ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ ခရီးစဉ်
နယူးယောက်ပြည်နယ်မှာ ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်နဲ့ အမေရိကန် ဌာနခွဲရုံးကို နှစ်စဉ် လူဦးရေ သောင်းနဲ့ချီ လာရောက် လည်ပတ်ကြတယ်။ အဲဒီနေရာတွေကို ဗေသလလို့ ခေါ်ပါတယ်။ ဒါဟာ ဟီဘရူးနာမည် ဖြစ်ပြီး “ဘုရားသခင့်အိမ်တော်” လို့ အဓိပ္ပာယ်ရှိတယ်။ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နေမှုတွေနဲ့ စာပေတွေ ထုတ်လုပ်နေတာတွေကို ကြည့်ချင်ကြသလို ဗေသလမှာ အမှုဆောင်နေကြတဲ့ သူငယ်ချင်းတွေကိုလည်း တွေ့ချင်တာကြောင့် ဧည့်သည်တွေဟာ ရပ်နီးရပ်ဝေးကနေ လာရောက် လည်ပတ်ကြတယ်။ မကြာသေးခင်တုန်းက လာရောက် လည်ပတ်တဲ့ ဧည့်သည်တစ်ယောက်ဆိုရင် အဲဒီကို သွားလည်ချင်စိတ် ပြင်းပြတဲ့သူ ဖြစ်တယ်။
အမေရိကန်နိုင်ငံ၊ အလာစကာပြည်နယ်၊ အန်းကရစ်ခ်ျဆိပ်ကမ်းမြို့မှာ နေတဲ့ ယေဟောဝါသက်သေတစ်ယောက် ဖြစ်တဲ့ မားစဲလ်လက်စ်ဟာ လေဖြတ်ထားတာကြောင့် စကားနည်းနည်းပဲ ပြောနိုင်တယ်။ * သူ့ခမျာ ဘီးတပ်ကုလားထိုင်နဲ့ သွားလာရသလို နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တွေလုပ်ဖို့ အကူအညီ ယူနေရတယ်။ ဒီလိုအခက်အခဲတွေ ရှိနေပေမဲ့ ဗေသလကို အလည်လာချင်တဲ့စိတ်ကတော့ အင်မတန် ပြင်းပြပါတယ်။ သူ့ဆန္ဒအတိုင်း မကြာသေးခင်က ဗေသလကို သူ အလည်လာနိုင်ခဲ့ပါပြီ။
“သူဟာ ဇွဲနပဲ ကောင်းတဲ့သူဗျ။ ကျွန်တော့်ကို မှန်မှန် ဖုန်းခေါ်ပြီး လှမ်းလှမ်းမေးတယ်၊ သူက ဟုတ်တယ်၊ မဟုတ်ဘူး (Yes/No) ပဲ ပြန်ဖြေနိုင်လို့ သူဖုန်းဆက်တဲ့အခါ ကျွန်တော်က မေးခွန်းတွေ မေးရတယ်” ဆိုပြီး မားစဲလ်လက်စ်ကို ကူညီပေးတဲ့သူ ခိုရီက ပြောပြတယ်။ သူတို့ အပြန်အလှန် ပြောဆိုပုံက ဒီလိုဖြစ်တယ်–
“ကျွန်တော့်ကို လာစေချင်သလား။”
“မဟုတ်ဘူး။”
“ဆရာဝန် ခေါ်ပေးစေချင်တာလား။”
“မဟုတ်ဘူး။”
“ဗေသလ လည်ပတ်မယ့် ခရီးစဉ်အကြောင်း မေးမလို့လား။”
“ဟုတ်တယ်။”
“ဒါနဲ့ ကျွန်တော်က ခရီးစဉ်အကြောင်း ရှင်းပြတယ်။ သူ့ဆန္ဒ ပြည့်ဝသွားတာကို တွေ့ရတော့ ဝမ်းသာလိုက်တာဗျာ။”
မားစဲလ်လက်စ်ဟာ ဗေသလကို လည်ပတ်နိုင်ဖို့အတွက် အခက်အခဲတွေကို ဖြေရှင်းခဲ့ရတယ်။ သူရတဲ့ငွေ နည်းလို့ မိုင် ၃,၄၀၀ ဝေးတဲ့ နယူးယောက်မြို့ကို လာဖို့ နှစ်နှစ်ကြာ ပိုက်ဆံ စုရတယ်။ ကျန်းမာရေး မကောင်းတာကြောင့် သူ့ကို ကူညီပေးနိုင်မယ့် ခရီးဖော်ကို ရှာခဲ့ရတယ်။ သူ ခရီးသွားနိုင်ဖို့ ဆရာဝန်ရဲ့ ခွင့်ပြုချက်လိုတယ်။ အဲဒါကို ခရီး မသွားခင်လေးမှာပဲ ရလိုက်တယ်။
မားစဲလ်လက်စ် နယူးယောက်ကို ရောက်တဲ့အခါ ဘရွက်ကလင်၊ ပက်တာစင်နဲ့ ဝေါလ်ကီးလ် အဆောက်အဦတွေကို လည်ပတ်ကြည့်ရှုခဲ့တယ်။ သမ္မာကျမ်းစာနဲ့ စာအုပ်စာပေတွေကို မြန်နှုန်းမြင့်စက်ကြီးတွေနဲ့ ပုံနှိပ်နေတာ၊ စည်းစနစ်တကျ လုပ်ဆောင်နေကြတာကို သူ တွေ့ခဲ့ရတယ်။ “သမ္မာကျမ်းစာနဲ့ ဘုရားသခင့် နာမည်” ဆိုတဲ့ ပြခန်းနဲ့ “ယေဟောဝါနာမည်အတွက် လူမျိုးတစ်မျိုး” ဆိုတဲ့ သမိုင်းပြခန်းကိုလည်း ဝင်ကြည့်ခဲ့တယ်။ လှည့်ပတ်ကြည့်ရှုရင်းနဲ့ သူငယ်ချင်းတွေလည်း ရခဲ့တယ်။ ဒါဟာ ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ ခရီးစဉ်ပါပဲ။
လူအများအတွက်ဆိုရင် ဗေသလကို လည်ပတ်ရတာဟာ ပျော်စရာကောင်းလွန်းလို့ သူတို့ရဲ့ ခံစားချက်ကို စကားလုံးနဲ့တောင် ထုတ်မပြောပြနိုင်ကြဘူး။ ဗေသလကို လည်ပတ်ရ ကျိုးနပ်သလားလို့ မားစဲလ်လက်စ်ကို မေးတဲ့အခါ သူက “ဟုတ်တယ်” လို့ပဲ ပြန်ဖြေနိုင်ပေမဲ့ သူရဲ့အဖြေကတော့ အားရကျေနပ်မှု အပြည့်ပဲ။
ဗေသလ ခရီးစဉ်ဟာ မားစဲလ်လက်စ်ကို အားပေးမှု ဖြစ်စေသလိုပဲ သင်နဲ့ သင့်မိသားစုကိုလည်း အားပေးမှု ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ ဌာနခွဲရုံးတွေကနေ ဧည့်သည်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်။ လာရောက် လည်ပတ်ကြည့်ပါ။
^ အပိုဒ်၊ 3 ဒီဆောင်းပါးကို အပြီးသတ်နေချိန်မှာ မားစဲလ်လက်စ်ဟာ ၂၀၁၄၊ မေလ ၁၉ ရက်နေ့မှာ ကွယ်လွန်သွားပါတယ်။