မာတိကာဆီ ကျော်သွား

JW.ORG—ပို​ကောင်းတဲ့ ဘဝ​အသက်တာကို ပိုင်ဆိုင်​လာအောင် အကူအညီ​ပေး

JW.ORG—ပို​ကောင်းတဲ့ ဘဝ​အသက်တာကို ပိုင်ဆိုင်​လာအောင် အကူအညီ​ပေး

ကမ္ဘာတစ်ဝန်းမှာ နေထိုင်တဲ့​သူ များစွာဟာ jw.org ကနေ အကျိုး​ရရှိ​နေကြပါတယ်။ ၂၀၁၄ မေလ​က​စပြီး ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့​ဌာနချုပ်​ကို ပေးပို့​ခဲ့​တဲ့ ကျေးဇူးတင်စာ​များစွာ​ထဲ​က နမူနာ​တချို့ကို အောက်မှာ ဖော်ပြ​ပေးလိုက်ပါ​တယ်။

ကလေးငယ်​လေး​တွေ​အတွက် အကူအညီ

“မူကြို တက်နေတဲ့ ကျွန်တော့်​သားလေး​က ကျောင်း​ကနေ အိမ်ပြန်လာ​ပြီဆို​ရင် သူ့​သူငယ်ချင်းတွေရဲ့ ခဲတံ​တွေ၊ ကစားစရာ​အရုပ်​တွေ၊ နေ​ကာ​မျက်မှန်​တွေကို​တောင် အိမ်ကို ယူလာ​တတ်တယ်။ အဲဒီလိုလုပ်တာက ခိုးတာ​နဲ့ တူတယ်၊ ခိုးတာ​က မကောင်း​ဘူးဆိုပြီး သူ​နားလည်အောင် သင်ပေး​ရတာ​လည်း အကြိမ်ကြိမ်​ပဲ။ ဒါပေမဲ့ အရာ​မထင်​ခဲ့​ဘူး။ နောက်တော့ jw.org ကနေ ခိုးတာ မကောင်း​ဘူး ဗီဒီယိုကို တွေ့လို့ ကူးယူပြီး သူ့ကို ပြတယ်။ အဲဒီ​ဗီဒီယိုက​တော့ ကျွန်တော့်​သား​အတွက် အစွမ်းထက်တဲ့ ကိရိယာ​တစ်ခု၊ တကယ့် ဆေး​စွမ်း​ကောင်း တစ်လက်​ပဲ။ အဲဒီ ဗီဒီယိုကို ကြည့်​ပြီးတဲ့အခါ​မှာ​တော့ သူ​ယူ​ထားတာ​တွေ​အားလုံးကို ပြန်​ပေးမယ်လို့ ပြော​လာတယ်။ ခိုးတာ​ကို ဘုရားသခင် မကြိုက်ဘူး​ဆိုတာကို သူ​သဘောပေါက်​သွားပြီ။ ဒီ​ဝက်ဘ်ဆိုက်​က ကျွန်တော်တို့ကို ကူညီပေး​ခဲ့တာပါ။”—ဒီ. အန်.၊ အာဖရိက။

“Jw.org ကနေ ခိုးတာ မကောင်း​ဘူး . . . ဗီဒီယိုက​တော့ ကျွန်တော့်​သား​အတွက် အစွမ်းထက်တဲ့ ကိရိယာ​တစ်ခု၊ တကယ့် ဆေး​စွမ်း​ကောင်း တစ်လက်​ပဲ”

