မာတိကာဆီ ကျော်သွား

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး

“ကျွန်တော်ဟာ ဒေါသအိုးပါ”

“ကျွန်တော်ဟာ ဒေါသအိုးပါ”
  • မွေးဖွားတဲ့နှစ်– ၁၉၇၅

  • ဇာတိ– မက္ကဆီကို

  • နောက်ခံ– ဒေါသအိုး၊ ထောင်ကျဖူးသူ

အတိတ်

 မက္ကဆီကိုနိုင်ငံ၊ ချီအာပါ့စ်ပြည်နယ်၊ စန်ဟွမ် ချန်ကာလာအီတို မြို့ငယ်လေးမှာ ကျွန်တော် မွေးဖွားလာတယ်။ မိသားစုက မာယာနွယ်ဖွား ချိုလ် မျိုးနွယ်စုပါ။ မွေးချင်း ၁၂ ယောက်ထဲမှာ ကျွန်တော်က ငါးယောက်မြောက်ပါ။ ငယ်ငယ်တုန်းက မောင်နှမတွေနဲ့အတူ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာခဲ့တယ်။ လူငယ်ဘဝမှာ ကျမ်းစာအကြံပြုချက်တွေကို မလိုက်နာခဲ့ဘူး။

 ၁၃ နှစ်သားအရွယ်မှာ မူးယစ်ဆေး သုံးပြီး သူများပစ္စည်းတွေ ခိုးတယ်။ အိမ်ကနေ ထွက်ပြီး ခြေဦးတည့်ရာ လျှောက်သွားနေတော့တယ်။ အသက် ၁၆ နှစ်ရောက်တော့ ဆေးခြောက်စိုက်ခင်းမှာ အလုပ်လုပ်တယ်။ တစ်နှစ်လောက်အကြာ တစ်ညမှာ ဆေးခြောက်အတော်များများကို မော်တော်ဘုတ်နဲ့ သယ်သွားတုန်း လက်နက်ကိုင် ပြိုင်ဘက် မူးယစ်ဆေးအဖွဲ့ရဲ့ တိုက်ခိုက်မှု ခံခဲ့ရတယ်။ မြစ်ထဲ ခုန်ဆင်းပြီး ရေငုတ်ပြေးလို့ လွတ်မြောက်သွားတယ်။ အဲဒီနောက် အမေရိကန်ကို ထွက်ပြေးတယ်။

 အမေရိကန် ရောက်တော့ မူးယစ်ဆေး ရောင်းတဲ့အလုပ် ဆက်လုပ်ပြီး ပိုဒုက္ခရောက်သွားတယ်။ အသက် ၁၉ နှစ်မှာ အဖမ်းခံရပြီး လုယက်မှု၊ လူသတ်ရန်ကြံစည်မှုနဲ့ ထောင်ကျသွားတယ်။ ထောင်ထဲမှာလည်း ဂိုဏ်းတစ်ဂိုဏ်းနဲ့ ပေါင်းပြီး နောက်ထပ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်။ ဒါနဲ့ ပဲင်စီလ်ဗေးနီးယားပြည်နယ်က လုံခြုံရေး တင်းကျပ်တဲ့ လူဝစ္စဘာ့ဂ် အကျဉ်းထောင်ကို အပို့ခံရတယ်။

 လူဝစ္စဘာ့ဂ်အကျဉ်းထောင် ရောက်တော့ ကျွန်တော် မိုက်တွင်းနက်လာတယ်။ ကျွန်တော့်မှာ ဂိုဏ်းအမှတ်အသား တက်တူးရှိနေတဲ့အတွက် ထောင်ထဲက ဂိုဏ်းသားတွေနဲ့ အလွယ်တကူ ဆက်သွယ်မိသွားတယ်။ ပိုကြမ်းတမ်းလာပြီး ရန်ပွဲတွေ တစ်ခုပြီးတစ်ခု ဆင်နွှဲနေတော့တယ်။ တစ်ခေါက် ထောင်ဝင်းထဲက ဂိုဏ်းရန်ပွဲတစ်ခုမှာ ဝင်ပါတယ်။ ဘေ့စ်ဘောရိုက်တံတွေ၊ အလေးမ ကိရိယာတွေ သုံးပြီး ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ကြတယ်။ ရန်ပွဲရပ်စေဖို့ ထောင်စောင့်တွေက မျက်ရည်ယိုဗုံးတွေ သုံးရတယ်။ အဲဒီနောက် ထောင်အာဏာပိုင်တွေက ကျွန်တော့်ကို အန္တရာယ်ရှိ အကျဉ်းသားတွေထားတဲ့ အထူးဆောင်ကို ပို့လိုက်တယ်။ ကျွန်တော်က ဒေါသပေါက်ကွဲတတ်၊ ဆဲတတ်တယ်။ ထစ်ခနဲဆို ထိုးနှက်၊ ကန်ကျောက်ပစ်လိုက်တယ်။ အဲဒါကို သဘောကျတာ။ ကျွန်တော့်အပြုအမူအတွက် နောင်တမရခဲ့ဘူး။

