မီးငြိမ်းသတ်တတ်အောင် လေ့ကျင့်ပေးခြင်း
ယောက္ခမအိမ်မှာ မနက်စာ စားနေတုန်း အိမ်ဘေးဂိုဒေါင် တံခါးပေါက်အောက်ကနေ မီးညွန့်တွေ ထွက်နေတာကို စန္ဒြာ တွေ့ပြီး “ဟိုမှာ မီး၊ မီးလောင်နေတယ်” လို့ အော်လိုက်တယ်။ စန္ဒြာနဲ့ ခင်ပွန်းဖြစ်သူ သောမတ်ဟာ နေရာကနေ ချက်ချင်းထပြီး မီးသတ်ဖို့ လုပ်ဆောင်ကြတယ်။ စန္ဒြာက မီးသတ်ဆေးဘူး သွားယူနေချိန်မှာ သောမတ်က ဂိုဒေါင်ဆီ ပြေးပြီး အခြေအနေ ကြည့်တယ်။ စန္ဒြာက သောမတ်ကို မီးသတ်ဆေးဘူး ပေးလိုက်တော့ သူ မီးငြိမ်းသတ်လိုက်တယ်။ “ကျွန်မတို့သာ မီးမသတ်ခဲ့ရင် ဂိုဒေါင်တစ်ခုလုံး ပြာကျသွားမှာ” လို့ စန္ဒြာ ပြောတယ်။
သောမတ်နဲ့ စန္ဒြာဟာ ထိတ်ထိတ်ပျာပျာ ဖြစ်မနေဘဲ ဘာကြောင့် မီးငြိမ်းသတ်နိုင်ခဲ့ကြသလဲ။ သူတို့ဟာ ဂျာမနီနိုင်ငံ၊ စယ်လ်တာမြို့က ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးမှာ အမှုဆောင်နေကြသူ အယောက် ၁,၀၀၀ နဲ့အတူ အရေးပေါ် မီးငြိမ်းသတ်နည်း သင်ယူထားကြလို့ပါပဲ။
စယ်လ်တာမြို့က ဧက ၇၀ ကျယ်တဲ့ ဝင်းထဲမှာ ရုံးခန်းတွေ၊ လူနေဆောင်တွေသာမက မီးကို အဓိက အသုံးပြုရတဲ့ လျှော်ဖွပ်ဌာန၊ ပုံနှိပ်စက်၊ အလုပ်ရုံအမျိုးမျိုး ရှိတယ်။ ဒါကြောင့် ဌာနခွဲရုံးမှာ ရှိတဲ့ ဘေးကင်းရေးနဲ့ ဝန်းကျင်ဌာနက မီးငြိမ်းသတ်နိုင်ပုံကို သင်ပေးဖို့ စီစဉ်ခဲ့ကြတယ်။ ပထမ၊ ဌာနခွဲရုံးမှာ ရှိတဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့က ဒေသခံ မီးသတ်ဌာနနဲ့အတူ လေ့ကျင့်တယ်။ ဒုတိယ၊ ဌာနခွဲမှာ အမှုဆောင်နေသူ ယောက်တိုင်းက အောက်ပါအချက်တွေကို ပုံမှန် လုပ်ကြတယ်။
အရေးပေါ်ထွက်ပေါက်တွေကနေ ထွက်ပြေးပုံကို လေ့ကျင့်ကြတယ်။
ဘေးကင်းစွာ မီးအသုံးပြုတတ်အောင် လေ့ကျင့်ကြတယ်။
မီးစလောင်နေချိန်မှာ မီးငြိမ်းသတ်တတ်အောင် သင်ယူကြတယ်။
ဒါကြောင့် ရုတ်တရက် မီးထလောင်တဲ့အခါ မဖြစ်မနေ လုပ်ဖို့ လိုအပ်တာတွေကို သင်ယူကြရတယ်။
အန္တရာယ်ကင်းကင်း မီးငြိမ်းသတ်တတ်အောင် လေ့ကျင့်ခြင်း
လေ့ကျင့်မှုအစီအစဉ်မှာ အန္တရာယ်ကင်းကင်း မီးငြိမ်းသတ်တတ်အောင်လည်း သင်ပေးတယ်။ မီးအန္တရာယ်အကြောင်း နောက်ဆုံးအနေနဲ့ မူလတန်းကျောင်းမှာ သင်ယူခဲ့ရသူ ခရစ္စတင်းက ဌာနခွဲရုံးရဲ့ မီးသတ်လေ့ကျင့်မှုအကြောင်း ဒီလိုပြောပြတယ်– “မီးသတ်ဆေးဘူးကို ယူတယ်။ သော့ခလုတ်ကို ဆွဲဖွင့်တယ်။ မီးလောင်နေတဲ့ နေရာကို လေညာဘက်ကနေ သွားတယ်။ မဟုတ်ရင် လေအရှိန်နဲ့ မျက်နှာကို မီးဟပ်မှာ။ ပြီးတော့ မီးငြိမ်းသတ်လိုက်တယ်။ ဒါ့အပြင် လူလေးဦး၊ ငါးဦး အဖွဲ့လိုက် မီးငြိမ်းသတ်နိုင်ပုံကိုလည်း သင်ပေးတယ်။”
