မာတိကာဆီ ကျော်သွား

ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ—ဂိုင်ယာနာမှာ

ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ—ဂိုင်ယာနာမှာ

 “ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ရလို့ ခံစားရတဲ့ ပျော်ရွှင်မှုကို ဖော်ပြနိုင်တဲ့ စကားလုံး မရှိဘူး” လို ဂျော့ရှူဝါ ပြောတယ်။ သူဟာ အမေရိကန်နိုင်ငံမှာ နေပေမဲ့ ဂိုင်ယာနာမှာ ခဏအမှုဆောင်ခဲ့သူပါ။ ဒီဖြစ်ထွန်းအောင်မြင်တဲ့ တောင်အမေရိကနိုင်ငံမှာ အမှုဆောင်ခဲ့တဲ့ တခြားသက်သေခံတွေလည်း အဲဒီအတိုင်း ပြောပြကြတယ်။ a ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်သူတွေဆီကနေ ဘာသင်ယူနိုင်သလဲ။ သင်လည်း တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ ဆန္ဒရှိမယ်ဆိုရင် သူတို့ရဲ့ တွေ့ကြုံမှုက သင့်အတွက် ဘယ်လို အထောက်အကူဖြစ်နိုင်မလဲ။

သူတို့ကို ဘာက လှုံ့ဆော်ပေးသလဲ

လိုင်နယ်

 ဂိုင်ယာနာကို မရွှေ့ပြောင်းခင် ညီအစ်ကို လိုင်နယ်ဟာ သူနေထိုင်ရာ အမေရိကန်နိုင်ငံက ပုံမှန်ဟောပြောလေ့ မရှိတဲ့ ရပ်ကွက်မှာ ဟောပြောခဲ့တယ်။ “ကျွန်တော်တို့ လူအယောက်၂၀ လောက် အနောက် ဗာဂျီးနီးယားပြည်နယ်က ကျေးလက်တောရွာတွေမှာ ဟောပြောဖို့ တာဝန်ရခဲ့တယ်။ အဲဒီ နှစ်ပတ်အတွင်း ပေါင်းသင်းမှုနဲ့ ဟောပြောခြင်းလုပ်ငန်းကြောင့် ကျွန်တော့်ဘဝ အကြီးအကျယ် ပြောင်းလဲသွားတယ်။ ယေဟောဝါအမှုကို အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ အရင်ကထက် ပိုစိတ်ထက်သန်လာတယ်။”

အဲရီကာနဲ့ ဂါသ်

 ဂါသ်နဲ့ အဲရီကာဆိုတဲ့ ဇနီးမောင်နှံဟာ တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ အလေးအနက် စဉ်းစားမိကြပြီး ဂိုင်ယာနာကို ရွေးချယ်ခဲ့ကြတယ်။ ဘာကြောင့်လဲ။ “အဲဒီကို ပြောင်းရွှေ့သွားတဲ့ ဇနီးမောင်နှံတစ်တွဲကို ကျွန်မတို့ သိတယ်။ သူတို့ စိတ်ပါလက်ပါ လုပ်ဆောင်နေတာ၊ ပျော်ရွှင်နေတာကို ကြည့်ပြီး ကျွန်မတို့လည်း ပြောင်းလာတာ” လို့ အဲရီကာ ပြောပြတယ်။ အဲရီကာနဲ့ ဂါသ်တို့ဟာ သူတို့ “သိပ်ကြိုက်တဲ့ တာဝန်” ဖြစ်တဲ့ ဒီနေရာမှာ သုံးနှစ် အမှုဆောင်ခဲ့တယ်။ “တိုင်းတစ်ပါးမှာ အမှုဆောင်ရတာကို မြည်းစမ်းပြီး ကိုယ်တိုင် ခံစားကြည့်ပါ” လို့ ဂါသ် ပြောတယ်။ နောက်ပိုင်းမှာ သူတို့ ဂိလဒ်ကျောင်း တက်ပြီး အခု ဘိုလီးဗီးယားနိုင်ငံမှာ အမှုဆောင်နေကြတယ်။

တိုင်းတစ်ပါးက နိုင်ငံတစ်ခုခုမှာ သွားအမှုဆောင်တဲ့ သူတွေက ကျမ်းစာအကြောင်း အများကြီး ပြောဆိုနိုင်ကြ

