ဖျားနာနေသူတွေအတွက် နှစ်သိမ့်မှုနဲ့ လက်တွေ့ကျ အကူအညီ
ရောဂါ ပြင်းထန်နေသူတွေဟာ အလွယ်တကူ စိုးရိမ်ပူပန်တတ်ပြီး ဆေးရုံတက်ဖို့ လိုမယ်ဆိုရင် ပူပင်သောက ပိုများလာတတ်ကြတယ်။ ဒါကြောင့် ဆေးဂျာနယ်တစ်စောင်မှာ ဖော်ပြထားတဲ့အတိုင်း “လေ့လာမှုများအရ လူနာတွေကို စိတ်ပိုင်းဆိုင်ရာ၊ ဘုရားတရားဆိုင်ရာ ထောက်မပေးတာက သူတို့ရဲ့ ကျန်းမာရေးကို အလွန် အကျိုးဖြစ်စေကြောင်း သိရတယ်။” *
အဲဒီအချက်နဲ့အညီ ယေဟောဝါသက်သေတွေက ဆေးရုံတက်နေတဲ့ ယုံကြည်သူချင်းတွေကို သမ္မာကျမ်းစာနဲ့ နှစ်သိမ့်ပေးပြီး လက်တွေ့ကျ အကူအညီ ပေးကြတယ်။ အသင်းတော် အကြီးအကဲတွေက အသင်းတော်မှာရှိတဲ့ ဖျားနာနေသူတွေဆီ လည်ပတ်ကြတယ်။ ယေဟောဝါသက်သေ လူနာတစ်ယောက်က အိမ်နဲ့ ဝေးတဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ် ဆိုရင်ကော။ ကမ္ဘာတစ်ဝန်းက မြို့ကြီးတွေမှာ လူနာလည်ပတ်ရေးအဖွဲ့ (PVG) ကို ယေဟောဝါသက်သေတွေ စီစဉ်ပေးကြတယ်။ အဖွဲ့ဝင် အသင်းတော် အကြီးအကဲတွေက ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူနေကြတဲ့ တခြားဒေသ၊ တခြားနိုင်ငံက ယေဟောဝါသက်သေ လူနာတွေနဲ့ မိသားစုဝင်တွေကို ကူညီပေးဖို့ မှန်မှန် လည်ပတ်ကြတယ်။ တိုက်ကြီးခြောက်တိုက်မှာ PVG အဖွဲ့ ၁,၉၀၀ ခန့်၊ စေတနာဝန်ထမ်း ၂၈,၀၀၀ ကျော် ရှိတယ်။ *
PVG အဖွဲ့ဝင်တွေက ကျမ်းစာနဲ့ ဘယ်လို နှစ်သိမ့်ပေးကြသလဲ
PVG အဖွဲ့ဝင် ဝီလီယံ ဒီလိုပြောတယ်– “ယေဟောဝါသက်သေလူနာ၊ ယေဟောဝါသက်သေ မဟုတ်တဲ့ မိသားစုဝင်တွေနဲ့ အတူရှိနေပေးပြီး စကားပြောတယ်။ နားထောင်ပေးတယ်။ ယေဟောဝါဘုရားက သူတို့အခြေအနေကို သတိပြုမိပြီး ဂရုစိုက်စောင့်ရှောက်ပေးမယ်ဆိုတာ ပြောပြတယ်။ သူတို့အတွက် ဆုတောင်းပေးတာကို လူနာတွေရော၊ မိသားစုဝင်တွေပါ လေးမြတ်ကြတယ်။”
များစွာသောသူတွေက PVG အဖွဲ့ဝင်တွေရဲ့ အားပေးမှုကို ကျေးဇူးတင်ကြောင်း ပြောကြတယ်။ အမေရိကန်မှာ လူနာတွေကို လည်ပတ်ကြည့်ရှုပေးတဲ့ PVG အဖွဲ့ဝင် ၇,၀၀၀ နီးပါး ရှိပြီး အတွေ့အကြုံတချို့ကို အောက်မှာ ဖော်ပြထားပါတယ်။
ပရီစီလာ ဒီလိုပြောတယ်– “လေဖြတ်ပြီး ဆေးရုံတက်နေရတဲ့ အဖေ့ကို လာကြည့်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ ညီအစ်ကိုတို့ လာလည်လို့ အဖေ အတော် အားရှိသွားတယ်။ ဒီလိုအစီအစဉ် ရှိတာကို အဖေ အံ့ဩနေတာ။ ညီအစ်ကိုတို့ လာကြည့်ပေးလို့ အဖေ နာလန်ထတာ ပိုမြန်သွားတယ်။”
မိခင် မသေဆုံးမီ PVG အဖွဲ့ဝင်တွေ လာလည်ပတ်မှုနဲ့ပတ်သက်ပြီး အိုဖီလီယာ ဒီလိုပြောတယ်– “ညီအစ်ကိုတို့ လည်ပတ်မှုကြောင့် သိပ်အကျိုးရှိတယ်။ ယေဟောဝါ စေလွှတ်လိုက်မှန်း အမေ သိတယ်။ မေတ္တာနဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။”