လေ့ကျင့်မှု အစီအစဉ်က “မီးလောင်တဲ့အခါ ထိတ်ထိတ်လန့်လန့် မဖြစ်အောင် အကူအညီပေးတယ်” ဆိုပြီး မီးသတ်သင်တန်းပေးသူအဖြစ် ဌာနခွဲရုံးမှာ အမှုဆောင်နေတဲ့ ဒံနီယယ် ပြောတယ်။ သူဒီလို ရှင်းပြတယ်– “မီးလောင်တဲ့အခါ များသောအားဖြင့် လူတွေ ကြက်သေသေ နေတတ်တယ်။ ‘ဘယ်လို လုပ်ရမလဲ၊ မီးသတ်ဆေးဘူးကို ဘယ်လို သုံးရမလဲ’ ဆိုပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်တယ်။ အသုံးပြုနည်းကို ကောင်းကောင်း သိထားတော့ မီးလောင်တာနဲ့ ငြိမ်းသတ်နိုင်လို့ မီးလောင်မှုကြီး မဖြစ်တော့ဘူး။” လေ့ကျင့်မှုထဲမှာ “မီးထလောင်တဲ့အခါ မီးသတ်ဆေးဘူး ကိုင်တွယ်ပုံ၊ မီးသတ်ပုံတွေ သင်ယူရတဲ့အတွက် လိုအပ်လာတဲ့အခါ ချက်ချင်း ထပြီး မီးသတ်ဖို့ ယုံကြည်မှု ရှိနေတယ်’ ဆိုပြီး ရှင်းပြတယ်။
လေ့ကျင့်မှုက အကျိုးပြု
အတော်များများက လေ့ကျင့်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောပြတယ်။ ခရစ္စတင်း ဒီလိုဝန်ခံတယ်– “မီးသတ်ဆေးဘူးကို ပထမဆုံးအကြိမ် ကိုင်ဖူးတာပဲ။ လူတိုင်း ဒီလို လေ့ကျင့်မှု ရထားသင့်တယ်။” လေဆိပ်မှာ အလုပ်လုပ်သူ ဖြစ်ပြီး ဌာနခွဲရုံးမှာလည်း အချိန်ပိုင်း စေတနာ့ဝန်ထမ်းဖြစ်သူ နတ်ယာ ဒီလိုပြောတယ်– “ဆယ်နှစ်လုံးလုံး လေဆိပ်မှာ မီးဘေးကင်းရေး သင်ခန်းစာကို စာတွေ့ပဲ သင်ခဲ့ရတယ်။ ဌာနခွဲရုံးက လက်တွေ့သင်ပေးတော့ ပိုယုံကြည်မှု ရှိလာတယ်။ မီးလောင်ရင် ဘယ်လို လုပ်ရမလဲဆိုတာ သိပါပြီ။”
ဌာနခွဲရုံးမှာ လေ့ကျင့်မှုရထားလို့ ယောက္ခမအိမ်မှာ ရှိတုန်း မီးလောင်ချိန်မှာ ချက်ချင်း မီးသတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ စန္ဒြာ ယုံကြည်တယ်။ “မီးသတ်ဆေးဘူးကို ဘယ်လို သုံးရမလဲလို့ စိုးရိမ်မနေတော့ဘူး။ နှစ်တိုင်း လေ့ကျင့်မှု ကောင်းကောင်း ရထားတော့ တကယ် အကျိုးပြုပါတယ်” လို့ သူပြောတယ်။
ဒေသခံ မီးသတ်ဌာနနဲ့အတူ လေ့ကျင့်ခြင်း