“ကျွန်မက​လေး​တွေ​က ဒီ​ဝက်ဘ်ဆိုက်ကို ကြိုက်​ကြတယ်။ ကာတွန်း ဗီဒီယို​လေး​တွေကို သူတို့ ကူးယူ​ကြတယ်။ အဲဒါကြောင့် လိမ်ညာတာ၊ ခိုးတာ​နဲ့​ပတ်သက်ပြီး သမ္မာကျမ်းစာ လမ်းညွှန်ချက်ကို သူတို့ ကောင်းကောင်း နားလည်​လာကြတယ်။ သူတို့ရဲ့ ဘဝ​အသက်တာ​တစ်လျှောက်လုံးမှာ အသုံးတည့်​သွား​နိုင်တဲ့၊ လူ့​အဖွဲ့အစည်း​အတွက် အသုံးဝင်တဲ့ လူရည်မွန်​လေး​တွေ ဖြစ်စေ​နိုင်တဲ့ အရည်အသွေး​ကောင်းတွေကို သင်ယူ​သိရှိ​နိုင်တယ်။”—အို. ဒဗလျူ.၊ အနောက်​အင်ဒီးစ်။

ကျောင်းတက်​နေတဲ့​သူတွေ​အတွက် အကူအညီ

“ကျောင်းတက်​ရတာကို မပျော်​လို့ ကျောင်းထွက်​တော့​မယ်​လို့ ကျွန်မ စိတ်ကူး​နေတာ။ ဒါပေမဲ့ တစ်နေ့မှာ jw.org ဝက်ဘ်ဆိုက်​မှာ တင်ထားတဲ့ ‘ကျောင်းထွက်​လိုက်ရင် ကောင်းမလား’ ဆောင်းပါးကို ဖတ်​မိတယ်။ အဲဒီ​ဆောင်းပါး​က ကျောင်း​တက်တာ​နဲ့​ပတ်သက်ပြီး အမြင်မှန် ရှိ​လာအောင် ကူညီ​ပေးခဲ့တယ်။ ကျောင်း​တက်တာ​က ကျွန်မ​ဘဝ​အနာဂတ်​အတွက် တာဝန်ယူ​တတ်တဲ့​သူ ဖြစ်လာအောင် လေ့ကျင့်ပေး​နေတာ ဖြစ်တယ်ဆိုတာ ဒီ​ဆောင်းပါး​ကြောင့် သိမြင်​လာတယ်။”—အန်. အက်ဖ်.၊ အာဖရိက။

“ဒီ​ဝက်ဘ်ဆိုက်​မှာ တင်ထားတဲ့ လူငယ်တွေ​အတွက် အကြံပြုချက်​တွေ​ကြောင့် ကျောင်းမှာ ကိုယ်ကျင့်တရား ကောင်း​အောင် ဘယ်လို ထိန်း​ရမလဲ​ဆိုတာကို ကျွန်တော် သိလာတယ်”

“ဒီ​ဝက်ဘ်ဆိုက်​မှာ တင်ထားတဲ့ လူငယ်တွေ​အတွက် အကြံပြုချက်​တွေ​ကြောင့် ကျောင်းမှာ ကိုယ်ကျင့်တရား ကောင်း​အောင် ဘယ်လို ထိန်း​ရမလဲ​ဆိုတာကို ကျွန်တော် သိလာတယ်။ စာ ဘယ်လို ကျက်​ရမလဲ၊ အနှောင့်အယှက်​တွေကို ဘယ်လို ရှောင်​ရမလဲ ဆိုတာကို​လည်း သိလာတယ်။”—ဂျီ.၊ အာဖရိက။

