မာတိကာဆီ ကျော်သွား

ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး

အကောင်းတကာ့ အကောင်းဆုံးဆု

အကောင်းတကာ့ အကောင်းဆုံးဆု
  • မွေဖွားတဲ့နှစ်။ ၁၉၆၇

  • နေရင်းနိုင်ငံ။ ဖင်လန်

  • ဘဝနောက်ခံ။ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမား

အတိတ်

 ဖင်လန်နိုင်ငံ၊ တမ်ပဲရယ်မြို့ ဆင်ခြေဖုံးက စိမ်းလန်းစိုပြည်၊ ဆိတ်ငြိမ်တဲ့ရပ်ကွက်မှာ ကျွန်တော် ကြီးပြင်းလာတယ်။ မိသားစုက ဘာသာရေးကို သိပ်အလေးမထားပေမဲ့ ပညာရေးနဲ့ အမူအကျင့်ကောင်း ရှိရေးကိုတော့ အလေးထားတယ်။ အမေက ဂျာမန်ဆိုတော့ အနောက်ဂျာမနီမှာနေတဲ့ အဘိုးအဘွားတွေဆီ ကျွန်တော် ငယ်ငယ်တုန်းက မကြာမကြာ သွားလည်ဖူးတယ်။

 ကျွန်တော်ဟာ အားကစားကို ကလေးဘဝ ကတည်းက ဝါသနာပါတယ်။ ငယ်ငယ်တုန်းက အားကစားမျိုးစုံ ဆော့ကစားတယ်။ ၁၄ နှစ်အရွယ်ရောက်တော့ တင်းနစ်တစ်မျိုးတည်းကို ကစားတယ်။ အသက် ၁၆ နှစ်မှာ တစ်ရက်ကို သုံးကြိမ် လေ့ကျင့်တယ်။ ပရော်ဖက်ရှင်နယ် လေ့ကျင့်ရေးသင်တန်းမှာ နှစ်ကြိမ်၊ ညနေပိုင်းမှာ တစ်ယောက်တည်း တစ်ကြိမ် လေ့ကျင့်တယ်။ ကစားနည်းကဏ္ဍမျိုးစုံကို ကျွန်တော် သိပ်စိတ်ဝင်စားတယ်။ တင်းနစ်ကတော့ ကျွန်တော့်ရဲ့ စိတ်ဓာတ်ပိုင်း၊ ကာယပိုင်း ကြံ့ခိုင်မှုအတွက် စိန်ခေါ်မှုဖြစ်တဲ့ ကစားနည်းတစ်ခုပါပဲ။ သူငယ်ချင်းတွေနဲ့ စုဆုံပြီး မကြာမကြာ ဘီယာသောက်ပေမဲ့ မူးယစ်ဆေးဝါး၊ အရက်သေစာကြောင့် ပြဿနာ မကြုံဖူးဘူး။ ကျွန်တော့်ဘဝမှာ တင်းနစ်က အဓိကပဲ။ တင်းနစ်ကစားတာနဲ့ ချာလပတ်လည်နေတော့တယ်။

 အသက် ၁၇ နှစ်မှာ ATP ပြိုင်ပွဲမှာ ဝင်ပြိုင်တယ်။ a တစ်ပွဲပြီးတစ်ပွဲ အနိုင်ရပြီးနောက် နိုင်ငံအတွင်း လူသိများလာတယ်။ အသက် ၂၂ နှစ်မှာ ကမ္ဘာ့ထိပ်တန်း တင်းနစ်ကစားသမား ၅၀ အဝင် ဖြစ်လာတယ်။

