ချမ်းစဖို့က တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးနေ
ဗြိတိန်နိုင်ငံရှိ ယေဟောဝါသက်သေတွေက အက်ဆက် စီရင်စုက ချမ်းစဖို့မြို့အနီးမှာ ဌာနခွဲရုံးအသစ်ကို စဆောက်နေပြီ။ ဒီတကယ် လှပတဲ့ နေရာမှာ တောရိုင်းတိရစ္ဆာန် အမျိုးအမယ် အတော်များများ ရှိပြီး ဗြိတိန်နိုင်ငံက ဒီတိရစ္ဆာန်တွေကို တောရိုင်းတိရစ္ဆာန်နဲ့ ကျေးလက်ဒေသ ဥပဒေ ၁၉၈၁ က ဘေးမဲ့ပေးထားတယ်။ ဆောက်လုပ်ရေးအတွင်း ဒီဥပဒေကို လိုက်နာဖို့နဲ့ တောရိုင်းတိရစ္ဆာန် မျိုးစိတ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ယေဟောဝါသက်သေတွေ ဘာလုပ်နေကြသလဲ။
ဆောက်လုပ်ရေး လုပ်နေတဲ့ နေရာကို နီညိုရောင် အမြီးစုတ်ဖွားကြွက်တွေ မရောက်လာရအောင် လုပ်ငန်းခွင်က သစ်တွေကို အသုံးပြုပြီး သူတို့ နေစရာ အသိုက်ကလေးတွေကို အဝေးကြီးမှာ ဆောက်ပေးထားကြတယ်။ ဒီကြွက်မျိုးအတွက် အထူး တီထွင်ထားတဲ့ ကုန်းတံတားတစ်ခုကို အဝင်လမ်းသစ်မှာ ဆောက်ပေးထားတယ်။ သူတို့ ကျက်စားတဲ့ သစ်ပင်နဲ့ ချုံတန်းစည်းရိုးတွေကို ဆက်သွယ်ပေးဖို့ ဖြစ်တယ်။ အဲဒီအပြင် ဒီကြွက်တွေအတွက် ချုံတန်းစည်းရိုးကိုလည်း သက်သေခံတွေ ပြုပြင်ထိန်းသိမ်းပေးကြတယ်။ နှစ်စဉ်နှစ်တိုင်း ဆောင်းခိုရာသီမှာ ချုံတန်းစည်းရိုးတစ်ပိုင်းစီကို အလှည့်ကျ ဖြတ်ညှိပေးတာကြောင့် ဒီကြွက်လေးတွေရဲ့ စားကျက်မြေဟာ ရှင်သန်ပေါများနေပါတယ်။
သက်သေခံတွေက မြက်မြွေ၊ ပုတ်သင်၊ ကင်းလိပ်ချောတွေနဲ့ ခြေလက်မပါတဲ့ ကင်းလိပ်ချောလို (blindworms) အကောင်တွေကိုလည်း ကာကွယ်ပေးထားတယ်။ ဂေဟဗေဒ ပညာရှင်တွေက ဒီတွားသွားသတ္တဝါတွေ ယာယီ ခိုအောင်းဖို့ လုပ်ထားတဲ့ အိမ်မိုးအုတ်ကြွပ်ပြားတွေအောက်က စုသိမ်းပြီး ဆောက်လုပ်ရေး ဧရိယာနဲ့ ခပ်လှမ်းလှမ်းနေရာတွေကို ရွှေ့ပြောင်းပေးကြတယ်။ တွားသွားသတ္တဝါတွေ ကျက်စားရာ နေရာအသစ်မှာ သူတို့ ခိုအောင်းဖို့ အကန့်တွေနဲ့ ဆောက်လုပ်ရေး ဧရိယာထဲ မဝင်နိုင်အောင် အထူး အကာအရံတွေ ပြုလုပ်ထားတယ်။ ဒီအကာအရံကို သက်သေခံတွေ ပုံမှန် စစ်ဆေးပေးတယ်။
ညအချိန်မှ ပျံသန်းတဲ့ လင်းနို့တွေကို အနှောင့်အယှက် မဖြစ်စေဖို့ သိပ်မထိန်လင်းတဲ့ LED မီးလုံးတွေကို ဆိုက်မှာ အသုံးပြုကြတယ်။ ဒီမီးလုံးတွေက ယာဉ်အသွားအလာ ရှိမှ လင်းလာတယ်။ လင်းနို့တွေက လုပ်ငန်းခွင် ပတ်ပတ်လည်က ချုံတန်းစည်းရိုးတွေမှာ ညအချိန်ကျမှပဲ အစာရှာစားတတ်လို့ ဒီခြံစည်းရိုးတွေကို ထိန်းသိမ်းပေးထားတယ်။ ပြီးတော့ ချုံတန်းစည်းရိုးအသစ် ၁ မိုင်ခွဲလောက် အမြဲ စိုက်ပျိုးပေးတယ်။ လုပ်ငန်းခွင်မှာ ရှိတဲ့ သစ်ပင်တချို့ကို ခုတ်လှဲဖို့ လိုလာရင်လည်း အလုပ်သမားတွေက လင်းနို့တွေ ခိုအောင်းဖို့ အသိုက်တွေ၊ ဘူးတွေ အစားထိုးတပ်ဆင်ပေးတယ်။
သက်သေခံတွေက တန်ဖိုးရှိတဲ့ သက်တမ်းရင့် အပင်တွေကို မထိခိုက်မိအောင် ဒီအပင်တွေ အမြစ်စွဲတဲ့နေရာဆီ ဆောက်လုပ်ရေးယာဉ်တွေ မရောက်ရအောင် တာဆီးပေးထားတယ်။ ဒီသက်တမ်းရင့်အပင်တွေက ကျောရိုးမဲ့ တိရစ္ဆာန်၊ လင်းနို့နဲ့ ငှက်မျိုးစိတ်တွေ နားခိုတဲ့နေရာ ဖြစ်တယ်။ ဒီလိုနည်းအမျိုးမျိုးနဲ့ ချမ်းစဖို့အရပ်က တောရိုင်းတိရစ္ဆာန်တွေကို သက်သေခံတွေက ဆက်ကာကွယ်ပေးနေကြပါတယ်။