“ကျွန်တော့်ရဲ့ အလုပ်ဖော်​တစ်ယောက်က သူ့ရဲ့ သမီးဟာ ကျောင်းမှာ အနိုင်ကျင့်​ခံရကြောင်း၊ အထူးသဖြင့် မိန်းကလေး​တစ်ယောက်က အနိုင်ကျင့်​တဲ့​အကြောင်း၊ အဲဒီလို​အနိုင်ကျင့်​တဲ့​အတွက် သူ့​သမီးဟာ ကျောင်း​တောင် မသွား​ရဲ​တဲ့​အကြောင်း ပြောပြတယ်။ ဒါနဲ့ ကျွန်တော်က jw.org မှာ တင်ထားတဲ့ အနိုင်ကျင့်​သူကို လက်သီး​မ​သုံး​ဘဲ ရင်ဆိုင်​နည်း ကာတွန်း​သရုပ်ဖော် ဗီဒီယိုမှာ ပါတဲ့ အချက်တွေကို ပြတယ်။ အဲဒီ​အထဲက အခြေအနေကို ဟာသ​သုံးပြီး ဖြေရှင်းပါ​ဆိုတဲ့ အကြံပြုချက်ကို သူ သဘောကျ​တယ်။ အနိုင်ကျင့်​တဲ့​သူနဲ့ ရင်ဆိုင်​နိုင်ပုံ​အကြောင်း သူ့​သမီးကို သူ ပြန်​ပြောပြ​ခဲ့တယ်။ သမီး​ဖြစ်သူက ကျောင်းသွား​တက်​တဲ့​အထိ တိုးတက်​လာတယ်။ နောက်ပိုင်းမှာ အခြေအနေ တိုးတက်လာ​ပြီး အနိုင်ကျင့်​တဲ့ မိန်းကလေး​နဲ့​တောင် ခင်မင်​လာကြတယ်။”—ဗွီ. ကေ.၊ အရှေ့​ဥရောပ။

လူငယ်တွေ​အတွက် အကူအညီ

“ဝက်ဘ်ဆိုက်​မှာ တင်ထားတဲ့ ‘ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် အနာတရ​ဖြစ်အောင် လုပ်တာ​လဲ’ ဆောင်းပါး​အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ အဲဒီ​အကျင့်စွဲ​နေတာ ကြာပြီ။ ကျွန်မ​တစ်ယောက်​ထဲမှာ​ပဲ အဲဒီ​အကျင့်​ရှိတဲ့​အတွက် တခြား​သူတွေကို ပြောပြ​ရင်​လည်း နားလည်​ပေးကြမှာ မဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ဆောင်းပါး​မှာ ပါတဲ့ အကြောင်းအရာတွေ​က ကျွန်မကို တကယ် အထောက်အကူ ပေးခဲ့တယ်။ ကျွန်မကို နားလည်​ပေးတဲ့​သူ တစ်ယောက်ကို တွေ့ခဲ့​ရ​ပါပြီ။”—ဩစတြေးလျ​မှ မိန်းမငယ်​တစ်ဦး။

“ဆောင်းပါး​မှာ ပါတဲ့ အကြောင်းအရာတွေ​က ကျွန်မကို တကယ် အထောက်အကူ ပေးခဲ့တယ်။ ကျွန်မကို နားလည်​ပေးတဲ့​သူ တစ်ယောက်ကို တွေ့ခဲ့​ရ​ပါပြီ”

“Jw.org ဝက်ဘ်ဆိုက်​ကြောင့် လူငယ်တွေ ရင်ဆိုင်​နေရတဲ့ အရေးကိစ္စ​တွေ​အတွက် အကူအညီ ရဖို့ ရှာဖွေ​ရတာ ကျွန်မ​အတွက် အရမ်း အဆင်ပြေ​သွားတယ်။ ကျွန်မကို ဆောင်းပါး​တစ်ပုဒ်​က တကယ် အထောက်အကူ ပေးခဲ့တယ်။ အဲဒီ​ဆောင်းပါး​ကြောင့် လိင်ဆိုင်ရာ စော်ကား​နှောင့်ယှက်မှု ပုံစံ​တွေ​က ဘာတွေလဲ​ဆိုတာ သိလာတယ်။ အဲဒီလို​နှောင့်ယှက်​တာ​ကို ကျွန်မ ခံခဲ့ရ​ဖူး​တယ်​ဆိုတာ သိမြင်​သွားပြီး ဘယ်လို ရင်ဆိုင်​ဖြေရှင်း​ရမလဲ ဆိုတာတွေကို သိ​သွားတယ်။”—တီ. ဒဗလျူ.၊ အနောက်​အင်ဒီးစ်။