 နှစ်အတော်ကြာကြာ နိုင်ငံအသီးသီးကို လှည့်လည်ပြီး ကျွန်တော် တင်းနစ်ကစားခဲ့တယ်။ စွဲမက်စရာ နေရာဒေသတွေ မြင်ခဲ့ရသလို ရာဇဝတ်မှု၊ မူးယစ်ဆေးအလွဲသုံးမှု၊ ပတ်ဝန်းကျင်ဆိုင်ရာ အရေးကိစ္စ စတဲ့ ကမ္ဘာချီပြဿနာတွေကိုလည်း သတိထားမိတယ်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုကို ရောက်တော့ ရာဇဝတ်မှုတွေ များလွန်းတဲ့ ဘယ်မြို့၊ ဘယ်နေရာကို သွားမလည်ကြနဲ့လို့ ကျွန်တော်တို့ကို ပြောတယ်။ စိတ်မချမ်းသာစရာတွေပဲ။ ကျွန်တော် ဝါသနာပါတာ လုပ်နေရပေမဲ့လည်း တစ်နေ့တာ အလုပ်ပြီးသွားရင် တစ်ခုခု လိုနေတယ်လို့ ခံစားရတယ်။

ကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးပုံ

 ကျွန်တော့်ချစ်သူ စန္နာက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ ဘာသာရေးကို သူ စိတ်ဝင်စားလို့ ကျွန်တော် နည်းနည်း ရယ်ချင်ပေမဲ့ ကျမ်းစာလေ့လာတာကို မတားပါဘူး။ ၁၉၉၀ ခုနှစ်မှာ မင်္ဂလာဆောင်ပြီး နောက်တစ်နှစ်မှာ ယေဟောဝါသက်သေအဖြစ် သူနှစ်ခြင်းခံတယ်။ ကျွန်တော်ကတော့ ဘုရားရှိတယ်ဆိုတာ ယုံပေမဲ့ ဘာသာရေးလိုက်စားသူ မဟုတ်ဘူး။ ဂျာမန်အဘွားဟာ ကျမ်းစာ အမြဲဖတ်လေ့ရှိတာ ပြန်သတိရမိတယ်။ ကျွန်တော့်ကို ဆုတောင်းနည်းတောင် သင်ပေးဖူးတယ်။

 တစ်နေ့၊ စန္နာနဲ့ ကျွန်တော် သက်သေခံမောင်နှံစုံဆီ သွားလည်တော့ ခင်ပွန်းသည် ကာရီက “နောက်ဆုံးကာလ” နဲ့ပတ်သက်တဲ့ ကျမ်းစာပရောဖက်ပြုချက်ကို ပြတယ်။ (၂ တိမောသေ ၃:၁-၅) ကျွန်တော် သိပ်အံ့ဩသွားတယ်။ ဒါကြောင့် ကမ္ဘာ့အခြေအနေ ဒီလောက်ဆိုးနေတာကိုး။ အဲဒီနေ့မှာ ဘာသာရေးအကြောင်း သိပ်မပြောဖြစ်ကြဘူး။ ဒါပေမဲ့ အဲဒီအချိန်ကစလို့ ကာရီနဲ့ ကျမ်းစာအကြောင်း ပြောဖြစ်လာတယ်။ သိရတဲ့အကြောင်းအရာ မှန်သမျှ အဓိပ္ပာယ်ရှိတယ်။ ကျွန်တော်ဟာ အလုပ်များတဲ့သူ၊ ခဏခဏ ခရီးထွက်ရသူ ဖြစ်လို့ မှန်မှန် မတွေ့ဖြစ်ပေမဲ့ ကာရီ လက်မလျှော့ခဲ့ပါဘူး။ လေ့လာချိန်မှာ ကျွန်တော် မေးတဲ့မေးခွန်းတွေကို စာနဲ့ ပြန်ဖြေလေ့ရှိတယ်။ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးမေးခွန်းတွေကို ကျမ်းစာက ယုတ္တိရှိရှိ အဖြေပေးထားတာပဲ။ ဘုရားသခင့်နိုင်ငံတော်က ဘုရားရဲ့ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ပေးမယ်ဆိုတဲ့ ကျမ်းစာရဲ့ အဓိကအကြောင်းကို တဖြည်းဖြည်း နားလည်လာတယ်။ ဘုရားရဲ့နာမည် ယေဟောဝါ ဖြစ်မှန်း သိရတာ၊ ဘုရား ပြုလုပ်ပေးထားတာတွေကို သိမြင်ရတာ စိတ်စွဲမှတ်စရာကောင်းတယ်။ (ဆာလံ ၈၃:၁၈) ရင်ထဲ အထိမိဆုံးအချက်ကတော့ ရွေးဖိုးပူဇော်သက္ကာ အစီအစဉ်ပဲ။ ဒါက နည်းပညာ လုပ်ထုံးလုပ်နည်း၊ တရားရေး လုပ်ထုံးလုပ်နည်းတစ်ခုသာ မဟုတ်ဘဲ လူတွေကို ဘုရား ဘယ်လောက် ချစ်မှန်း သိစေတယ်။ (ယောဟန် ၃:၁၆) ဘုရားရဲ့မိတ်ဆွေ ဖြစ်လာပြီး လှပတဲ့ပရဒိသုမှာ ထာဝစဉ် အသက်ရှင်နိုင်တဲ့ အခွင့်အရေး ရှိကြောင်းကိုလည်း သိလာတယ်။ (ယာကုပ် ၄:၈) “ဒါတွေအတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြရမလဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။