ဒေသခံ မီးသတ်ဌာနက ဌာနခွဲရုံးဝင်းထဲမှာ ပုံမှန် လေ့ကျင့်ကြတယ်။ မီးသတ်ဦးစီးမှူး တေအို နက်ခါမန် ဒီလိုရှင်းပြတယ်– “ကျွန်တော်တို့ မီးသတ်ဌာနက စယ်လ်တာမြို့နယ်ကို တာဝန်ယူရတယ်။ များသောအားဖြင့် အိမ်တွေ၊ တိုက်ခန်းတွေမှာ အရေးပေါ် မီးသတ်ပေးရတယ်။ ဌာနခွဲရုံး အဆောက်အဦတွေက ဒီနယ်မြေမှာ ထူးခြားတယ်။ မြေကွက် ကျယ်တယ်၊ အဆောက်အအုံကြီးတွေ ရှိတယ်။ စက်ပစ္စည်းတွေ သုံးပြီး အလုပ်လုပ်ကြတယ်။ ဒီအဆောက်အဦတွေမှာ အရေးပေါ် မီးငြိမ်းသတ်နိုင်အောင် နောက်ထပ် ကျွမ်းကျင်မှုတွေ ရှိဖို့ လိုတယ်။ ဒါကြောင့် ဒီနေရာမှာ လေ့ကျင့်ရတာ ဝမ်းသာတယ်။ ကျေးဇူးလည်းတင်တယ်။”
ဌာနခွဲရုံးက အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ဝင် ၁၀၀ ကျော်ဟာ မီးလောင်စဉ် လုပ်ဆောင်ရမယ့် အရာတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်ပုံတွေကို မီးသတ်ဌာနနဲ့အတူ လေ့ကျင့်ကြတယ်။ “ခင်ဗျားတို့ရဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ကို တကယ် လေးစားတယ်ဗျာ။ သူတို့ရဲ့ အကူအညီ၊ လမ်းညွှန်မှုသာ မရှိရင် မီးငြိမ်းသတ်ခြင်း လေ့ကျင့်မှုတွေကို အဆင်ပြေပြေ လုပ်နိုင်မှာ မဟုတ်ဘူး” လို့ မစ္စတာ နက်ခါမန် ပြောတယ်။
၂၀၁၄၊ ဖေဖော်ဝါရီလ တစ်ညနေခင်းမှာ မီးသတ်ဌာနနဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ရဲ့ စွမ်းရည်ကို ပြသခဲ့ကြတယ်။ ဌာနခွဲရုံး လူနေဆောင်တစ်ခုလုံး မီးခိုးငွေ့တွေနဲ့ ပြည့်သွားတယ်။ “မီးခိုးထူလွန်းအားကြီးလို့ ကိုယ့်လက်တောင် ကိုယ်မမြင်ရဘူး။ မီးသတ်ဌာနကို ချက်ချင်း အကြောင်းကြားပြီး ၈၈ ခန်းစလုံးမှာ ရှိသူအားလုံး ထွက်ပြေးခဲ့ကြတယ်။ မီးသတ်ဌာနကလူတွေ ရောက်လာတဲ့အခါ အဆောက်အအုံတစ်ခုလုံးက လူတွေ အပြင်ရောက်နေကြပြီ” လို့ ဒံနီယယ် ပြောတယ်။ မစ္စတာ နက်ခါမန် ဒီလိုပြောခဲ့တယ်– “ဖရန့်ဖတ်မြို့လိုမျိုးနေရာ၊ ဒီလို အဆောက်အအုံကြီးထဲကနေ မြန်မြန်ဆန်ဆန် ထွက်လာနိုင်တာ ယုံတောင် မယုံနိုင်ဘူး။ ခင်ဗျားတို့ဟာ စည်းကမ်းသေဝပ်သူတွေ ဖြစ်သလို အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ကလည်း ထိပ်တန်းအဖွဲ့ပါပဲ။” မီးသတ်သမားတွေဟာ အန္တရာယ်တွေကို သတိပြုမိပြီး ဖယ်ရှားလိုက်တယ်။ ထိခိုက်ဒဏ်ရာရသူ တစ်ယောက်မှ မရှိခဲ့ဘူး။
စယ်လ်တာ ဌာနခွဲရုံးက ယောက်တိုင်းဟာ မီးလောင်မှု ကြီးကြီးကျယ်ကျယ် ဖြစ်မှာ မဟုတ်ဘူးလို့ မျှော်လင့်ကြတယ်။ တကယ်လို့ ဖြစ်ခဲ့ရင်လည်း ဘာတွေ လုပ်ရမယ်ဆိုတာ သင်ယူထားပြီးပြီ ဖြစ်လို့ မီးလောင်တဲ့အခါ ချက်ချင်း လုပ်ဆောင်ကြပါမယ်။