မာတိကာဆီ ကျော်သွား

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး

“ကျွန်တော်ဟာ ရက်စက်ကြမ်းကြုတ်သူ မဟုတ်တော့ဘူး”

“ကျွန်တော်ဟာ ရက်စက်ကြမ်းကြုတ်သူ မဟုတ်တော့ဘူး”
  • မွေးဖွားတဲ့နှစ်။ ၁၉၇၃

  • နေရင်းနိုင်ငံ။ ယူဂန်ဒါ

  • ဘဝနောက်ခံ။ ကြမ်းတမ်းရမ်းကားပြီး အကျင့်ပျက်တဲ့ အရက်သမား

အတိတ်

 ယူဂန်ဒါနိုင်ငံ၊ ဂိုဘာခရိုင်မှာ ကျွန်တော့်ကို မွေးဖွားခဲ့တယ်။ အဲဒီက လူအများစုဟာ ဆင်းရဲမွဲတေကြတယ်။ ကျွန်တော်တို့မြို့မှာ လျှပ်စစ်မီးမရှိလို့ ညဆိုရင် ရေနံဆီ မီးအိမ်တွေ သုံးရတယ်။

 လယ်သမားတွေဖြစ်တဲ့ မိဘတွေဟာ ရဝမ်ဒါကနေ ယူဂန်ဒါကို ပြောင်းရွှေ့လာကြသူတွေပါ။ ကော်ဖီနဲ့ ငှက်ပျောစိုက်တယ်။ ငှက်ပျောသီးကနေ ဝါရာဂီလို့ခေါ်တဲ့ အရက်တစ်မျိုး ချက်တယ်။ ကြက်၊ ဆိတ်၊ ဝက်၊ နွားတွေ မွေးတယ်။ ယဉ်ကျေးမှုနဲ့ ကြီးပြင်းလာတဲ့ နောက်ခံအရ မိန်းမက ယောက်ျားရဲ့စကားကို အမြဲနားထောင်ရမယ်။ ဘာမှပြန်မပြောရဘူးလို့ ကျွန်တော် ခံယူထားတယ်။

 ကျွန်တော့်အသက် ၂၃ နှစ်မှာ ရဝမ်ဒါကို ပြောင်းခဲ့တယ်။ အဲဒီမှာ ကျွန်တော့်သက်တူရွယ်တူ ယောက်ျားလေးတွေနဲ့ အက ကလပ်တွေ သွားတယ်။ ကလပ်တစ်ခုကို ကျွန်တော် မကြာမကြာ သွားလို့ အဲဒီက မန်နေဂျာက အခမဲ့ဝင်လို့ရအောင် ကျွန်တော့်ကို ကတ်တစ်ခု ပေးတယ်။ တိုက်ခိုက်ခန်းတွေ၊ ကွက်ကွက်ကွင်းကွင်း အကြမ်းဖက်ခန်းတွေပါတဲ့ ရုပ်ရှင်တွေကိုလည်း ကျွန်တော် ကြိုက်တယ်။ ဝန်းကျင်နဲ့ ဖျော်ဖြေရေးရဲ့ လွှမ်းမိုးမှုကြောင့် ကျွန်တော်ဟာ ကြမ်းတမ်းရမ်းကားပြီး ကိုယ်ကျင့်တရားပျက်တဲ့ အရက်သမား ဖြစ်လာတယ်။