 ကျွန်တော့်ဘဝကို ပြန်သုံးသပ်ကြည့်တယ်။ ပေးကမ်းခြင်းက အလွန်ပျော်ရွှင်စေမှန်း ကျမ်းစာကနေ သိလာရလို့ ကိုယ့်ယုံကြည်ချက်ကို ပြန်ဝေမျှပေးချင်လာတယ်။ (တမန်တော် ၂၀:၃၅) ပရော်ဖက်ရှင်နယ် အားကစားသမားတစ်ယောက် ဖြစ်လို့ တစ်နှစ်မှာ ရက် ၂၀၀ လောက် ပြိုင်ပွဲဝင်ခရီး ထွက်နေရတယ်။ မိသားစု စားဝတ်နေရေးက ကျွန်တော့်လေ့ကျင့်မှု၊ ကျွန်တော့်အလုပ်အကိုင်ပေါ် မူတည်နေတယ်။ ပြောင်းလဲမှ ဖြစ်တော့မယ်။

 ဘာသာရေးကြောင့် အလားအလာကောင်းတဲ့ အားကစားအလုပ်ကနေ အနားယူလိုက်ဖို့ ဆုံးဖြတ်တာကို လူအများစု နားမလည်နိုင်မှန်း သိပါတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားအကြောင်း ကောင်းကောင်း သိလာပြီး ထာဝစဉ် အသက်ရှင်ရမယ့် အခွင့်အရေးက တင်းနစ်ကစားလို့ရတဲ့ ဘယ်လိုဆုမျိုးထက်မဆို အပြတ်သာပါတယ်။ ဒါကြောင့် လူတွေ ဘာပြောမလဲဆိုတာကို အာရုံမစိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်တဲ့အတိုင်း လုပ်နိုင်ခဲ့တယ်။ ဖိစီးမှုတွေ တွန်းလှန်ရာမှာ ကျွန်တော့်ကို အားရှိစေတဲ့ ကျမ်းချက်ကတော့ “ငါ့ဘက်မှာ ယေဟောဝါ ရှိတဲ့အတွက် ဘာကိုမှ မကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ” ဆိုတဲ့ ဆာလံ ၁၁၈:၆ ပါ။

 အဲဒီအချိန်လောက်မှာ စပွန်ဆာပေးသူတချို့က တင်းနစ်ကစားရင်း နှစ်ပေါင်းများစွာ မကြောင့်မကျ နေနိုင်မယ့် မက်လောက်စရာ အလုပ်အကိုင်တစ်ခု ကျွန်တော့်ကို ကမ်းလှမ်းကြတယ်။ ဆုံးဖြတ်ထားပြီးသားဖြစ်လို့ သူတို့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းလိုက်တယ်။ နောက်တော့ ATP ပြိုင်ပွဲတွေကနေ အနားယူလိုက်တယ်။ ကျမ်းစာကို ဆက်လေ့လာပြီး ၁၉၉၄၊ ဇူလိုင် ၂ ရက်နေ့မှာ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံခဲ့တယ်။

