ဘဝကို ရိုးရှင်းအောင်လုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြ
ကိုလံဘီယာနိုင်ငံ၊ မယ်ဒယ်ဂျင်းမြို့မှာ နေထိုင်တဲ့ မီဒီယမ်နဲ့ မာစယ်လာရဲ့ ဘဝဟာ သာသာယာယာ ရှိလှပါတယ်။ မီဒီယမ်ရဲ့ လစာက ကောင်းလို့ ဇိမ်ကျကျနေနိုင်တဲ့ တိုက်ခန်းမှာ နေကြတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားရဲ့ ကျေးကျွန်တွေအနေနဲ့ မိမိတို့ရဲ့ ဦးစားထားရာတွေကို ပြန်စဉ်းစားသုံးသပ်ဖို့ အကြောင်းဖန်လာတယ်။ “၂၀၀၆ ခုနှစ်မှာ ‘သင့်မျက်စိကို ရိုးရှင်းစွာထားလော့’ အထူးစည်းဝေးပွဲကို ကျွန်တော်တို့ တက်ခဲ့ကြတယ်။ ဟောပြောချက် အတော်များများက ဘုရားအမှုတော်မှာ ပိုပါဝင်နိုင်အောင် ဘဝကို ရိုးရိုးရှင်းရှင်းထားဖို့ အလေးပေးတယ်” လို့ သူတို့ပြောပြတယ်။ “စည်းဝေးပွဲ ပြီးသွားတဲ့အခါ ကျွန်တော်တို့လုပ်နေတာက ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော်တို့က ဈေးဝယ်သန်ကြပြီး အကြွေးလည်း အများကြီးရှိတယ်။”
အထူးစည်းဝေးပွဲ ဟောပြောချက်တွေ နားထောင်ပြီးနောက်မှာ မီဒီယမ်နဲ့ မာစယ်လာဟာ ဘဝကို ရိုးရှင်းအောင် လုပ်ခဲ့ကြတယ်။ “ပိုက်ဆံ သိပ်မသုံးတော့ဘူး။ ပိုကျဉ်းတဲ့ တိုက်ခန်းမှာ ပြောင်းနေတယ်။ ကားကို ရောင်းပြီး မော်တော်ဆိုင်ကယ် ဝယ်လိုက်တယ်” လို့ ပြောတယ်။ ဈေးဝယ်ချင်စိတ် ဖြစ်ပေါ်လာမှာစိုးလို့ ဈေးဝယ်စင်တာတွေကို မသွားတော့ဘူး။ တခြားသူတွေကို ကျမ်းစာအကြောင်း ပြောပြတဲ့နေရာမှာ အချိန်ပိုသုံးကြတယ်။ ယေဟောဝါဘုရားရဲ့ အမှုတော်မှာ ထက်ထက်သန်သန် ပါဝင်နေတဲ့ အထူးရှေ့ဆောင်တွေနဲ့ ပေါင်းသင်းတယ်။ a
မကြာခင်မှာ မီဒီယမ်နဲ့ မာစယ်လာဟာ အကူအညီလိုအပ်တဲ့ အသင်းတော်ငယ်လေးတစ်ခုဆီ ပြောင်းရွှေ့ပြီး အမှုဆောင်လုပ်ငန်းကို တိုးချဲ့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ပြောင်းရွှေ့ဖို့ မီဒီယမ် အလုပ်က ထွက်လိုက်တယ်။ အလုပ်ကြီးကြပ်ရေးမှူးက သူ ရူးသွားပြီလို့ ယူဆတယ်။ ဒါနဲ့ မီဒီယမ်က ကြီးကြပ်ရေးမှူးကို “ခင်ဗျား ပိုက်ဆံအများကြီး ရှိပေမဲ့ ပျော်သလား” လို့ မေးလိုက်တယ်။ ကြီးကြပ်ရေးမှူးက မိမိမှာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ရှိလို့ မပျော်ဘူးလို့ ဝန်ခံတယ်။ အဲဒီနောက် မီဒီယမ်က “ဒါကြောင့် ဘဝမှာ ပိုက်ဆံ ဘယ်လောက်ရှာနိုင်တယ်ဆိုတာ အရေးမကြီးဘူး။ ကိုယ့်ကို တကယ်ပျော်ရွှင်စေတဲ့အရာကို သိဖို့ကသာ အရေးကြီးတာပါ။ လူတွေကို ဘုရားအကြောင်း သင်ပေးရတာက ကျွန်တော်နဲ့ ကျွန်တော့်ဇနီးကို ပျော်ရွှင်စေတယ်။ ကျွန်တော်တို့ ဒီအလုပ်မှာ ပိုပါဝင်ပြီး ပိုပျော်ချင်တယ်” လို့ ပြန်ပြောခဲ့တယ်။
မီဒီယမ်နဲ့ မာစယ်လာဟာ ဘဝမှာ ဘုရားအမှုဆောင်ခြင်းကို အဓိကထားလို့ ကျေနပ်ရောင့်ရဲမှု၊ ပျော်ရွှင်မှု အစစ်အမှန်ကို ခံစားခဲ့ကြရတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်လုံးလုံး ကိုလံဘီယာ အနောက်မြောက်ဘက်မှာရှိတဲ့ အကူအညီလိုအပ်တဲ့ အသင်းတော်တွေမှာ အမှုဆောင်ခဲ့ကြတယ်။ အခု အထူးရှေ့ဆောင်တွေအဖြစ် ပျော်ရွှင်စွာ အမှုဆောင်နေကြတယ်။
a အထူးရှေ့ဆောင်ဆိုတာ နေရာတစ်ခုမှာ သတင်းကောင်းကို အချိန်ပြည့်ဟောဖို့ ယေဟောဝါသက်သေတွေရဲ့ ဒေသခံဌာနခွဲရုံးက ခန့်အပ်ထားသူတွေဖြစ်တယ်။ အခြေခံလိုအပ်ရာတွေအတွက် သင့်တင့်တဲ့ ထောက်ပံ့ကြေး ရရှိကြတယ်။