မိဘတွေ​အတွက် အကူအညီ

“ကျွန်မရဲ့ ဆယ်ကျော်သက်​သားက ငြိမ်ငြိမ်လေး​ကို မနေ​တတ်​ဘူး။ တစ်ချိန်လုံး လှုပ်လှုပ်ရွရွ​နဲ့ ကြို​ခန့်မှန်း​လို့ မရတဲ့ သူ့ရဲ့​အပြုအမူကြောင့် ကျွန်မ ပင်ပန်း​တယ်။ ဒါနဲ့ သူ့ကို ဆူ​ပဲ​ဆူ​နေ​မိ​တော့​တယ်။ တစ်နေ့၊ jw.org ထဲ​က ဇနီးမောင်နှံ​များနဲ့ မိဘများ​အပိုင်းကို ဝင်ကြည့်​တယ်။ ကျွန်မရဲ့ အခြေအနေ​မျိုးနဲ့​တူတဲ့ ဆောင်းပါး အများကြီး​ကို တွေ့ရတယ်။ သားကို ဘယ်လို ပြောဆို​ဆက်ဆံ​သင့်တယ်​ဆိုတာ ကျွန်မ သိလာတယ်။ သားလည်း ဝက်ဘ်ဆိုက်​ကနေ အကျိုး​ရတယ်။ အခု​ဆို သားက သူ့ရဲ့ ခံစားချက်တွေ၊ ပျော်စရာ​လေး​တွေကို ကျွန်မကို ရင်ဖွင့်​ပြောပြ​တတ်လာ​ပြီ။”—စီ. ဘီ.၊ အာဖရိက။

“Jw.org မှာ ဆောင်းပါး​တစ်ခု ပါ​လာပြီ​ဆိုရင် အဲဒီမှာ ပါတဲ့ အကြောင်းအရာက ကျွန်တော့်​ကလေးတွေ လိုအပ်​နေတာ​နဲ့ ကွက်တိ ဖြစ်နေ​တတ်တယ်”

“ကျွန်တော်တို့​မိဘတွေ ကလေးတွေကို ပျော်စရာ​ကောင်းတဲ့ နည်းနဲ့ သွန်သင်ပေး​တတ်ဖို့ jw.org မှာ ပြင်ဆင်​ပေးထား​ပါတယ်။ ဥပမာ၊ သူငယ်ချင်း​ကောင်း ရှာ​နိုင်ပုံကို ဖော်ပြတဲ့ ကာတွန်း​သရုပ်ဖော် ဗီဒီယိုက ကျွန်တော့်​ကလေးတွေကို သူငယ်ချင်း​ထားတဲ့ ကိစ္စ​အပေါ် မှန်ကန်တဲ့ အမြင် ရှိ​လာအောင်​နဲ့ ကိုယ့်​အပေါ် ကောင်းတဲ့​သြဇာ သက်ရောက်​တဲ့​သူတွေနဲ့​ပဲ သူငယ်ချင်း ဖွဲ့​ဖို့ ကူညီ​ပေးတယ်။ jw.org မှာ ဆောင်းပါး​တစ်ခု ပါ​လာပြီ​ဆိုရင် အဲဒီမှာ ပါတဲ့ အကြောင်းအရာက ကျွန်တော့်​ကလေးတွေ လိုအပ်​နေတာ​နဲ့ ကွက်တိ ဖြစ်နေ​တတ်တယ်။ အကြံပြုချက်​ကောင်း​တွေ​ပါပဲ။”—အီး. အယ်​လ်.၊ ဥရောပ။

