အကျပ်အတည်းကာလတစ်လျှောက် ဗင်နီဇွဲလားနိုင်ငံမှာ ယေဟောဝါဘုရားကို ဝတ်ပြုခြင်း
မကြာသေးမီနှစ်တွေက ဗင်နီဇွဲလားနိုင်ငံမှာ စီးပွားရေး၊ လူမှုရေးအခက်အခဲတွေ ပိုဆိုးလာတယ်။ အက်ဂါလို့ခေါ်တဲ့ သက်သေခံညီအစ်ကိုတစ်ယောက် အခုလိုပြောတယ်– “နှစ်အနည်းငယ်အတွင်း လူနေမှုအဆင့်အတန်း ဇောက်ထိုးကျသွားပုံများ အိမ်မှာနေရင်းနဲ့ကို တခြားတစ်နိုင်ငံ ပြောင်းသွားရသလို ခံစားခဲ့ရတယ်။”
အလိုက်သင့်နေထိုင်နိုင်ဖို့ အက်ဂါကို ဘာက ကူညီပေးသလဲ။ သူဒီလိုပြောတယ်– “ဇနီးကာမန်နဲ့ ကျွန်တော်ဟာ ငွေကြေးဥစ္စာ သိပ်မရှိတဲ့ နိုင်ငံတွေမှာ ပြောင်းရွှေ့အမှုဆောင်ကြတဲ့၊ အခြေခံ လိုအပ်ရာတွေတောင်မရှိဘဲ နေတတ်ဖို့ သင်ယူခဲ့ကြတဲ့ သာသနာပြုတွေရဲ့ တွေ့ကြုံမှုတွေအကြောင်း စဉ်းစားကြတယ်။ ဒါနဲ့ ဘဝကို ရိုးရိုးရှင်းရှင်း နေတတ်လာတယ်၊ စိုက်ပျိုးရေးတို့လို မလုပ်ဖူးတာတွေ လုပ်တတ်လာတယ်။”
အက်ဂါနဲ့ ကာမန်တို့ အဲဒီလောက်ပဲ လုပ်ခဲ့တာမဟုတ်ဘူး။ စိတ်ဓာတ်ကျသူတွေ အပါအဝင် ယုံကြည်သူချင်းတွေကို နှစ်သိမ့်ပေးကြတယ်။ (၁ သက်သာလောနိတ် ၅:၁၁) အက်ဂါ အခုလိုပြောပြတယ်– “သူတို့ကို နှစ်သိမ့်ပေးရုံသာမက လိုအပ်သူတွေကို ကူညီပေးခြင်းကနေ သူတို့ကိုယ်တိုင် ပျော်ရွှင်မှုရနိုင်ဖို့လည်း အားပေးခဲ့တယ်။”—တမန်တော် ၂၀:၃၅။
အမှုဆောင်လုပ်ငန်းမှာ ကြိုးစားရကျိုးနပ်
ကိုဗစ် ၁၉ ကပ်ရောဂါစဖြစ်တုန်းက အာဂန်းနစ်ဟာ ဆွေမျိုးတွေကို သက်သေခံဖို့ ဆုံးဖြတ်ခဲ့တယ်။ တယ်လီဖုန်းနဲ့ ကျမ်းစာလေ့လာဖို့ ဆွေမျိုးတချို့ သဘောတူခဲ့တယ်။
ဆွေမျိုးတွေက အင်တာနက် မသုံးနိုင်ပေမဲ့ အာဂန်းနစ်က သူတို့ကို ၂၀၂၀ အစည်းအဝေးကြီးကနေ အကျိုးရစေချင်တယ်။ အနီးနားမြို့က ညီအစ်ကိုတစ်ယောက်က သူတို့ကို ကူးယူထားတဲ့အစီအစဉ် ပေးလိုက်တယ်။ ပြီးတဲ့နောက် အာဂန်းနစ်ရဲ့ဆွေမျိုးတွေက တီဗီအကြီးကြီးတစ်လုံးနဲ့ အသံချဲ့စက်တစ်ခု ငှားလိုက်တယ်။ အစီအစဉ်မစခင် အာဂန်းနစ်က သူတို့ကို ဖုန်းဆက်ပြီး ဆုတောင်းပေးတယ်။ အာဂန်းနစ်ရဲ့ ကြိုးစားပမ်းစား လုပ်ဆောင်မှုကြောင့် ဆွေမျိုး ၄ ယောက်နဲ့ တခြားသူ ၁၅ ယောက် အစည်းအဝေးကြီး တက်ရောက်နိုင်ခဲ့တယ်။