ဘယ်လို ပြင်ဆင်ကြသလဲ

 ကျမ်းစာမူတွေက ဘဝကို ရိုးရှင်းစေဖို့ တိုက်တွန်းထားတယ်။ (ဟီဘရူး ၁၃:၅) ပြီးတော့ ဘဝမှာ ကြီးမားတဲ့ ဆုံးဖြတ်ချက် ချတဲ့အခါ ကြိုတင်တွက်ချက်ဖို့လည်း အားပေးတယ်။ (လုကာ ၁၄:၂၆-၃၃) တိုင်းတစ်ပါးကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်တာလည်း ပါတာပေါ့။ ဂါသ်က “ဂိုင်ယာနာကို မပြောင်းခင် ကျွန်တော်တို့ ဘဝကို အတော်လေး ရိုးရှင်းအောင် လုပ်ခဲ့ရတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်း၊ အိမ်နဲ့ မလိုအပ်ဘဲ စုဆောင်းထားတာတွေ ရောင်းလိုက်တယ်။ ဒီအတွက် နှစ်နဲ့ချီတော့ ကြာသွားတယ်။ အဲဒီအတောအတွင်း ဂိုင်ယာနာမှာ အမှုဆောင်ချင်စိတ် မပျောက်သွားအောင် နှစ်တိုင်း အလည်သွားခဲ့တယ်။”

ရှိုင်နီအဲဒ်နဲ့ ပေါလ်

 ထည့်စဉ်းစားစရာ နောက်တစ်ခုက ဝင်ငွေပါ။ ပိုလိုအပ်တဲ့ ဒေသမှာ သွားအမှုဆောင်သူတွေ ရောက်နေတဲ့ နိုင်ငံရဲ့ ဥပဒေက ခွင့်ပြုမယ်ဆိုရင် သူတို့ ဝင်ငွေ ရှာလို့ရတယ်။ တချို့က နဂိုအလုပ်ကို အဝေးကနေ ကွန်ပျူတာနဲ့ ဆက်လုပ်နိုင်ကြတယ်။ တချို့အတွက်တော့ လအနည်းငယ် အိမ်ပြန်ပြီး အလုပ်လုပ်တာ ပိုအဆင်ပြေတယ်။ ပေါလ်နဲ့ ရှိုင်နီအဲဒ်တို့ မောင်နှံစုံဟာ တစ်နှစ်တစ်ခါ အိုင်ယာလန်ကို ပြန်အလုပ်လုပ်တယ်။ ဒီလိုနဲ့ သူတို့သမီးလေး မွေးပြီးနောက်ပိုင်း ခုနစ်နှစ် အပါအဝင် ဂိုင်ယာနာမှာ ၁၈ နှစ် နေခဲ့ကြတယ်။

ခရစ္စတဖာနဲ့ လာရီစာ

 ဆာလံ ၃၇:၅ က ဒီလိုဆိုတယ်– “မင်းတို့ရဲ့ လမ်းစဉ်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပါ။ ဘုရားကို အားကိုးပါ။ မင်းတို့ရဲ့ အကျိုးအတွက် လုပ်ဆောင်ပေးလိမ့်မယ်။” အမေရိကန်က ခရစ္စတဖာနဲ့ လာရီစာတို့ဟာ တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ မှန်မှန် ဆုတောင်းခဲ့ကြတယ်။ ကောင်းကျိုး ဆိုးပြစ် အပါအဝင် အောင်အောင်မြင်မြင် ပြောင်းရွှေ့ အမှုဆောင်နိုင်ဖို့ လိုအပ်ရာတွေကို စာရင်းပြုစုပြီး မိသားစုဝတ်ပြုမှုမှာ သုံးသပ်ကြတယ်။ ဘာသာစကားဟာ သူတို့အတွက် အခက်အခဲကြီးတစ်ခု ဖြစ်လို့ ရုံးသုံး အင်္ဂလိပ်စကား ဖြစ်တဲ့ ဂိုင်ယာနာကို ရွေးချယ်ခဲ့ကြတယ်။၊