 ၂၀၀၀ ပြည့်နှစ်မှာ စကိုလာစ်တီ ကာဘာဂွီရာ ဆိုတဲ့ အမျိုးသမီးနဲ့ စပြီး အတူနေတယ်။ ကျွန်တော်တို့ ကလေး ၃ ယောက် ရလာတယ်။ ကျွန်တော် ငယ်ငယ်က သိခဲ့ရတဲ့အတိုင်း သူ ကျွန်တော့်ကို နှုတ်ဆက်တဲ့အခါ၊ တစ်ခုခု တောင်းဆိုချင်တဲ့အခါ ကျွန်တော့်ရှေ့မှာ ဒူးထောက်ရတယ်။ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်ရာအားလုံးက ကျွန်တော့်ပစ္စည်းတွေ ဖြစ်တယ်။ ကျွန်တော် လုပ်ချင်သလို လုပ်လို့ရတယ်လို့ ခံယူထားတယ်။ ညဘက်ဆို အပြင်ထွက်ပြီး မနက် သုံးနာရီလောက်မှ မူးပြီး အိမ်ပြန်လာတတ်တယ်။ တံခါးခေါက်လို့ စကိုလာစ်တီ ချက်ချင်း လာမဖွင့်ပေးရင် ကျွန်တော် သူ့ကို ရိုက်တယ်။

 အဲဒီအချိန်တုန်းက ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုမှာ အလုပ်ကြီးကြပ်မှူးအနေနဲ့ ကျွန်တော် အလုပ်လုပ်နေပြီး လစာလည်း ကောင်းတယ်။ အိမ်မှာ စကိုလာစ်တီက သူနဲ့အတူ ပင်တီကော်စတယ်ချာ့ချ်တက်ဖို့ ကျွန်တော့်ကို ဆွယ်တယ်။ အဲဒါက ကျွန်တော့်ကို ပြောင်းလဲစေမယ်လို့ သူထင်နေတာ။ ဒါပေမဲ့ ကျွန်တော် စိတ်မဝင်စားဘူး။ အဲဒီအစား တခြားအမျိုးသမီးတစ်ယောက်နဲ့ ဇာတ်လမ်းရှုပ်နေတယ်။ ကျွန်တော့်ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ ကိုယ်ကျင့်တရား ပျက်မှုကြောင့် စကိုလာစ်တီဟာ ကလေးသုံးယောက်ကို ခေါ်ပြီး သူ့မိဘအိမ် ဆင်းသွားတယ်။

 အသက်ကြီးတဲ့ မိတ်ဆွေတစ်ယောက်က ကျွန်တော့်ရဲ့ ဘဝပုံစံအကြောင်း ပြောလာတယ်။ စကိုလာစ်တီဆီ ပြန်သွားဖို့ ကျွန်တော့်ကို တိုက်တွန်းတယ်။ ချစ်စရာကောင်းတဲ့ ကျွန်တော့်ရဲ့ကလေးတွေဟာ အဖေနဲ့ ခွဲမနေသင့်ဘူးလို့ သူပြောတယ်။ ဒါနဲ့ ၂၀၀၅ ခုနှစ်မှာ ကျွန်တော် အရက် ဖြတ်လိုက်တယ်။ တခြားအမျိုးသမီးနဲ့လည်း လမ်းခွဲပြီး စကိုလာစ်တီဆီ ပြန်သွားတယ်။ ၂၀၀၆ ခုနှစ်မှာ ကျွန်တော်တို့ လက်ထပ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ကြမ်းတမ်းနေဆဲ၊ မိန်းမကို အနိုင်ကျင့်နေဆဲပဲ။