ဇနီးမောင်နှံ​များ​အတွက် အကူအညီ

“ကျွန်တော်တို့ရဲ့ အိမ်ထောင်သက်တမ်း​က ခြောက်​နှစ် ရှိပြီ။ တခြား​အိမ်ထောင်သည်တွေ​လို​ပဲ ကျွန်တော်တို့​ဇနီးမောင်နှံ​မှာလည်း ပြောဆို​ဆက်သွယ်ပုံ၊ နောက်ခံ​နဲ့ ကိစ္စရပ်​တွေ​အပေါ် ရှုမြင်ပုံ​ချင်း မတူတာ​တွေ​ကြောင့် ညှိ​ရတာ ခက်တယ်။ jw.org မှာ ပါတဲ့ ‘ကောင်းစွာ နားထောင်​ပေးသူ ဖြစ်နိုင်ပုံ’ ဆောင်းပါး​က ကျွန်တော့်​အာရုံ​ကို ဖမ်းစား​ခဲ့တယ်။ နားထောင်​တတ်တဲ့ စွမ်းရည် တိုးတက်စေ​တဲ့ လက်တွေ့ကျတဲ့ အကြံပြုချက်​တွေ ဖော်ပြ​ထားတယ်။ အဲဒီ​ဆောင်းပါးကို ဖတ်ပြီး ဇနီးကို​လည်း ပြန်​ပြောပြတယ်။ ဒီလို တကယ် ကောင်းတဲ့ အကြံပြုချက်တွေကို လက်တွေ့​ကျင့်သုံးဖို့ ကြိုးစား​နေကြပါတယ်။”—ဘီ. ဘီ.၊ အနောက်​အင်ဒီးစ်။

“ဒီ​ဝက်ဘ်ဆိုက်​ကြောင့် ကျွန်တော်တို့​အိမ်ထောင် မ​ပြိုကွဲ​တာ”

“ကျွန်တော်က ယေဟောဝါသက်သေတွေ​နဲ့ ပူးပေါင်း​လာတာ တစ်နှစ်​ပဲ ရှိသေးတယ်။ jw.org ဝက်ဘ်ဆိုက်​အတွက် ကျေးဇူးတင်ပါတယ်လို့ ပြော​ချင်​ပါတယ်။ ဒေါသကို ဘယ်လို ထိန်းချုပ်​မလဲ၊ ခင်ပွန်းကောင်း၊ ဖခင်ကောင်း​တစ်ယောက် ဖြစ်အောင် ဘယ်လို လုပ်နိုင်သလဲ စတဲ့ အကြောင်းအရာ တော်​တော်​များများ​ကို ဝက်ဘ်ဆိုက်​ကနေ သိလာတယ်။ ရိုးရိုးသားသား ဝန်ခံ​ရ​ရင် ဒီ​ဝက်ဘ်ဆိုက်​ကြောင့် ကျွန်တော်တို့​အိမ်ထောင် မ​ပြိုကွဲ​တာ။”—အယ်​လ်. ဂျီ.၊ အနောက်​အင်ဒီးစ်။

နားမကြား​သူတွေ​အတွက် အကူအညီ

“Jw.org ဝက်ဘ်ဆိုက်​က ကျွန်တော်ဟာ သက်ရှိ​လူသား​ပါလား​ဆိုပြီး ခံစား​လာ​ရအောင် ကူညီ​ပေးတယ်။ အမေရိကန် လက်သင်္ကေတပြ ဘာသာစကား ဗီဒီယိုတွေ​ကြောင့် ကျွန်တော့်ရဲ့ လက်သင်္ကေတပြ ဘာသာစကား​စွမ်းရည် တိုးတက်​လာတယ်။ အရင်တုန်းက​တော့ ကျွန်တော့်​ဘဝမှာ ဘာ​ပန်းတိုင်​မှ မရှိခဲ့ဘူး၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဘာသာစကားနဲ့ ဘုရားသခင့် တရား​စကားတော် ဗီဒီယိုကို တွေ့ရတဲ့​အခါ ကျွန်တော် ပျော်တယ်၊ ဘဝမှာ ကောင်းတဲ့အရာ​တွေကို​ပဲ အာရုံစိုက်​မယ်​ဆိုတဲ့ ဆုံးဖြတ်ချက် ပို​ခိုင်မာ​လာတယ်။”—ဂျေ. အန်.၊ အာဖရိက။

“Jw.org ဝက်ဘ်ဆိုက်​က ကျွန်တော်ဟာ သက်ရှိ​လူသား​ပါလား​ဆိုပြီး ခံစား​ရအောင် ကူညီ​ပေးတယ်”