 ပြီးတော့ ပညာအလိမ္မာ ၁၅:၂၂ မှာ “တိုင်ပင်ဆွေးနွေးတာ မရှိရင် အစီအစဉ်တွေ ပျက်တတ်တယ်။ အကြံပေးသူ များရင်တော့ အောင်မြင်တတ်တယ်” ဆိုတဲ့ မူအတိုင်း လုပ်ဆောင်ကြတယ်။ ဂိုင်ယာနာကို ကြီးကြပ်ပေးနေတဲ့ ဌာနခွဲရုံးကို သူတို့ရဲ့ စွမ်းရည်နဲ့ နောက်ခံအချက်အလက်တွေ စာရေးအသိပေးခဲ့တယ်။ b တစ်ကြိမ်တည်းမှာ အဲဒီက ရာသီဥတု၊ ဓလေ့ထုံးစံနဲ့ ဆေးဝါးကုသမှုအကြောင်း စုံစမ်းမေးမြန်းတယ်။ ဌာနခွဲက မေးခွန်းတွေကို ဖြေဆိုပေးပြီး သူတို့ နောက်ပိုင်း ပြောင်းရွှေ့နေထိုင်မယ့် ဒေသက အကြီးအကဲအဖွဲ့နဲ့ ဆက်သွယ်ပေးတယ်။

 ညီအစ်ကို လိုင်နယ်ဟာ ဂိုင်ယာနာမှာ အခု နယ်လှည့်ကြီးကြပ်မှူး ဖြစ်နေပါပြီ။ အဲဒီကို မပြောင်းခင် သူလည်း ပညာအလိမ္မာ ၁၅:၂၂ ပါ မူကို လက်တွေ့ကျင့်သုံးခဲ့တယ်။ “ခရီးစဉ်အတွက် ငွေစုဆောင်းရုံမက တိုင်းတစ်ပါးမှာ အမှုဆောင်ခဲ့ဖူးသူတွေနဲ့ တိုင်ပင်ဆွေးနွေးတယ်။ အဲဒီအကြောင်း မိသားစု၊ အသင်းတော် အကြီးအကဲတွေနဲ့ တိုက်နယ်ကြီးကြပ်မှူးကို ပြောပြီး တိုင်ပင်ဆွေးနွေးတယ်။ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ခြင်းအကြောင်း ကျွန်တော် ဖတ်နိုင်သလောက် ဖတ်တယ်။”

ဂျိုးဇက်နဲ့ ခရစ္စတီနာ

 တိုင်းတစ်ပါးမှာ အမှုဆောင်ချင်သူတွေဟာ အရင်ဆုံး အဲဒီကို အလည်သွားတာ ပညာရှိတယ်။ ဇနီးမောင်နှံ ဖြစ်တဲ့ ဂျိုးဇက်နဲ့ ခရစ္စတီနာက “ဂိုင်ယာနာကို ကျွန်တော်တို့ ပထမဆုံးအကြိမ် သွားလည်တုန်းက သုံးလ နေခဲ့တယ်။ အဲဒီနေရာဟာ ဘယ်လို နေရာမျိုးလည်းဆိုတာ လေ့လာဖို့ပေါ့။ ဒီနောက် အိမ်ပြန်၊ လိုအပ်တာတွေ စီစဉ်ပြီး ပြောင်းလာတော့တယ်” လို့ ပြောပြတယ်။

နေသားကျအောင် ဘာလုပ်သလဲ

ဂျော့ရှူဝါ

 တိုင်းတစ်ပါးမှာ ဘုရားအမှုဆောင်ဖို့ ပိုလိုအပ်တဲ့နေရာကို သွားတဲ့သူတွေဟာ ကိုယ်ကျိုးစွန့်စိတ်ဓာတ် ရှိဖို့ လိုတယ်။ ပြီးတော့ ဒေသအခြေအနေ၊ ထုံးစံတွေနဲ့ လိုက်လျောညီထွေအောင် နေတတ်ဖို့ လိုတယ်။ ဥပမာ၊ အေးတဲ့ ဒေသတွေကနေ ပူတဲ့ နေရာကို ရောက်လာသူတွေဟာ နေရာအသစ်မှာ ပိုးမွှားများတာ တွေ့ရှိကြတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ဂျော့ရှူဝါ က “ဒီလောက် ပိုးမွှားများတာ မတွေ့ဖူးဘူး။ အဲဒီ ပိုးမွှားတွေက ဂိုင်ယာနာကျမှ ပိုကြီးနေသလားလို့။ ကြာလာတော့လည်း ရိုးသွားပါတယ်။ ပြီးတော့ ကိုယ့်အိမ်ကို သန့်သန့်ရှင်းရှင်း ထားရင် ပိုးမွှား သိပ်မများတော့ဘူးဆိုတာ တွေ့လာတယ်။ စားပြီးရင် ပန်းကန်တွေ ဆေးကြောတာ၊ အိမ်ကို ပုံမှန် သန့်ရှင်းပြီး အမှိုက်ကို နေ့တိုင်း ပစ်တာတွေ ပါတယ်။”