ရက်အနည်းငယ်ပဲ အသက်ရှင်ရတော့မယ်ဆိုတာ သိလိုက်ရတဲ့ လူနာတစ်ယောက် စိတ်ဓာတ်ကျပြီး ပူပန်သောကရောက်ခဲ့တယ်။ PVG အဖွဲ့ဝင် ဂျိမ်းစ်က သူနဲ့အတူ နေပေးပြီး ဖိလိပ္ပိ ၄:၆၊ ၇ မှာပါတဲ့ ကျမ်းစာနှစ်သိမ့်စကားကို ပြောပြတယ်။ ဂျိမ်းစ် ဒီလိုပြောတယ်– “နောက်နေ့ သူ့ဆီ လည်ပတ်တဲ့အခါ သူ့သဘောထား သိသိသာသာ ပြောင်းလဲသွားတယ်။ သူ့အခြေအနေကို သိထားပေမဲ့ ယေဟောဝါရဲ့ အကူအညီကို အကောင်းမြင်လာပြီး ကျွန်တော့်ကိုတောင် အားပေးလိုက်သေးတယ်။”
PVG အဖွဲ့ဝင်တွေ ဘယ်လို လက်တွေ့ကျ အကူအညီတွေ ပေးကြသလဲ
ပေါ်လင်းရဲ့ ခင်ပွန်းဟာ ရပ်ဝေးဆေးရုံမှာ ဆေးကုသရင်း သေဆုံးသွားတယ်။ ပေါ်လင်း ဒီလိုရေးခဲ့တယ်– “ကျွန်မတို့မိသားစုအတွက် စိတ်အဖိစီးဆုံးအချိန်မှာ ညီအစ်ကိုတို့ရဲ့ အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ မနက် အလုပ်ဆင်းရမှာ ဖြစ်ပေမဲ့ ညသန်းခေါင် ကျွန်မတို့နဲ့ ဆေးရုံမှာ လာတွေ့ပေးလို့ တကယ် နှစ်သိမ့်မှု ခံစားရတယ်။ ကျွန်မတို့ ၁၁ ယောက်အတွက် နေစရာ စီစဉ်ပေးလို့၊ အစစအရာရာ ကူညီပေးကြလို့ ကျေးဇူးတင်ပါတယ်။ နှစ်သိမ့်မှု ဖြစ်စေတဲ့ ဒီအစီအစဉ်ကို ပြင်ဆင်ပေးတဲ့ ယေဟောဝါဘုရားနဲ့ အဖွဲ့အစည်းကို ကျေးဇူးတင်ပါတယ်။”
နစ်ကီ၊ ဂယ်လီ၊ ရိုဘင်တို့ဟာ အိမ်နဲ့ မိုင် ၂၀၀ (၃၀၀ ကီလိုမီတာ) ဝေးတဲ့ နေရာမှာ ယာဉ်မတော်တဆမှု ဖြစ်ခဲ့တယ်။ PVG အဖွဲ့ဝင် ကားလို့စ် အဲဒီသတင်း ရပြီး ဆေးရုံမှာ သွားတွေ့တယ်။ ကားလို့စ် ဒီလိုပြောပြတယ်– “လိုအပ်နေတာတွေ ကူညီပေးပြီး နစ်ကီ ဆေးကုသမှု ခံယူနေတုန်း သူ့ခွေးလေးကို ကျွန်တော် ကြည့်ပေးထားတယ်။” အဲဒီနောက် PVG အဖွဲ့ဝင် ကာတစ်တို့ ဇနီးမောင်နှံ ရောက်လာတယ်။ မိသားစုဝင်တွေ ရောက်လာတဲ့အထိ လူနာတွေနဲ့အတူ နာရီအတော်ကြာ နေပေးကြတယ်။ သတိထားမိသူတစ်ဦး ဒီလိုပြောတယ်– “သုံးယောက်စလုံး ဂရုစိုက်ပေးမှုကြောင့် စိတ်သက်သာမှု ရခဲ့ကြတယ်။ နစ်ကီရဲ့ ညီမ ရိုဘင်ကတော့ ယေဟောဝါသက်သေ မဟုတ်ဘူး။ PVG အဖွဲ့ဝင်တွေရဲ့ ကူညီပေးမှုကြောင့် အံ့ဩနေတယ်။”
^ အပိုဒ်၊ 2 “Addressing Patients’ Emotional and Spiritual Needs,” published in The Joint Commission Journal on Quality and Patient Safety, December 2003, Volume 29, No. 12, page 661.
^ အပိုဒ်၊ 3 ယေဟောဝါသက်သေ အကြီးအကဲအားလုံးလိုပဲ PVG အဖွဲ့ဝင်တွေဟာ အသင်းတော်မှာ သိုးထိန်းတွေ၊ သွန်သင်သူတွေ၊ သတင်းကောင်း ဟောပြောသူတွေ ဖြစ်ကြတယ်။ သူတို့ဟာ လခစားတွေ မဟုတ်ဘူး။ စိတ်လိုကိုယ်လျောက်၊ စေတနာစိတ်နဲ့ လုပ်ဆောင်ကြတယ်။—၁ ပေတရု ၅:၂။