“ဝက်ဘ်ဆိုက်​ကတော့ တန်ဖိုးမဖြတ်​နိုင်တဲ့ ရတနာ​တစ်ပါးပါ​ပဲ။ ကျွန်မက နားမကြား​တဲ့​သူတွေ၊ အထူးသဖြင့် နားမကြား​တဲ့ လူငယ်တွေကို ကူညီပေး​ရတဲ့ စေတနာ့​ဝန်ထမ်း တစ်ယောက်ပါ။ လက်သင်္ကေတပြ ဘာသာစကားနဲ့ အကြောင်းအရာ​များစွာ တင်ထားတဲ့​အတွက် ကျွန်မရဲ့ လက်သင်္ကေတပြ ဘာသာစကား စွမ်းရည် တိုးတက်​လာတယ်။ ပျော်ရွှင်​သာယာတဲ့ မိသားစု​ဘဝကို ပိုင်ဆိုင်​ချင်တဲ့​သူတွေ၊ မိတ်ဆွေ​သူငယ်ချင်းတွေ​နဲ့ ဆက်ဆံရေး ကောင်း​ချင်တဲ့​သူတွေကို ကူညီ​နိုင်ဖို့ ဝက်ဘ်ဆိုက်​က ကျွန်မကို အကူအညီ ပေးတယ်။”—ကေ. ဂျေ.၊ အနောက်​အင်ဒီးစ်။

မျက်မမြင်​တွေ​အတွက် အကူအညီ

“ကျွန်တော်က မျက်စိ​မမြင်​ဘူး၊ ဒါပေမဲ့ jw.org ကနေ အကျိုး​ခံစား​နေရ​ပါတယ်။ စာတိုက်​နဲ့​ဆိုရင် ကျွန်တော့်​ဆီ ရောက်​ဖို့ လ​နဲ့​ချီ စောင့်​ရမှာ။ ဝက်ဘ်ဆိုက်​ကြောင့် ကျွန်တော့်​မိသားစု​ဘဝက ပို​ပျော်ရွှင်​လာတယ်၊ လူ့​အသိုင်းအဝိုင်းမှာ ကျွန်တော့်ကို အသုံးဝင်တဲ့​သူ​တစ်ယောက် ဖြစ်လာ​စေတယ်။ အဲဒီ​ဝက်ဘ်ဆိုက်​ကြောင့် သတင်း​အချက်အလက်​တွေကို မျက်စိ​မြင်​တဲ့ ကျွန်တော့်​သူငယ်ချင်းတွေ​နဲ့​အတူ တစ်ချိန်တည်းမှာ​ပဲ ရရှိတယ်။”—စီ. အေ.၊ တောင်အမေရိက။

“ဝက်ဘ်ဆိုက်​ကြောင့် ကျွန်တော့်​မိသားစု​ဘဝက ပို​ပျော်ရွှင်​လာတယ်၊ လူ့​အသိုင်းအဝိုင်းမှာ ကျွန်တော့်ကို အသုံးဝင်တဲ့​သူ တစ်ယောက် ဖြစ်လာ​စေတယ်”

“မျက်မမြင်​စာ မဖတ်​တတ်တဲ့​သူတွေ၊ မျက်မမြင်​စာအုပ် ဝယ်​ဖို့ မတတ်​နိုင်တဲ့​သူတွေ​အတွက် jw.org က တန်ဖိုးမဖြတ်​နိုင်တဲ့ ရတနာ​ပါ။ အသံသွင်း​ဖိုင်​တွေ ပါရှိ​တဲ့​အတွက် မျက်စိ​မမြင်​တဲ့​သူတွေဟာ နောက်ဆုံး​တင်တဲ့ အကြောင်းအရာ အမျိုးမျိုးကို နားထောင်​နိုင်ကြတယ်။ ဒီ​ဝက်ဘ်ဆိုက်​က လူအားလုံး​အတွက် ဖြစ်ပြီး ခွဲခြား​ဆက်ဆံ​တာ၊ ဘက်လိုက်​တာ​တွေ မရှိဘူး။ ကျွန်တော်တို့​လို မျက်မမြင်​သူတွေကို ပစ်မထား​ဘဲ လူ့​အသိုင်းအဝိုင်း​နဲ့ ဝင်ဆံ့​အောင် ကူညီ​ပေး​ပါတယ်။”—အာရ်. ဒီ.၊ အာဖရိက။