 တိုင်းတစ်ပါးမှာ နေသားကျဖို့ဆိုရင် စားနေကျ မဟုတ်တဲ့ အစားအစာတွေ စားတတ်အောင်၊ ချက်တတ်အောင် သင်ယူဖို့လည်း လိုတယ်။ ဂျော့ရှူဝါ ဒီလိုပြောပြတယ်– “ကျွန်တော်နဲ့ ကျွန်တော့် အခန်းဖော်က ဒေသထွက် အစားအစာ ချက်ပြုတ်နည်းကို ညီအစ်ကို ညီအစ်မတွေဆီက သင်ယူတယ်။ ဟင်းလျာတစ်မျိုး ချက်တတ်လာရင် အသင်းတော်ထဲက ညီအစ်ကို ညီအစ်မတွေကို ခေါ်ဖိတ်ပြီး အတူစားကြတယ်။ ဒီလိုနည်းနဲ့ အချင်းချင်း ခင်မင်ရင်းနှီး လာကြတာပေါ့။

ပေါလ်နဲ့ ကက်သလင်း

 ဒေသန္တရ ဓလေ့ထုံးစံတွေအကြောင်း ပေါလ်နဲ့ ကက်သလင်းတို့က ဒီလိုပြောပြတယ်– “မတူညီတဲ့ ယဉ်ကျေးမှုနဲ့ သင့်တော်တဲ့ ဝတ်ပုံစားပုံကို သင်ယူခဲ့ရတယ်။ ကျမ်းစာမူကို မချိုးဖောက်သရွေ့ နှိမ့်ချမှုပြပြီး ပြောင်းလဲခဲ့ကြရတာပေါ့။ ဒေသယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေနေတော့ အသင်းတော်နဲ့ ပိုရင်းနှီးလာပြီး အမှုဆောင်ရတာလည်း ပျော်စရာကောင်းတယ်။”

ဘယ်လို အကျိုးခံစားရသလဲ

 အများစုက ဂျိုးဇက်နဲ့ ခရစ္စတီနာလိုပဲ ပြောကြတယ်– “အခက်အခဲတွေထက် ကောင်းချီးတွေက ပိုများပါတယ်။ အဆင်ပြေတဲ့ ဝန်းကျင်ကနေ ထွက်ပြီး ဘုရားအမှုဆောင်တော့မှ ပိုအရေးကြီးတာတွေကို ဦးစားထားတတ်လာတယ်။ အရင်က အရေးကြီးတယ်လို့ ထင်ခဲ့တာတွေဟာ အဲဒီလောက် အရေးမပါတော့ဘူး။ အတွေ့အကြုံတစ်ခုစီက ယေဟောဝါအတွက် အတတ်နိုင်ဆုံး ဆက်လုပ်ဆောင်ဖို့သာ တိုက်တွန်းတယ်။ တကယ့်ကို ကျေနပ်ရောင့်ရဲတတ်လာရောပဲ။”

 အထက်ဖော်ပြပါ အဲရီကာက ဒီလိုပြောတယ်– “ပိုလိုအပ်တဲ့ နေရာမှာ အမှုဆောင်ကြတော့မှ ကျွန်မတို့မောင်နှံစုံဟာ ယေဟောဝါကို အားကိုးခြင်းရဲ့ အဓိပ္ပာယ်ကို အပြည့်အဝ သဘောပေါက်လာတယ်။ တစ်ခါမှ မကြုံဖူးတဲ့နည်းတွေနဲ့ ယေဟောဝါ ကူညီပေးတာကို မြင်လိုက်ရတယ်။ အဲဒါတွေကို အတူတူ တွေ့ကြုံခံစားကြရတော့ ပိုရင်းနှီးချစ်ခင်လာကြတာပေါ့။”

a ဂိုင်ယာနာရဲ့ အမှုဆောင်လုပ်ငန်း သမိုင်းကြောင်းကို ၂၀၀၅ ယေဟောဝါသက်သေများရဲ့ နှစ်ချုပ်စာအုပ်မှာ တွေ့နိုင်တယ်။

b ဂိုင်ယာနာ လယ်ကွင်းကို ထရီနီဒက်နဲ့ တိုဘာဂို ဌာနခွဲက ကြီးကြပ်ကွပ်ကဲတယ်။