သမ္မာကျမ်းစာက ဘဝကို ပြောင်းလဲပေးခဲ့ပုံ

 ၂၀၀၈ ခုနှစ်မှာ ဂျိုးလို့ခေါ်တဲ့ ယေဟောဝါသက်သေတစ်ယောက် ကျွန်တော်တို့အိမ်ကို ရောက်လာတယ်။ သူပြောတာကို ကျွန်တော် နားထောင်ခဲ့တယ်။ သူနဲ့ ယေဟောဝါသက်သေ နောက်တစ်ယောက်ဖြစ်တဲ့ ဘွန်နဗန်ထရူးက ကျွန်တော့်ဆီ လအတော်ကြာ ပုံမှန် လာလည်ပတ်ပြီး ကျမ်းစာ အကြိတ်အနယ် ဆွေးနွေးဖြစ်ခဲ့ကြတယ်။ ကျွန်တော်က ကျမ်းစာမေးခွန်းတွေ အများကြီး မေးတယ်။ အထူးသဖြင့် ဗျာဒိတ်ကျမ်းအကြောင်း မေးတယ်။ တကယ်တော့ ယေဟောဝါသက်သေတွေ မှားနေတယ်ဆိုတာ သက်သေပြဖို့ ကျွန်တော် ကြိုးစားနေတာ။ ဥပမာ၊ ဗျာဒိတ်ကျမ်း ၇:၉ မှာပါတဲ့ “လူအုပ်ကြီး” ဟာ ဘုရားသခင်ရဲ့ “ရာဇပလ္လင်နဲ့ သိုးသငယ် [ယေရှုခရစ်] ရှေ့မှာ ရပ်နေ” တယ်လို့ ပြောထားရက်နဲ့ ဘာကြောင့် ကမ္ဘာပေါ်မှာ နေထိုင်မယ်လို့ ပြောရတာလဲလို့ ကျွန်တော် မေးတယ်။ ဂျိုးက ကျွန်တော့်မေးခွန်းတွေကို စိတ်ရှည်ရှည် ဖြေပေးတယ်။ ဥပမာ၊ ဟေရှာယ ၆၆:၁ မှာ ကမ္ဘာမြေကို ဘုရားရဲ့ “ခြေတင်ခုံ” လို့ ပြောထားတယ်။ ဒါကြောင့် လူအုပ်ကြီးဟာ ဘုရားသခင့်ပလ္လင်ရှေ့ဖြစ်တဲ့ ကမ္ဘာပေါ်မှာ ရပ်နေတာလို့ သူ ရှင်းပြတယ်။ ပြီးတော့ ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေမှာ ထာဝစဉ် နေထိုင်ရမယ်လို့ ပြောထားတဲ့ ဆာလံ ၃၇:၂၉ ကိုလည်း ကျွန်တော် ဖတ်တယ်။

 နောက်ဆုံးတော့ ကျွန်တော် ကျမ်းစာလေ့လာဖို့ သဘောတူလိုက်တယ်။ ဒါနဲ့ ဘွန်နဗန်ထရူးနဲ့ ကျွန်တော်တို့လင်မယား ကျမ်းစာလေ့လာတယ်။ ကျမ်းစာလေ့လာတဲ့အခါ ကျွန်တော့်ဘဝကို ပြုပြင်ပြောင်းလဲဖို့ လှုံ့ဆော်ခံရတယ်။ ဇနီးကို လေးလေးစားစား ဆက်ဆံရမယ်ဆိုတာ သိလာတယ်။ ကျွန်တော့်ကို နှုတ်ဆက်တဲ့အခါ၊ တစ်ခုခု တောင်းဆိုတဲ့အခါ သူ့ကို ဒူးမထောက်ခိုင်းတော့ဘူး။ မိသားစုပိုင်ပစ္စည်းတွေက ကျွန်တော်တစ်ယောက်တည်း ပိုင်တာလို့ မပြောတော့ဘူး။ အကြမ်းဖက်ရုပ်ရှင်တွေလည်း မကြည့်တော့ဘူး။ အဲဒီလို အပြောင်းအလဲတွေလုပ်ဖို့ တော်တော်ခက်တယ်။ ချုပ်တည်းမှုနဲ့ နှိမ့်ချမှု အတော်လိုအပ်ခဲ့တယ်။

ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ဖို့ ကျမ်းစာက ကျွန်တော့်ကို ကူညီပေးခဲ့

 အဲဒီမတိုင်ခင် နှစ်အနည်းငယ်တုန်းမှာ အကြီးဆုံးသား ခရစ္စယန်ကို ယူဂန်ဒါက အမျိုးတွေဆီ ပို့ထားတယ်။ တရားဟောရာ ၆:၄-၇ ကိုဖတ်ပြီးတဲ့အခါ သားသမီးတွေကို ဘုရားတရားအကြောင်း သင်ပေးခြင်း အပါအဝင်၊ သူတို့ကို ပြုစုစောင့်ရှောက်ရမယ့်တာဝန်က ကျွန်တော်တို့လင်မယားရဲ့ ဘုရားပေးတာဝန်ဆိုတာ သိလာတယ်။ သားကို အိမ်ပြန်ခေါ်လိုက်လို့ သားရော ကျွန်တော်တို့ပါ ဝမ်းသာခဲ့ကြတယ်။

