မာတိကာဆီ ကျော်သွား

ဗဟို​အမေရိက​ဌာနခွဲ​သို့ ထောင်နဲ့​ချီ လည်ပတ်​လာ

ဗဟို​အမေရိက​ဌာနခွဲ​သို့ ထောင်နဲ့​ချီ လည်ပတ်​လာ

၂၀၁၅ ခုနှစ်မှာ မက္ကဆီကို ဗဟို​အမေရိက ဌာနခွဲကို ဧည့်သည် ၁၇၅,၀၀၀ နီးပါး လည်ပတ်​ခဲ့တယ်။ ဒါက ရုံး​ဖွင့်​ရက်​တိုင်း ပျမ်းမျှ ၆၇၀ ခန့် အလည်​လာကြတာ ဖြစ်တယ်။ အလည်​လာတဲ့​သူ အများစုက အုပ်စု​လိုက် ကားစီး​လုံး​နဲ့ ရက်​အတော်ကြာ ခရီးနှင်​ပြီး ရောက်​လာကြတာ ဖြစ်တယ်။ တချို့​ဆိုရင် အဲဒီ​ခရီးစဉ်​ကို သုံး​လေး​ငါးလ ကြိုတင်​စီစဉ်​ထား​ရတာ။

“ဗေသလ စီမံကိန်း”

တချို့​ဆိုရင် ဗေသလ​လို့ ခေါ်တဲ့ ဌာနခွဲရုံး​ကို လာ​လည်ပတ်​ဖို့ အတော်လေး ကိုယ်ကျိုးစွန့်​ရတယ်။ ဥပမာ၊ မက္ကဆီကို နိုင်ငံ၊ ဗီရာ​ခရုစ် ပြည်နယ်​က ယေဟောဝါသက်သေ အများစု​ဟာ မိုင် ၃၄၀ ဝေး​တဲ့ ခရီးစဉ်​အတွက် ကား​ခ မတတ်နိုင်ကြဘူး။ ဒီတော့ “ဗေသလ စီမံကိန်း” လို့ သူတို့ ခေါ်တဲ့ အစီအစဉ်ကို ဆွဲ​လိုက်ကြတယ်။ သူတို့ အုပ်စု​လေး​တွေ ဖွဲ့​ပြီး စားစရာတွေ ချက်​ရောင်းကြတယ်။ ပ​လ​ပ်​စ​တစ်​ဗူး​တွေ ကောက်ပြီး ရော​င်း​တယ်။ ၃ လ​လောက် အဲ့ဒီ​လို​လုပ်ပြီးနောက် လမ်းစ​ရိတ် ရသွား​ကြတယ်။

အဲဒီလိုလုပ်​ရ​ကျိုး နပ်​ရဲ့​လား။ လုပ်ရကျိုးနပ်​တယ်လို့ ဆိုကြတယ်။ အဲဒီ​အသင်းတော်က လူငယ် လူ​စီ​ယို​က ဒီလို​စာရေးခဲ့တယ်– “ဗေသလ​ကို ကျွန်တော် လည်ပတ်​ခဲ့လို့ ဘုရားရေးရာ ပန်းတိုင်တွေ ထား​ဖြစ်​သွားတာ၊ အခု​ဆိုရင် အသင်းတော်မှာ ပိုပြီး တက်တက်ကြွကြွ လုပ်ဆောင်နေ​ပြီ။” အသက် ၁၈ နှစ်အရွယ် အဲလီ​ဇ​ဘက် ပြောတာက– “ဗေသလမှာ ယေဟောဝါ အမှုဆောင်​သူတွေရဲ့ မေတ္တာကို တွေ့မြင်​ခံစားခဲ့​ရတယ်။ ဒါနဲ့ ကျွန်မ​လည်း ဘုရားကို ပိုပြီး ပေးဆက်​ရမယ်လို့ ခံစား​ရပြီး အခု​ဆို အချိန်ပြည့် အမှုဆောင် လုပ်နေပြီ။”

ထောင်နဲ့​ချီ ရောက်လာ​ကြ

တစ်ခါတလေ တစ်ရက်တည်းမှာ​ပဲ အလည်​လာတဲ့​သူ ထောင်နဲ့​ချီ ရှိတယ်။ အဲဒီအခါ သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို​နိုင်ဖို့ လှည့်လည်​ကြည့်ရှု​မှု​ကို စီစဉ်​ပေးသူ​တွေ ကြိုးစား​လုပ်ဆောင်ကြတယ်။ ညီအစ်မလီ​ဇီး ပြောတာက– “လူ​အများကြီး လာလည်​တာ​ကို တွေ့ရတာ အားရှိစရာ​ပဲ။ လာလည်တဲ့​သူတွေရဲ့ စိတ်ဓာတ်​နဲ့ ဒီလို လာလည်​နိုင်ဖို့ ဘယ်လို ကိုယ်ကျိုးစွန့်ခဲ့​ရတဲ့​အကြောင်း​တွေ ကြားရ​တော့ ကျွန်မ ပို​အားရှိ​လာတယ်။”

