ဝက်သစ်ချပင်ပေါ်က ဆုတောင်းသံ
“ယေဟောဝါဘုရားကို ဝတ်ပြုတဲ့ မိသားစုမှာ ကျွန်မ မွေးလာတယ်။ ဒါပေမဲ့ ကျွန်မ အသက် ခုနစ်နှစ်မှာ ဘုရားအဖွဲ့အစည်းနဲ့ အဖေ မပူးပေါင်းတော့ဘူး။ အမှန်တရားကို အကြီးအကျယ် ဆန့်ကျင်တယ်။ ယေဟောဝါကို ကျွန်မ ဝတ်ပြုရခက်အောင် လုပ်တယ်။ ယေဟောဝါကို ဝတ်မပြုတော့ဘူးဆိုရင် ဖုန်းဝယ်ပေးမယ်၊ ဒစ်စနေ ကစားကွင်း ခေါ်သွားမယ်၊ အကြွေးဝယ်ကတ် လုပ်ပေးမယ် စသဖြင့် မက်လုံးပေးတယ်။ အနုနည်းနဲ့ မရရင်တော့ တစ်ခါတလေ လက်သီးနဲ့ ထိုးကြိတ်ပစ်တယ်။ စကား မပြောနိုင်၊ လမ်းမလျှောက်နိုင်မှပဲ အစည်းအဝေး မသွားမှာ ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ကျွန်မ သွားတာပဲ။ ယတိပြတ် ဆုံးဖြတ်ထားပြီးသားပဲလေ” လို့ အခု ဒိုမီနီကန် သမ္မတနိုင်ငံမှာ နေတဲ့ ရေချယ် ပြောတယ်။
“အမေ ရှိနေရင်တော့ အဖေ မရိုက်ဘူး။ ရိုက်တဲ့အကြောင်း တိုင်ရင် အမေ့ကိုပါ ရိုက်ပစ်မယ်ဆိုပြီး ကျွန်မကို ခြောက်ထားတယ်။ ဒဏ်ရာတွေက ကိုယ်ခံပညာ သင်ရင်း ရသွားတာဆိုပြီး ဖုံးထားတယ်။
“ငယ်ကလည်း ငယ်၊ အဖေ့ကိုလည်း ကြောက်ရတာနဲ့ အမေ့ကို ပြောမပြဖြစ်ဘူး။ ဒီတော့ ယေဟောဝါကိုပဲ ပြောပြတာပေါ့။ အမေရိကန် ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ ရှိတဲ့ ကျွန်မတို့အိမ် အနောက်ဘက်က တောအုပ်ထဲ သွားပြီး လမ်းလျှောက်တယ်။ တောအုပ်ထဲမှာ ဝက်သစ်ချပင်ကြီး ရှိတယ်။ အပင်ပေါ် တက်၊ ထိုင်လို့ကောင်းတဲ့ သစ်ကိုင်းတစ်ကိုင်းပေါ် တက်ထိုင်ပြီး ယေဟောဝါနဲ့ စကားပြောတယ်။ ခံစားချက်တွေ ရင်ဖွင့်တယ်။ အရွယ်ရောက်တဲ့အထိ အသက်ရှင်ဖို့သာ ကူညီပေးရင် ကြီးလာတဲ့အခါ ဘုရားအတွက် ဘာတွေ လုပ်မယ်ဆိုတာ ပြောပြတယ်။ ကမ္ဘာသစ်မှာ ဘာလုပ်မယ်၊ ဘယ်လို မိသားစုဘဝလေး တည်ဆောက်မယ်၊ နာကျင်စရာ၊ ကြောက်လန့်စရာ မရှိဘဲ ဘယ်လို အေးအေးချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင် အသက်ရှင်မယ်ဆိုတာလည်း ပြောပြတယ်။
“ချော့တစ်ခါ၊ ခြောက်တစ်လှည့်နဲ့ ယေဟောဝါဘုရားဆီကနေ ကျွန်မ ဝေးသွားအောင် အဖေ ကြိုးစားတဲ့အချိန်တိုင်း ကျွန်မကို ဘုရား အမြဲ နှစ်သိမ့်အားပေးတယ်။ ဆက်သစ္စာရှိဖို့၊ အားရှိဖို့ ကူညီပေးတယ်။
“ကျွန်မ အသက် ၁၀ နှစ်မှာ နှစ်ခြင်းခံတယ်။ နောက်နှစ်နှစ်အကြာမှာ ရှေ့ဆောင် စလုပ်တယ်။ နှစ်ခြင်းခံတာကော ရှေ့ဆောင် လုပ်တာကိုပါ စစချင်း အဖေ မသိသေးဘူး။ သိလည်း သိရော လက်သီးနဲ့ ထိုးတာ ကျွန်မ မေးရိုး လွဲသွားတယ်။
“တအား ငယ်သေးတော့ ရှေ့ဆောင် မလုပ်သေးဖို့ တချို့ ပြောကြတယ်။ ဆုံးဖြတ်ချက်ရဲ့ လေးနက်မှု အတိမ်အနက်ကို သဘောမပေါက်ဘဲ လုပ်မှာ စိတ်ပူကြတာ။ အဲဒီတုန်းက ကျွန်မတို့ ဒေသက သက်သေခံ လူငယ် တော်တော်များများ ဘုရားရေးရာမှာ တအား ပေါ့ကြတယ်။ ပါတီ တက်လိုက်၊ ပျော်လိုက်ပါးလိုက်နဲ့။ ကြည့်လိုက်ရင် အားကျချင်စရာပဲ။ တစ်ခါတလေ သူတို့လို နေချင်စိတ် ပေါ်လာတယ်။ ‘ငါလည်း ဘုရားအမှု မဆောင်ဘဲ ရွယ်တူတွေလို ပျော်ပျော်နေရင် ရတာပဲ’ လို့ တွေးမိတယ်။ ဒါပေမဲ့ အဲဒီလို အတွေး ဝင်လာတိုင်း ယေဟောဝါနဲ့ စကားပြောဖြစ်တယ်။
