ဟောပြောသူတွေ ပိုလိုအပ်တဲ့ တခြားနိုင်ငံတစ်ခုကို ပြောင်းရွှေ့ခဲ့တယ်။ နှစ်တွေတစ်လျှောက်မှာ လူတွေကို ကျမ်းစာအကြောင်း သွန်သင်ပေးပြီး သူတို့ရဲ့ ဘဝတွေ တိုးတက်ကောင်းမွန်လာတာ မြင်တွေ့ရလို့ ပျော်ရွှင်မှု ခံစားခဲ့ရတယ်။ အမေလည်း ကျွန်တော့်ရဲ့ သဘောထား၊ အပြုအမူတွေ ပြောင်းလဲလာတာကို ကြည့်ပြီး ယေဟောဝါသက်သေ ဖြစ်လာလို့ ဝမ်းသာတယ်။
၁၉၉၉ ခုနှစ်တုန်းက အခု သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းလို့ ခေါ်တဲ့ သင်တန်းကို အယ်လ်ဆာဗေဒေါနိုင်ငံမှာ တက်ခဲ့တယ်။ အဲဒီသင်တန်းက သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ ဦးဆောင်ဖို့၊ အသင်းတော်မှာ သွန်သင်ဖို့၊ သိုးထိန်းဖို့ ကျွန်တော့်ကို လေ့ကျင့်ပြင်ဆင်ပေးခဲ့တယ်။ နောက်တစ်နှစ်မှာ ကျွန်တော့် ချစ်ဇနီး ယူဂျီးနီးယားနဲ့ လက်ထပ်ခဲ့တယ်။ ဂွါတီမာလာနိုင်ငံမှာ အချိန်ပြည့် ဟောပြောသူတွေအဖြစ် အမှုဆောင်နေပါတယ်။
အခုတော့ ဘဝက စိတ်ပျက်လက်ပျက် ဖြစ်မယ့်အစား သိပ်ကို ပျော်စရာကောင်းတယ်။ ကျမ်းစာသွန်သင်ချက်တွေကို လိုက်နာတာက လိင်အကျင့်ပျက်မှု၊ ကြမ်းတမ်းရမ်းကားမှုတွေကနေ လွတ်မြောက်စေတယ်။ ဘဝမှာ စစ်မှန်တဲ့ မေတ္တာနဲ့ ငြိမ်သက်အေးချမ်းမှု ခံစားရစေတယ်။
a ယေဟောဝါသက်သေတွေ ကျမ်းစာလေ့လာမှု လုပ်တဲ့အခါ အခု ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်ကို အသုံးပြုပါတယ်။