ဘုရားသခင်​အကြောင်း သိ​လို​သူတွေ​အတွက် အကူအညီ

“ခင်ဗျားတို့ရဲ့ ဝက်ဘ်ဆိုက်​နဲ့ တခြား​ဘာသာရေး​ဝက်ဘ်ဆိုက် မတူတဲ့​အချက်​က ခင်ဗျားတို့ဟာ ဘာသာရေး ခေါင်းဆောင်တွေ​ပဲ နားလည်တဲ့ စကားလုံး​အသုံးအနှုန်း အများကြီး သုံး​မထားဘူး။ ပြီးတော့ အချက်အလက် တစ်ပုံတစ်ခေါင်း​ကြီး​လည်း မဖော်ပြဘူး။ ခင်ဗျားတို့ရဲ့ ဝက်ဘ်ဆိုက်​က ရိုးရှင်း​တယ်၊ တိုက်ရိုက်​ကျတယ်။ စကားလုံးတွေ ဖောင်းပွ​နေတာ၊ လူ့​အတွေးအခေါ်​တွေကို ဖော်ပြ​ထားတာ​မျိုး မရှိဘူး။ ယုံကြည်ခြင်း​ဆိုတာ ရှုပ်ထွေးတယ်​လို့ မယူမှတ်​စေ​ဘဲ ယုံကြည်ခြင်း​ဆိုတာ ဘယ်သူ​မဆို ပိုင်ဆိုင်နိုင်တဲ့​အရာ ဖြစ်တယ်​ဆိုပြီး ပေါ်လွင်​စေတယ်။”—အေ. ဂျီ.၊ အာရှ။

“ခင်ဗျားတို့ရဲ့ ဝက်ဘ်ဆိုက်​က ရိုးရှင်း​တယ်၊ တိုက်ရိုက်​ကျတယ် . . . ယုံကြည်ခြင်း​ဆိုတာ ဘယ်သူ​မဆို ပိုင်ဆိုင်နိုင်တဲ့​အရာ ဖြစ်တယ်ဆိုတာကို ပေါ်လွင်​စေတယ်”

“jw.org သာ​မရှိဘူး​ဆိုရင် ကျွန်မ​ဘဝမှာ စိတ်​ချမ်းမြေ့​စ​ရာ​ဆိုတာ ရှိ​မှာ​မဟုတ်ဘူး။ ဘုရားသခင်​အကြောင်း အမှန်အတိုင်း မသိ​ရတဲ့ လောက​အမှောင်ထု​ထဲမှာ ဒီ​ဝက်ဘ်ဆိုက်​ကြောင့် အမှန်တရား​အလင်း​ကို တွေ့မြင်​လာ​ပါပြီ။ ဖြစ်နေတဲ့ အဖြစ်အပျက်​တွေ​နဲ့​ပတ်သက်ပြီး ဘုရားသခင်ရဲ့ ရှုမြင်ပုံကို ရှင်းပြ​ထားတဲ့ ဆောင်းပါး​တွေကို ဖတ်နိုင်၊ နားထောင်​နိုင်ပြီ။ ဘဝနဲ့​ပတ်သက်တဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို​လည်း သိလာ​ပြီ။”—ဂျေ. စီ.၊ အနောက်​အင်ဒီးစ်။

“တောင်အမေရိက တောနက်​ထဲမှာ ရှိနေပေမဲ့​လည်း ဘုရားသခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိစေတဲ့ အကူအညီ​အားလုံး ရရှိ​လို့ ကျေးဇူးတင်ပါတယ်။ ဒီ​ဝက်ဘ်ဆိုက်​သာ မရှိဘူး​ဆိုရင် ကျွန်မ လမ်းပျောက်​တဲ့​သူ တစ်ယောက်လို ဖြစ်နေ​တော့​မှာ။”—အမ်. အက်ဖ်.၊ တောင်အမေရိက။