အကျိုးကျေးဇူး ခံစားခဲ့ရပုံ

 ကျွန်တော်ဟာ အဖြစ်ဆိုးကြုံရလို့ ဘုရားကို သတိရသွားသူ မဟုတ်သလို အမှန်တရားကို ရှာနေတဲ့သူလည်း မဟုတ်ပါဘူး။ မတောင့်မတ မပူမပင် နေရလို့ ကျွန်တော့ဘဝ အဆင်ပြေနေပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ ကျမ်းစာအမှန်တရား သိလိုက်ရတယ်။ အသက်ရှင်ရတာ ပိုအဓိပ္ပာယ် ရှိလာတယ်။ ပိုပျော်လာတယ်။ မိသားစုနှောင်ကြိုး ပိုခိုင်မြဲလာတယ်။ ပိုစည်းလုံးလာတယ်။ အားကစားသမားအဖြစ် မဟုတ်ဘဲ ခရစ်ယာန်တွေအဖြစ် အဖေ့ခြေရာ နင်းတဲ့ သားသုံးယောက် ရထားလို့လည်း ဝမ်းသာမဆုံးပါဘူး။

 တင်းနစ်ကစားရတာကို ကျွန်တော် ဝါသနာပါနေဆဲပါ။ ဒီနှစ်တွေတစ်လျှောက် စားဝတ်နေရေးအတွက် တင်းနစ်နဲ့ပတ်သက်တဲ့အလုပ် ဆက်လုပ်နေတုန်းပါ။ နည်းပြလုပ်လိုက် တင်းနစ်စင်တာတစ်ခုမှာ မန်နေဂျာ လုပ်လိုက်နဲ့ပေါ့။ ဒါပေမဲ့ အားကစားက ကျွန်တော့်ဘဝမှာ အဓိက မဟုတ်တော့ဘူး။ အရင်တုန်းကတော့ ထူးချွန်တဲ့ကစားသမား ဖြစ်ဖို့၊ ချန်ပီယံ ဖြစ်ဖို့ အပတ်တိုင်းလိုလို နာရီပေါင်းများစွာ လေ့ကျင့်ခဲ့တယ်။ အခုတော့ ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့တဲ့ ကျမ်းစာအခြေခံမူတွေကို တခြားသူတွေ သိလာပြီး လက်တွေ့ကျင့်သုံးကြဖို့ ကူညီပေးတဲ့လုပ်ငန်းမှာ သတင်းကောင်းဟောသူအနေနဲ့ အချိန်ပြည့် ပါဝင်နေပါတယ်။ ယေဟောဝါဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိဖို့ ဦးစားပေးနေလို့၊ အနာဂတ် မျှော်လင့်ချက်အကြောင်း တခြားသူတွေကို ဝေမျှပေးနေရလို့ ကျွန်တော် ပျော်ရွှင်ချမ်းမြေ့နေပါတယ်။​—၁ တိမောသေ ၆:၁၉

a ATP ဆိုတာ ပရော်ဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ်အတွက် အတိုကောက်ပါ။ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားပွဲတွေကို ထိန်းချုပ်နေတဲ့အဖွဲ့ ဖြစ်တယ်။ ATP ပရော်ဖက်ရှင်နယ် လှည့်လည်ပြိုင်ပွဲ ကျင်းပတဲ့အခါ အနိုင်ရသူတွေကို ရမှတ်နဲ့ ငွေသားဆု ချီးမြှင့်လေ့ရှိတယ်။ ပြိုင်ပွဲတစ်လျှောက် တင်းနစ်ကစားသမားရဲ့ စုစုပေါင်းရမှတ်ပေါ် မူတည်ပြီး ကမ္ဘာ့အဆင့် သတ်မှတ်ကြတယ်။