အများသုံး တယ်လီဖုန်းနဲ့ ကျမ်းစာသင်
ဒိုင်ယာနာဟာ ဘရာဇီးနိုင်ငံမှာ အချိန်ပြည့် အမှုဆောင်တဲ့ ယေဟောဝါသက်သေတစ်ယောက်ပါ။ တစ်နေ့၊ တယ်လီဖုန်းနဲ့ ကျမ်းစာသတင်းစကား မျှဝေရင်း လူငယ်မောင်နှံတစ်စုံနဲ့ စကားပြောဖြစ်တယ်။ ကျမ်းစာအကြောင်း သူတို့ စိတ်ဝင်စားကြပေမဲ့ မကြာခင် ဝေးလံတဲ့ ရွာတစ်ရွာဆီ ပြောင်းရွှေ့ရတော့မှာ။ ရွာမှာ မီးလည်း မရ၊ အင်တာနက်လိုင်းလည်း မမိတဲ့အပြင် ယေဟောဝါသက်သေလည်း တစ်ယောက်မှ မရှိဘူး။ ကျမ်းစာအကြောင်း ဆက်ဆွေးနွေးချင်တာနဲ့ ဒိုင်ယာနာကို ရွာမှာရှိတဲ့ အများသုံး တယ်လီဖုန်း နံပါတ် ပေးလိုက်တယ်။ ဘယ်နေ့၊ ဘယ်အချိန်မှာ ဖုန်းပြောမယ်ဆိုပြီး သုံးယောက်သား အချိန်းအချက် လုပ်ကြတယ်။
ချိန်းထားတဲ့အချိန်ရောက်တော့ ပေးထားတဲ့ အများသုံး တယ်လီဖုန်းနံပါတ်ကို ဒိုင်ယာနာ ဆက်ကြည့်တယ်။ တစ်ဖက်ကလည်း ဖုန်းကိုင်တယ်။ အဲဒီဖုန်းနဲ့ ကျမ်းစာအကြောင်း နှစ်ပတ်လောက် အတူဆွေးနွေးလေ့လာဖြစ်တယ်။
ဒါပေမဲ့ နောက်ပိုင်း ဖုန်းမကိုင်ကြတော့ဘူး။ ဒိုင်ယာနာ လက်မလျှော့ဘူး။ အဲဒီတယ်လီဖုန်းကို တစ်ပတ် သုံးခါ ဆက်တယ်၊ ဖုန်းကိုင်တဲ့သူတိုင်းနဲ့ ကျမ်းစာအကြောင်း ဆွေးနွေးတယ်။ ဒီလိုနဲ့ ရွာသူရွာသားတွေနဲ့ ကျမ်းစာသင်အံမှု စနိုင်ခဲ့တယ်။
တစ်နေ့၊ ဒိုင်ယာနာနဲ့ သူ့ခင်ပွန်း တယ်လီဖုန်းကတစ်ဆင့် လူငယ်တစ်ယောက်နဲ့ ကျမ်းစာသင်နေရင်း သူတို့ရဲ့ ဆွေးနွေးမှုကို ရွာက ချာ့ချ်ခေါင်းဆောင် နားစွန်နားဖျား ကြားသွားတယ်။ ကောင်းကောင်း မကြားရလို့ ကျမ်းစာလေ့လာနေတဲ့ လူငယ်လေး အနားမှာ လာရပ်ပြီး လိုက်နားထောင်တယ်။ ပြီးတဲ့နောက် ဒိုင်ယာနာတို့နဲ့ ဖုန်းပေးပြောပါလို့ ပြောတယ်။ ကြားသိခဲ့တာတွေကို ကြိုက်လွန်းလို့ သူ့ကိုပါ ကျမ်းစာသင်ပေးပါဆိုပြီး တောင်းဆိုပါလေရော။
ဒီလိုနဲ့ ဒိုင်ယာနာတို့ လင်မယားနှစ်ယောက် ဝေးလံတဲ့ အဲဒီရွာကလေးမှာနေတဲ့ ချာ့ချ်ခေါင်းဆောင်အပါအဝင် ကျမ်းစာသင်အံမှု ခြောက်ခု ကျင်းပနိုင်ခဲ့တယ်။ အများသုံးတယ်လီဖုန်းနဲ့ပဲ သင်သားတချို့ ခရစ်ယာန်အစည်းအဝေးကို ချိတ်ဆက်၊ တက်ရောက်ကြတယ်။ သင်သားတစ်ယောက်ဆိုရင် သင်သားတွေ ကျမ်းစာသင်ရင်း ထိုင်လို့ရအောင်ဆိုပြီး ခုံတန်းတစ်ခု ကိုယ်တိုင် လုပ်ပြီး တယ်လီဖုန်းရှေ့ ထားပေးလိုက်တယ်။
ဒီလောက် ဝေးတဲ့ရွာအထိ နိုင်ငံတော်သတင်းကောင်း ပျံ့နှံ့ရာမှာ ပါဝင်ခွင့်ရလို့ ဒိုင်ယာနာနဲ့ သူ့ခင်ပွန်း သိပ်ဝမ်းသာတယ်။ ဒိုင်ယာနာ အခုလို ပြောတယ်– “ဝေးလံခေါင်သီတဲ့ဒေသမှာ နေထိုင်ရင်တောင် ဘယ်သူမဆို သတင်းကောင်း ကြားသိစေဖို့ ယေဟောဝါ စီစဉ်ပေးနိုင်ပါတယ်။”