“ကျွန်မ အသက် ၁၅ နှစ်လောက်မှာ နာမည်ကြီး မော်ဒယ် အေဂျင်စီက ဆက်သွယ်လာတယ်။ အီတလီနိုင်ငံ၊ မီလန်မြို့မှာ သူတို့နဲ့ အလုပ် တွဲလုပ်ရင် ဝင်ငွေ ကောင်းစေရမယ်လို့ ပြောတယ်။ မော်ဒယ် လုပ်ရမယ်၊ မဂ္ဂဇင်းတွေမှာ ပါရမယ်၊ စျေးကြီးပေ့ဆိုတဲ့ ဝတ်စုံတွေ ဝတ်ပြီး ဖက်ရှင်ရှိုး လျှောက်ရမယ်ဆိုတော့ ဘဝင်လေဟပ်ချင်သလိုတောင် ဖြစ်သွားတယ်။ မှန်မှန်ရှေ့ဆောင် လုပ်တာ သုံးနှစ်နီးပါး ရှိနေပြီ။ ကျွန်မတို့သားအမိကို အဖေလည်း ထားသွားပြီ။ ‘မော်ဒယ် လုပ်လို့ ဝင်ငွေ ကောင်းရင် ရှေ့ဆောင် အကြာကြီး လုပ်နိုင်မှာ။ အမေ့ကိုလည်း ထောက်နိုင်မှာ’ လို့ တွေးမိတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုတောင်းတယ်။ ရှေ့ဆောင် လုပ်တာ ကြာပြီ ဖြစ်တဲ့ အမေ့ကိုကော သိပ်ချစ်ခင်လေးစားရတဲ့ အကြီးအကဲတစ်ယောက်ကိုပါ ပြောပြတယ်။ သွားနေကျ သစ်ပင်လေးဆီ သွားပြီး ဘုရားကို ဆုတောင်းတယ်။ အကြီးအကဲကတစ်ဆင့် ကျွန်မရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေးတယ်။ ‘ဘုရားသခင်ကို သစ္စာကတိ ပြုတဲ့အခါ သစ္စာကတိ ပြုတဲ့အတိုင်း လုပ်ဆောင်ပါ’ ဆိုတဲ့ ဒေသနာ ၅:၄ ကို အကြီးအကဲ ပြတယ်။ ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုအမှုဆောင်မယ်လို့ ကျွန်မ သစ္စာကတိ ပြုထားတယ်။ ဒါကြောင့် ဒီအလုပ် လုပ်လို့ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်သွားမှာ စိုးတာနဲ့ အလုပ်ကို ငြင်းလိုက်တယ်။
“ငယ်ဘဝ မလှပေမဲ့ ကျွန်မ အသက်ရှင်နေတုန်းပဲ။ ခင်ပွန်း ဂျေဆာ၊ ကိုးနှစ်အရွယ် သားလေး ကော်နာနဲ့ ပျော်နေပြီ။ ဂျေဆာက အကြီးအကဲ၊ ကော်နာက နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူပါ။ ကျွန်မကတော့ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေတာ ၂၇ နှစ်နီးပါး ရှိသွားပြီ။
“အိမ်နောက်ဖေး တောအုပ်ထဲက ဝက်သစ်ချပင်ကနေ ယေဟောဝါနဲ့ အကြာကြီး စကားပြောခဲ့ချိန်တွေ ပြန်ပြန်တွေးမိတယ်။ ကူညီပေးပါလို့ ယေဟောဝါကို ကျွန်မ အသနားခံခဲ့တယ်။ အံ့ဩစရာကောင်းတဲ့ နည်းနဲ့ ဘုရား တကယ် ကူညီပေးတယ်။ အားပေးနှစ်သိမ့်၊ လမ်းပြပေးတယ်။ ကျွန်မဘဝတစ်လျှောက် ယေဟောဝါ အကြိမ်ကြိမ် သက်သေပြလို့ အဖေကောင်းဆိုတာ ဘယ်လိုမျိုးလဲ သိလာရတယ်။ ဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုအမှုဆောင်ဖို့ ရွေးချယ်ခဲ့လို့ သိပ်ကျေနပ်တယ်။ ဒါ ကျွန်မဘဝမှာ အကောင်းဆုံး ရွေးချယ်မှုပဲ။”