သင့်ရပ်ကွက်ထဲက ယေဟောဝါသက်သေများရဲ့ ဝတ်ပြုရာခန်းမမှာ ဘာလုပ်ကြသလဲ
ယေဟောဝါသက်သေတွေက ဝတ်ပြုစည်းဝေးမယ့် နေရာတွေကို ဒီဇိုင်း ဆွဲ၊ ဆောက်လုပ်လာခဲ့ကြတာ နှစ်တစ်ရာ ကျော်ပြီ။ ဒီဝတ်ပြုစည်းဝေးတဲ့ နေရာကို နိုင်ငံတော်ခန်းမလို့လည်း ခေါ်ကြတယ်။ အဲဒီခန်းမမျိုး သင့်ရပ်ကွက်မှာ ရှိသလား။ ဒီဝတ်ပြုရာခန်းမက သင့်ရပ်ကွက်ကို ဘယ်လို အကျိုးပြုနိုင်သလဲ။
“ရပ်ကွက်အတွက် လက်ဆောင်မွန်”
ဝတ်ပြုရာခန်းမတွေကို လူတွေ စိတ်ဝင်စားလောက်အောင်ပဲ ဒီဇိုင်းဆွဲထားတာ မဟုတ်ပါဘူး။ “ကျွန်တော်တို့ပန်းတိုင်က ဝတ်ပြုရာခန်းမတိုင်းဟာ ကိုယ့်ဒေသမှာ ဆွဲဆောင်မှု အရှိဆုံး၊ ကျက်သရေ အရှိဆုံး အဆောက်အအုံတွေ ဖြစ်ဖို့ပါ” ဆိုပြီး အမေရိကန်နိုင်ငံက နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးကို ညှိနှိုင်းဆောင်ရွက်ပေးနေသူ ဂျေဆင် ပြောတယ်။ ဒီဇိုင်းအဖွဲ့နဲ့အတူ လုပ်ဆောင်နေတဲ့ ယေဟောဝါသက်သေ ဗိသုကာပညာရှင်က ပြောတယ်– “အဆောက်အအုံ ပြီးသွားတဲ့အခါ ရပ်ကွက်အတွက် လက်ဆောင်မွန် ဖြစ်စေချင်တယ်။ ရပ်ကွက်မှာ ကောင်းတဲ့ဩဇာ သက်ရောက်တဲ့ အဆောက်အအုံ ဖြစ်စေချင်တယ်။”
နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေး လုပ်သားတွေဟာ အရည်အသွေးမြင့် အဆောက်အအုံတွေ ဆောက်လုပ်ဖို့ အထူး စိတ်ဝင်စားသူတွေပါ။ သူတို့ရဲ့ ကျွမ်းကျင်မှုကို လူတွေ သတိပြုမိကြတယ်။ ဥပမာ၊ မကြာသေးမီက အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ရစ်မွန်မြို့ စီမံကိန်းတစ်ခုမှာ အဆောက်အအုံ စစ်ဆေးရေးအရာရှိက နိုင်ငံတော်ခန်းမ မိုးထားပုံဟာ မြင်ခဲ့ဖူးသမျှမှာ အကောင်းဆုံးပဲလို့ ပြောတယ်။ ဂျမေကာကျွန်းမှာလည်း အဆောက်အအုံ စစ်ဆေးရေးအရာရှိက ဆောက်လုပ်နေဆဲ နိုင်ငံတော်ခန်းမဆီ စစ်ဆေးရေးအဖွဲ့သစ်တစ်ဖွဲ့ ခေါ်လာပြီး ဒီလိုပြောတယ်– “ဒီလူတွေက စိတ်ချရတယ်။ ယေဟောဝါသက်သေတွေက ဒေသန္တရ အဆောက်အအုံ စည်းမျဉ်းတွေ မြင့်မားလွန်းရင်တောင် အနီးကပ် လိုက်နာကြတယ်။” အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ မြို့တစ်မြို့က အဆောက်အအုံ စစ်ဆေးရေးအရာရှိက “ဆေးရုံတွေ၊ အစိုးရ စီမံကိန်းကြီးတွေကို ကျွန်တော် စစ်ဆေးဖူးတယ်။ ဒါပေမဲ့ ဒီလောက် စည်းစနစ် မကျဘူး။ ခင်ဗျားတို့ လုပ်တာ ကောင်းတယ်။”
ရပ်ကွက်မှာ ကောင်းတဲ့ဩဇာ