ယုံကြည်ခြင်းနဲ့ မေတ္တာရဲ့ စေ့ဆော်မှု
ဟီရိုနဲ့ ဂျိုအန်းနားတို့ ဇနီးမောင်နှံရဲ့ အသင်းတော်မှာ ကားရှိတဲ့သူဆိုလို့ သူတို့ပဲရှိတယ်။ တခြားသူတွေကို ကူညီဖို့ အဲဒီကားလေးကို ရက်ရက်ရောရော သုံးကြတယ်။ အခက်အခဲတစ်ခုက ဓာတ်ဆီရဖို့ ခက်တာပဲ။ “ဓာတ်ဆီဖြည့်ဖို့ နာရီပေါင်းများစွာ တန်းစီစောင့်ရတယ်၊ တစ်ခါတလေ ညလုံးပေါက် စောင့်ရတယ်” လို့ ဟီရို ပြောပြတယ်။
ဒါပေမဲ့ ကားလေးကိုသုံးပြီး တခြားသူတွေကို ကူညီပေးရကျိုးနပ်တယ်လို့ ဟီရို ခံစားရတယ်။ သူ အခုလိုပြောပြတယ်– “ညီအစ်ကို/မတွေကို လိုအပ်ရာတွေ လိုက်ဝေငှပေးတဲ့အခါ သူတို့က ကျွန်တော်တို့ကို မဟုတ်ဘဲ၊ သူတို့လိုအပ်သမျှကို ပေးသနားတဲ့ ယေဟောဝါဘုရားကို ကျေးဇူးတင်ကြတာကို မြင်ရတော့ ဝမ်းသာပီတိ ဖြစ်မိတယ်။”—၂ ကောရိန္သု ၉:၁၁၊ ၁၄။
လူတိုင်း လက်ကမ်းကူညီနိုင်
အသက် ၂၅ နှစ်ကျော် ညီအစ်မ နောအီအန်နီဟာ တခြားသူတွေကို ကူညီပေးဖို့ ငယ်လွန်းတယ်လို့ ခံစားခဲ့တယ်။ ဒါပေမဲ့ “ငယ်ရွယ်သူဖြစ်နေလို့ဆိုပြီး မင်းကို ဘယ်သူမှ အထင်မသေးပါစေနဲ့။ အဲဒီအစား . . . သစ္စာရှိသူတွေအတွက် စံနမူနာကောင်း ဖြစ်ရမယ်” ဆိုတဲ့ ၁ တိမောသေ ၄:၁၂ ကို သူ ဖတ်မိတယ်။
အသင်းတော်က အသက်ကြီးသူတွေကို အချိန်ပိုပေးဖို့ အဲဒီကျမ်းချက်က နောအီအန်နီကို လှုံ့ဆော်ပေးခဲ့တယ်။ သူတို့ကို စာရေးသက်သေခံခြင်းမှာ ကူညီပေးတယ်၊ သူ့ကျမ်းစာသင်အံမှုတွေကိုတောင် လိုက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အသက်ကြီးသူတွေဆီ ဖုန်းဆက်ပြီး အားပေးစကား စာတိုလေးတွေ ပို့ပေးတယ်။ “ကျွန်မလုပ်နိုင်တာတွေ အများကြီးရှိတယ်လို့ ယေဟောဝါ ပြသလိုက်တာပဲ” ဆိုပြီး နောအီအန်နီ ပြောပြတယ်။
ဗင်နီဇွဲလားက ကျွန်တော်တို့ ညီအစ်ကို/မ တွေဟာ ခက်ခဲကျပ်တည်းမှုတွေ အများကြီး ရင်ဆိုင်နေရပေမဲ့ အမှုဆောင်မှာ ထက်ထက်သန်သန် ပါဝင်ပြီး တစ်ယောက်ကို တစ်ယောက် “အားပေးထောက်မ” နေကြပါတယ်။—ကောလောသဲ ၄:၁၁။ ၂ တိမောသေ ၄:၂။