မာတိကာဆီ ကျော်သွား

အီတလီ​နိုင်ငံက ယေဟောဝါ​သက်သေ​များ အိမ်နီးချင်း​များ​ကို ကူညီပေး​ကြ

အီတလီ​နိုင်ငံက ယေဟောဝါ​သက်သေ​များ အိမ်နီးချင်း​များ​ကို ကူညီပေး​ကြ

အီတလီ​တောင်ပိုင်း​မှာ ၂၀၁၆၊ နိုဝင်ဘာ လ​ကုန်ပိုင်း​တုန်း​က မိုး​သည်းထန်​စွာ ရွာသွန်း​ခဲ့​တဲ့​အတွက် မွန်​ကာလီ​အယ်​ရီ​မြို့​တောင်ပိုင်း ရွာ​တချို့မှာ ရေ​ကြီး​ခဲ့တယ်။ နေရာ​အတော်များများမှာ ၁.၆ ပေ​ကျော်​အထိ ရှိတယ်။ သတင်းစာ​တစ်စောင်​မှာ “ရေ​က ဘယ်သူ့ကို၊ ဘာကိုမှ ချမ်းသာ​မပေးဘူး” လို့ ဖော်ပြတယ်။ ဒေသခံ အာဏာပိုင်တွေ​က ပြည်သူ ၁,၅၀၀ လောက်​ကို ချက်ချင်း ပြောင်းရွှေ့​ပေးခဲ့တယ်။ ကယ်ဆယ်ရေး​လုပ်ငန်းကို အလျင်အမြန် ဆောင်ရွက်​ကြ​တဲ့​အတွက် သေဆုံး​သူ မရှိဘူး။ ဒါပေမဲ့ ပစ္စည်းဥစ္စာ အတော်များများ ပျက်စီး​သွားတယ်။

ကယ်ဆယ်ရေး​လုပ်ငန်းကို အဖွဲ့​လိုက် လုပ်ဆောင်ကြ

ဒေသခံ ယေဟောဝါသက်သေတွေ​က အဖွဲ့​ခွဲ​ပြီး ချက်ချင်း ကူညီ​ခဲ့​ကြတယ်။ ရေ​ဘေးသင့် မိသားစု​တွေရဲ့ အိမ်ထဲ​က ရွံ့​တွေကို ဖယ်ထုတ်​ပေးတယ်။ အမှိုက်​တွေကို ရှင်း​ပေးတယ်။ ပရိဘောဂ​တွေ၊ ပစ္စည်းတွေကို ပြန်​ပြုပြင်ပေး​ကြတယ်။ ပစ္စည်း​တွေ​နဲ့ အစားအစာ ပူပူနွေးနွေး သယ်ဆောင်​လာတဲ့ အဖွဲ့​တစ်ဖွဲ့​ဟာ လမ်းပိတ်​ထားတာနဲ့ တိုး​သွားတယ်။ အာဏာပိုင်တွေ​က သူတို့ကို ဖြတ်သန်း​ခွင့် ပြုတဲ့​အတွက် လိုအပ်တဲ့ မိသားစု​တွေကို ကူညီ​နိုင်ခဲ့ကြ​တယ်။ စေတနာ့​ဝန်ထမ်း​တွေ​က ယေဟောဝါ​သက်သေ ယုံကြည်သူချင်းတွေကို​သာမက ယုံကြည်ခြင်း မတူတဲ့ အိမ်နီးချင်းတွေကို​လည်း ကူညီပေး​ကြတယ်။

ဥပမာ၊ တိုက်​တစ်လုံး​ရဲ့ မြေအောက်ခန်း​တစ်ခုလုံး ရေ​မြှုပ်​သွားတယ်။ ကယ်ဆယ်ရေး​လုပ်သားတွေ​က ရေ​တွေ စုပ်ထုတ်​ပြီးတဲ့အခါ ယေဟောဝါ​သက်သေ​တစ်ဦး ဖြစ်သူ အန်တိုနီယို​နဲ့ မိသားစုရဲ့ မြေအောက်ခန်း​ထဲ​က အမှိုက်​သ​ရိုက်​တွေကို ယေဟောဝါ​သက်သေ​အဖွဲ့​ကြီး​တစ်ဖွဲ့​က ရှင်းထုတ်​ပေးခဲ့​ကြတယ်။ ပြီးတဲ့နောက် အဲဒီအဖွဲ့က တခြား​သူတွေကိုလည်း ကူညီ​ပေးခဲ့​ကြတယ်။ လူတွေ တန်းစီ​ပြီး လက်ဆင့်ကမ်း သယ်​ထုတ်​ကြ​တဲ့​အတွက် နာရီ​ပိုင်း​အတွင်းမှာပဲ မြေအောက်ခန်း​အားလုံး ရှင်းလင်း​ပြီး​သွားတယ်။ ဒီလို​ကူညီ​ပေးမှု​အတွက် ယောက်​တိုင်း​က ကျေးဇူးတင်​ကြတယ်။ အဆောက်အအုံ​မှာ နေထိုင်သူ ဗီဗီ​ယာ​နာ​က ကျေးဇူးတင်လို့ ဝမ်းသာ​မျက်ရည်တွေ ကျ​ပြီး အန်တိုနီယို​ရဲ့ ဇနီးကို ဒီလို​ပြောတယ်– “ညီအစ်ကို/မ​တွေရဲ့ ကူညီ​ပေးမှု​အတွက် ကျေးဇူးတင်​တယ်လို့ ပြောပေးပါ။ သူတို့ဟာ တကယ်​ထူးခြားတဲ့ လူတွေပါ။”