ဝတ်ပြုရာခန်းမတွေမှာ ကျင်းပတဲ့ အစည်းအဝေးတွေက တက်ရောက်သူတွေရဲ့ အသက်တာကို ကောင်းတဲ့ဩဇာ သက်ရောက်စေတယ်။ ပိုကောင်းတဲ့ဖခင်တွေ၊ မိခင်တွေ၊ သားသမီးတွေ ဖြစ်စေတယ်။ နိုင်ငံတော်ခန်းမ ဒီဇိုင်းအဖွဲ့က ရော့ဒ် ဒီလိုပြောတယ်– “နိုင်ငံတော်ခန်းမတိုင်း ကိုယ်ကျင့်တရား စံနှုန်းကောင်းတွေကို သင်ပေးတဲ့နေရာ ဖြစ်တဲ့အတွက် လူ့အသိုင်းအဝိုင်းအားလုံးကို အကျိုးပြုတယ်။ ဘဝပြဿနာတွေ ကြုံရတဲ့အခါ အကူအညီ ရယူနိုင်တဲ့နေရာလည်း ဖြစ်တယ်။ လှိုက်လှိုက်လှဲလှဲ၊ ခင်မင်ရင်းနှီးစွာ ကြိုဆိုကြတဲ့အတွက် နှစ်သိမ့်မှု လိုနေသူတွေ၊ ဘုရားအကြောင်း သိချင်သူအားလုံးအတွက် အကျိုးပြုတယ်။”
ဝတ်ပြုရာခန်းမတွေမှာ အစည်းအဝေးတက်ကြသူတွေဟာ လူသားချင်းကို ဂရုစိုက်ကြတယ်။ သဘာဝဘေး ကြုံရတဲ့အခါ အမြန်ဆုံး ကူညီပေးကြတယ်။ ဥပမာ၊ ၂၀၁၆ ခုနှစ်၊ ဗဟားမားကျွန်းကို မက်သယူးမုန်တိုင်း တိုက်ခတ်ပြီးနောက် ယေဟောဝါသက်သေတွေက အိမ် ၂၅၄ လုံးကို ပြုပြင်ပေးခဲ့ကြတယ်။ အိမ် ရေနစ်သွားတဲ့ အသက် ၈၀ အရွယ် ဗိုင်အိုလက်က ယေဟောဝါသက်သေ ကယ်ဆယ်ရေးအဖွဲ့ဆီ အကူအညီ တောင်းတယ်။ ကူညီပေးမှုအတွက် ငွေပေးမယ်လို့ ပြောတယ်။ ညီအစ်ကိုတွေက ငွေမယူတဲ့အပြင် ဗိုင်အိုလက်ရဲ့ အိမ်မိုး အုတ်ကြွပ်ပြားတွေကို လဲပေးခဲ့ကြတယ်။ ဧည့်ခန်းမျက်နှာကြက်ကိုလည်း အသစ်ပြင်ပေးကြတယ်။ ဗိုင်အိုလက်က အားလုံးကို ဖက်ပြီး ကျေးဇူးတင်စကား အကြိမ်ကြိမ် ပြောတယ်။ “မင်းတို့က တကယ့် ဘုရားလူမျိုးပဲ” လို့ ပြောခဲ့တယ်။
“တို့ရပ်ကွက်မှာ နိုင်ငံတော်ခန်းမ ရှိလို့ ဝမ်းသာတယ်”
နိုင်ငံတော်ခန်းမတွေ အမြဲ ကောင်းနေစေဖို့ ပြုပြင်ထိန်းသိမ်းတတ်အောင် ဒေသခံအသင်းတော်တွေမှာရှိတဲ့ ယေဟောဝါသက်သေတွေကို လေ့ကျင့်ပေးတဲ့ အစီအစဉ် ရှိပါတယ်။ ရလဒ်ကောင်းတွေ ရခဲ့တယ်။ ဥပမာ၊ အာရီဇိုးနားပြည်နယ် ရပ်ကွက်ငယ်တစ်ခုက အမျိုးသမီးတစ်ယောက် ဝတ်ပြုရာခန်းမမှာ အစည်းအဝေး လာတက်တယ်။ ခန်းမကို ကောင်းကောင်း ပြုပြင်ထိန်းသိမ်းထားတာကို ချီးမွမ်းခဲ့တယ်။ အဆောက်အအုံကို ပိုကောင်းအောင် ပြုပြင်ထိန်းသိမ်းတဲ့ အစီအစဉ်ကို သဘောကျသွားတယ်။ အမျိုးသမီးဟာ သတင်းသမားမို့ နောက်ပိုင်းမှာ ကောင်းစွာ ပြုပြင်ထိန်းသိမ်းတဲ့ နိုင်ငံတော်ခန်းမအကြောင်း သတင်းစာမှာ ရေးသားဖော်ပြခဲ့တယ်။ “တို့ရပ်ကွက်မှာ နိုင်ငံတော်ခန်းမ ရှိလို့ ဝမ်းသာတယ်” ဆိုပြီး ဆောင်းပါးကို နိဂုံးချုပ်ထားတယ်။
ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမ ဖြစ်တဲ့ နိုင်ငံတော်ခန်းမတွေကို ကမ္ဘာတစ်ဝန်းမှာ တွေ့နိုင်ပါတယ်။ လည်ပတ်ကြည့်ရှုဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါလိမ့်မယ်။