လူ​ထောင်နဲ့​ချီကို လှည့်လည်​ပြသဖို့ ဗေသလမှာ တခြား​အလုပ်​တာဝန်ကျ​သူတွေလည်း ကူ​ပေး​ရတယ်။ ဒါက ထပ်ဆင့်​အလုပ်​တာဝန် ဖြစ်ပေမဲ့ သူတို့လည်း ဒီလိုလုပ်​ရတာ ပျော်​ကြတယ်။ ညီအစ်ကို ဟွမ်း ပြန်​ပြောပြတာက– “ကျွန်တော် လှည့်လည်​ပြသ​ပြီး​လို့ လာလည်တဲ့​သူတွေရဲ့ ပျော်ရွှင်တဲ့ မျက်နှာ​တွေကို မြင်ရလို့ ပင်ပန်း​ရကျိုးနပ်​တယ်လို့ ခံစား​ရတယ်။”

“ကလေးတွေ တကယ် ပျော်​ကြတယ်”

ကလေးတွေလည်း ဗေသလ​ကို လည်ပတ်​ရတာကို ကြိုက်​ကြတယ်။ ကွန်ပျူတာ​ဌာန​က ညီအစ်မ နို​ရီ​ကို ပြောတာက– “လာလည်တဲ့ အုပ်စု​ထဲ​က ကလေးတွေကို ဗေသလမှာ အမှုဆောင်​ချင်​သလား​လို့ မေးလိုက်​တိုင်း အားလုံး​က ‘အမှုဆောင်​ချင်တယ်’ လို့ ဖြေကြတယ်။” ကလေးတွေ အကြိုက်ဆုံး နေရာ​ကတော့ “အောင်အောင် ပြကွက်” ရှိတဲ့​နေရာ​ပဲ။ အဲဒီမှာ ယေဟောဝါရဲ့ မိတ်ဆွေ​ဖြစ်ပါ ဗီဒီယိုထဲ​က အောင်အောင်​နဲ့ ရွှေ​စင် တို့ရဲ့ ပကတိ​အရွယ် အရုပ်တွေနဲ့​အတူ ဓာတ်ပုံ​ရိုက်​ချင်ကြတယ်။ “အဲဒါကို ကလေးတွေ သိပ်​ကြိုက်​ကြတယ်” လို့ နို​ရီ​ကို ပြောတယ်။

ဗေသလမှာ လုပ်တဲ့ အလုပ်ကို သူတို့ တန်ဖိုး​ထားတဲ့​အကြောင်း ကလေး အတော်များများ ပြော​ကြတယ်။ ဥပမာ၊ မက္ကဆီကို​က လူငယ်လေး ဟင်နရီ​ဟာ ဗေသလ ရောက်တဲ့အခါ အလှူငွေ ထည့်​ဖို့ ပိုက်ဆံ​စုထား​တယ်။ သူ့​အလှူငွေနဲ့ ပူးတွဲ​ပေးတဲ့ စာတိုလေး​မှာ သူက “စာအုပ်တွေ ထပ်​ပုံနှိပ်​ဖို့ ဒီ​ပိုက်ဆံ​ကို သုံးပါ။ ယေဟောဝါ​အတွက် ကြိုးစားလုပ်​နေတာကို ကျေးဇူး​တင်တယ်” လို့ ရေးတယ်။

လာလည်​ပါလို့ ဖိတ်ခေါ်​ပါတယ်

ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါ​သက်သေတွေဟာ သူတို့ရဲ့ ရုံးခန်း​တွေ၊ ပုံနှိပ်တိုက်​တွေ​ဆီ​ကို လာ​လည်ပတ် လေ့လာဖို့ ဖိတ်ခေါ်တယ်။ ဌာ​ခွဲ​ရုံး​တစ်ခုကို လည်ပတ်​ကြည့်ရှု​ချင်တယ်​ဆိုရင် လာ​ပါလို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်​ပါတယ်။ အလည်​လာရကျိုးနပ်​ရုံ​မ​က ပျော်​ရလိမ့်မယ်လို့ ပြော​ချင်တယ်။ ဒီ​လည်ပတ်မှု​တွေ​နဲ့​ပတ်သက်ပြီး အသေးစိတ် အချက်​လက်တွေ​ကို သိချင်ရင် ကျွန်ုပ်တို့​အကြောင်း > ရုံး​များနဲ့ လည်ပတ်​ကြည့်ရှု​နိုင်တဲ့ အစီအစဉ်များ မှာ ကြည့်ပါ။