အကျိုးကျေးဇူး ခံစားခဲ့ရပုံ

 ယေဟောဝါဟာ ကရုဏာရှင်ဆိုတာ ကျွန်တော် သိလာတယ်။ ကျွန်တော့်ရဲ့ အတိတ်က သဘောထားတွေ၊ လုပ်ရပ်တွေကို ဘုရားခွင့်လွှတ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။ စကိုလာစ်တီလည်း ကျွန်တော်နဲ့အတူ ကျမ်းစာလေ့လာလို့ သိပ်ဝမ်းသာတယ်။ ကျွန်တော်တို့ ယေဟောဝါဆီ ဆက်ကပ်အပ်နှံခဲ့ကြပြီး ၂၀၁၀၊ ဒီဇင်ဘာ ၄ ရက်နေ့မှာ နှစ်ခြင်းခံခဲ့ကြတယ်။ အခု ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်စိတ်ချမှု ရှိတယ်။ မိသားစုမှာ ကျမ်းစာအခြေခံမူတွေကို ပျော်ပျော်ရွှင်ရွှင် လိုက်လျှောက်နေကြတယ်။ ကျွန်တော် အလုပ်ပြီးရင် အိမ်ကိုတန်းပြန်လို့ ကျွန်တော့်ဇနီး သိပ်ပျော်တယ်။ သူ့ကို ဂုဏ်သိက္ခာရှိရှိ၊ လေးလေးစားစား ဆက်ဆံလို့၊ ကျွန်တော် အရက်မသောက်တော့လို့၊ ရက်စက်ကြမ်းကြုတ်သူ မဟုတ်တော့လို့ သူ သိပ်ပျော်တယ်။ ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့အသင်းတော်ကို ကူညီပေးဖို့ အကြီးအကဲအဖြစ် ကျွန်တော် ခန့်အပ်ခံရတယ်။ ကျွန်တော့်ကလေး ငါးယောက်ထဲက သုံးယောက် နှစ်ခြင်းခံပြီးပြီ။

 ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတဲ့အခါ သူတို့ပြောသမျှကို ကျွန်တော် မျက်စိမှိတ် မယုံခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော့်မေးခွန်းတွေကို ကျမ်းစာသုံးပြီး အဖြေပေးတာကိုတော့ အထင်ကြီးခဲ့တယ်။ ဘုရားမှန်ကို ဝတ်ပြုသူတွေဟာ ဘုရားရဲ့ စံနှုန်းအားလုံးနဲ့အညီ နေထိုင်သင့်တယ်၊ ကိုယ်ကြိုက်တဲ့အပိုင်းကိုပဲ လိုက်နာလို့မရမှန်း ကျွန်တော်နဲ့ စကိုလာစ်တီ ပိုသဘောပေါက်လာတယ်။ ယေဟောဝါဘုရားက ကျွန်တော့်ကို သွေးဆောင်ခဲ့လို့၊ ဘုရားရဲ့မိသားစုဝင် ဖြစ်ခွင့်ရလို့ ယေဟောဝါကို ကျေးဇူးတင်လို့ မဆုံးဘူး။ ကျွန်တော့်ဘဝနောက်ကြောင်းကို ပြန်ကြည့်လိုက်တဲ့အခါ စိတ်ရင်းမှန်သူ ဘယ်သူမဆို ဘုရားရဲ့မျက်နှာသာရအောင် ဘုရားအကူအညီနဲ့ ပြောင်းလဲနိုင်တယ်ဆိုတာ ကျွန်တော် ယုံကြည်စိတ်ချတယ်။