ရေ​ဘေး​ကြောင့် အကြီးအကျယ် ပျက်စီး​သွားတဲ့ ရွာ​တစ်ရွာ​မှာ ရေ​ဘေးသင့်​သူတွေကို ယေဟောဝါသက်သေတွေ ကူညီပေး​နေတာကို ရွာသား​တွေ မြင်ပြီး တချို့က ကယ်ဆယ်ရေး လုပ်သားတွေကို ဝိုင်းကူ​ညီ​ကြတယ်။ အဖွဲ့​ခေါင်းဆောင်​ရဲ့ ညွှန်ကြားချက်​အတိုင်း ဝမ်းသာ​အားရ လုပ်အားပေး​ကြတယ်။

“အဖိုး​မ​ဖြတ်​နိုင်တဲ့ အကူအညီ” အတွက် ကျေးဇူးတင်

အမျိုးသား​တစ်ယောက်ရဲ့​အိမ် အတော်လေး ပျက်စီး​သွားပြီး သူ့​ကား​ဂိုဒေါင်​ဟာ ရွှံ့​ထဲ နစ်​နေတယ်။ ယေဟောဝါ​သက်သေ ရှစ်ယောက်​အဖွဲ့က ကား​ဂိုဒေါင်​ထဲ​က ရွှံ့​အမှိုက်​သ​ရိုက်​တွေကို လေး​နာရီ​ကြာ မနားတမ်း ရှင်းထုတ်​ပေးတာကို အံ့အားသင့်​သွားတယ်။ ကျေးဇူးတင်​လွန်း​လို့ ကူညီပေး​သူတချို့​ကို ဖက်လှဲတကင်း နှုတ်ဆက်​တယ်။ “အဖိုး​မ​ဖြတ်​နိုင်တဲ့ အကူအညီ” အတွက် ကျေးဇူးတင်ကြောင်း လူမှု​မီဒီယာ​မှာ တင်ခဲ့တယ်။

ယေဟောဝါ​သက်သေ​တစ်ယောက် ဒီလို​ပြောတယ်– “ယေဟောဝါ​သက်သေ မဟုတ်​သူ အတော်များများကို ကျွန်တော်တို့ ကူညီ​ပေးခဲ့တယ်။ အများစုက အသက် ၈၀ ကျော်​တွေ​ပါ။ ကျွန်တော်တို့ ကူညီ​ပေးတာကို ကျေးဇူးတင်ကြောင်း မျက်ရည်တွေ​နဲ့ ပြော​ကြတယ်။” ကက်သလစ်​ဘုရားကျောင်း​က တက်ကြွ​တဲ့ လူကြီး​တစ်ဦးက ယေဟောဝါသက်သေတွေရဲ့ ကူညီပေး​မှု​ကို ကျေးဇူးတင်ကြောင်း ပြောပြီး ဒီလို​ဆက်ပြောတယ်– “ဘာသာမတူ​ကြပေမဲ့ တစ်ယောက်ကို တစ်ယောက် ကူညီပေး​နေကြတာ​ကို မြင်ရတာ တကယ် ကြည်နူးစရာပါ​ပဲ။” နောက်​တစ်ယောက်က “ခင်ဗျားတို့ကို တနင်္ဂနွေ မနက်ပိုင်းမှာ လူတွေရဲ့ အိမ်တွေကို သွားတဲ့​သူတွေ​အဖြစ်​ပဲ သိထားကြလို့ ကျွန်တော် စိတ်မကောင်း​ဘူး။ ခင်ဗျားတို့ကို အကူအညီ ပေးတဲ့​သူတွေ​အနေနဲ့​လည်း သိ​ကြ​ရမှာ” ဆိုပြီး ပြောတယ်။