သမ္မာကျမ်းစာက ဘဝကို ပြောင်းလဲပေးခဲ့ပုံ

 အထူးဆောင်ရဲ့ အကျဉ်းခန်းထဲမှာပဲ အနေများတဲ့အတွက် အချိန်ကုန်စေဖို့ ကျမ်းစာ စဖတ်တယ်။ နောက်ပိုင်း ထောင်စောင့်တစ်ယောက်က သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ် အသက်ရှင်နိုင်သည် စာအုပ်ကို ပေးတယ်။ a ကျမ်းစာလေ့လာမှု အထောက်အကူပြုတဲ့ ဒီစာအုပ်ကို ဖတ်တဲ့အခါ ကလေးဘဝ သက်သေခံတွေနဲ့ ကျမ်းစာလေ့လာတုန်းက သိခဲ့တာ တော်တော်များများကို ပြန်သတိရလာတယ်။ အဲဒီနောက် စရိုက်ကြမ်းကြောင့် ကျွန်တော့်ဘဝ ဘယ်လောက်တောင် ဆုတ်ယုတ်ကျဆင်းနေသလဲဆိုတာ ပြန်တွေးတယ်။ မိသားစုကိုလည်း သတိရတယ်။ အစ်မတစ်ယောက်နဲ့ ညီမတစ်ယောက်က ယေဟောဝါသက်သေတွေ ဖြစ်နေပြီမို့ ‘သူတို့တော့ ထာဝရအသက် ရမှာပဲ’ လို့ တွေးမိတယ်။ ‘ငါကော ဘာလို့ မဖြစ်နိုင်ရမှာလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ ဒါနဲ့ ပြုပြင်ပြောင်းလဲဖို့ အခိုင်အမာ ဆုံးဖြတ်လိုက်တယ်။

 ဒါပေမဲ့ ပြောင်းလဲဖို့ အကူအညီ လိုမှန်း သိတယ်။ ဒါကြောင့် ယေဟောဝါဘုရားဆီ ပထမဆုံးအကြိမ် ဆုတောင်းတယ်။ ကူညီပေးပါလို့ အသနားခံတယ်။ ပြီးနောက် ယေဟောဝါသက်သေတွေရဲ့ အမေရိကန်ဌာနခွဲရုံးဆီ ကျမ်းစာလေ့လာချင်တဲ့အကြောင်း စာရေးလိုက်တယ်။ ဌာနခွဲရုံးက အနီးအနားက အသင်းတော်ကို ကျွန်တော်နဲ့ ဆက်သွယ်ဖို့ စီစဉ်ပေးတယ်။ အဲဒီအချိန်တုန်းက မိသားစုဝင် မဟုတ်တဲ့ ဧည့်သည်တွေကို ကျွန်တော့်ဆီ လာလည်ခွင့် မပေးဘူး။ ဒါကြောင့် အသင်းတော်က သက်သေခံတစ်ယောက်က ကျွန်တော့်ဆီ အားပေးစာတွေ၊ ကျမ်းစာစာပေတွေ ပို့ပေးတယ်။ ဒါနဲ့ ပြောင်းလဲချင်တဲ့ဆန္ဒ ပြင်းပြလာတယ်။

 နှစ်များစွာ ပူးပေါင်းခဲ့တဲ့ ဂိုဏ်းထဲကနေ ထွက်ဖို့ ဆုံးဖြတ်တဲ့အခါ အတော်လေး ကြိုးစားအားထုတ်ရတယ်။ ဂိုဏ်းခေါင်းဆောင်ကလည်း ဒီအထူးဆောင်မှာ ရှိနေတယ်။ ဒါကြောင့် တစ်ရက် အပန်းဖြေချိန်တစ်ချိန်မှာ သူ့အနား သွားပြီး ယေဟောဝါသက်သေ ဖြစ်ချင်တယ်လို့ ပြောပြလိုက်တယ်။ “တကယ်ဖြစ်ချင်ရင် ဂိုဏ်းထဲနေ ထွက်လိုက်ပေါ့။ ဘုရားကိုတော့ ငါမနှောင့်ယှက်ရဲဘူး။ ဂိုဏ်းထဲကနေ ထွက်ချင်ရုံသက်သက်ဆိုရင်တော့ ဘာဖြစ်မလဲ မင်းသိပါတယ်” လို့ သူပြောတော့ ကျွန်တော် အံ့ဩသွားတယ်။

 နောက်နှစ်နှစ်လောက်ကြာတော့ ထောင်စောင့်တွေက ကျွန်တော့်အမူအကျင့်တွေကို သတိပြုမိလာတယ်။ ဒါကြောင့် ကျွန်တော့်ကို ပိုညှာတာလာကြတယ်။ ဥပမာ၊ ရေချိုးဖို့ ခေါ်သွားတဲ့အခါ လက်ထိတ် မခတ်ကြတော့ဘူး။ ထောင်စောင့်တစ်ယောက်ဆိုရင် ကျွန်တော့်နား လာပြီး ဆက်ပြုပြင်ပြောင်းလဲသွားဖို့ အားပေးခဲ့တယ်။ နောက်ပိုင်း ထောင်အာဏာပိုင်တွေက ဗဟိုအကျဉ်းထောင်အနီး၊ လုံခြုံရေး မတင်းကျပ်တဲ့ အကျဉ်းစခန်းကို ပို့လိုက်ပြီး ထောင်က မလွတ်မချင်း အဲဒီမှာ နေခဲ့ရတယ်။ ထောင်ထဲမှာ ဆယ်နှစ်ကြာပြီးနောက် ၂၀၀၄ ခုနှစ်မှာ ထောင်က လွတ်လာပြီး ထောင်ကားနဲ့ပဲ မက္ကဆီကိုကို အပို့ခံရတယ်။

 မက္ကဆီကို ရောက်တာနဲ့ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာနေရာကို ရှာတယ်။ ပထမဆုံး အစည်းအဝေးကို ထောင်ဝတ်စုံနဲ့ပဲ တက်ခဲ့တယ်။ ကျွန်တော့်မှာ အကောင်းဆိုလို့ အဲဒီဝတ်စုံပဲ ရှိတာ။ သက်သေခံတွေက ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ သူတို့ရဲ့ ကြင်နာမှုကို တွေ့ရတဲ့အခါ စစ်မှန်တဲ့ ခရစ်ယာန်တွေကြားမှာ ရှိနေတယ်လို့ ခံစားရတယ်။ (ယောဟန် ၁၃:၃၅) အဲဒီအစည်းအဝေးမှာ အသင်းတော် အကြီးအကဲတွေက ကျွန်တော် ကျမ်းစာ မှန်မှန်လေ့လာနိုင်အောင် စီစဉ်ပေးကြတယ်။ တစ်နှစ်ကြာပြီးနောက် ၂၀၀၅၊ စက်တင်ဘာ ၃ ရက်နေ့မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံလိုက်တယ်။

 ၂၀၀၇၊ ဇန်နဝါရီလမှာ တခြားသူကို ကျမ်းစာအကြောင်း ပြောပြဖို့ တစ်လကို နာရီ ၇၀ အသုံးပြုရတဲ့ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ စပါဝင်တယ်။ ၂၀၁၁ ခုနှစ်မှာ တစ်ကိုယ်ရေ ညီအစ်ကိုများအတွက် ကျမ်းစာသင်တန်း (ယခုအခေါ် သတင်းကောင်း ဟောပြောသူများအတွက် သင်တန်း) တက်ရောက်ခဲ့တယ်။ ဒီသင်တန်းက အသင်းတော်တာဝန်တွေ ထမ်းဆောင်နိုင်အောင် တကယ့်ကို အထောက်အကူပြုတယ်။

သင့်သင့်မြတ်မြတ် နေတတ်အောင် တခြားသူတွေကို သွန်သင်ပေးရတဲ့အလုပ်မှာ ကျွန်တော် ပျော်မွေ့နေ

 ၂၀၁၃ ခုနှစ်မှာ ချစ်ဇနီး ပယ်လာနဲ့ လက်ထပ်တယ်။ ကျွန်တော့်အတိတ်အကြောင်း ပြောပြတဲ့အခါ သူက မယုံဘူးလို့ ဟာသနှော ပြောတတ်တယ်။ အရင်စရိုက်မျိုး တစ်ခါမှ ပြန်မလုပ်တော့ဘူး။ ကျမ်းစာဟာ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိမှန်း ကျွန်တော့်ဘဝက သက်သေပဲဆိုတာ ကျွန်တော်တို့နှစ်ယောက်စလုံး ယုံကြည်ကြတယ်။—ရောမ ၁၂:၂

အကျိုးကျေးဇူး ရရှိခဲ့ပုံ

 လုကာ ၁၉:၁၀ မှာပါတဲ့ ယေရှုရဲ့စကား ကျွန်တော့်မှာ ပြည့်စုံတယ်လို့ ခံစားရတယ်။ ယေရှုက “ပျောက်တဲ့သူတွေကို ရှာပြီး ကယ်တင်ဖို့ ရောက်လာတာ” လို့ပြောထားတယ်။ ဘဝမှာ လမ်းစပျောက်နေတယ်လို့ မခံစားရတော့ဘူး။ တခြားသူတွေ ထိခိုက်နာကျင်အောင်လည်း မလုပ်တော့ဘူး။ ကျမ်းစာ အကူအညီနဲ့ တကယ်ကောင်းတဲ့ ဘဝရည်ရွယ်ချက် ရှိနေပြီ။ တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် နေထိုင်တတ်ပြီ။ အရေးကြီးဆုံးကတော့က ဖန်ဆင်းရှင် ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေပြီ။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေတွေ ထုတ်ဝေခဲ့ပေမဲ့ ပုံမနှိပ်တော့ပါ။ အခု ကျမ်းစာလေ့လာမှု အထောက်အကူပြု အဓိကစာအုပ်က ပျော်စရာဘဝ ထာဝရ စံစားကြ ဖြစ်ပါတယ်။