ပြင်သစ် စက်ဘီးစီးပြိုင်ပွဲမှာ အားပေးနှစ်သိမ့်မှု ဖြစ်စေတဲ့အရာ
ပြင်သစ်နိုင်ငံ ဖြတ်ကျော်တဲ့ ကမ္ဘာကျော် စက်ဘီးစီးပြိုင်ပွဲ ၁၀၃ ကြိမ်မြောက်ကို ၂၀၁၆၊ ဇူလိုင် ၂ ရက်ကနေ ၂၄ ရက်အထိ အခြေအနေ တင်းမာနေတဲ့ကြား ကျင်းပခဲ့တယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်မှု အကြိမ်ကြိမ် ဖြစ်ပွားပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်။ ၂၀၁၆၊ ဇူလိုင် ၁၄ ရက်၊ နိုက်စ်မြို့မှာ အမျိုးသားနေ့ ကျင်းပနေချိန် မီးရှူးမီးပန်းဖောက်တာကို ကြည့်နေတဲ့ လူအုပ်ကြားထဲ အကြမ်းဖက်သမားတစ်ဦး ထရပ်ကားနဲ့ မောင်းဝင်လာတဲ့အတွက် ၈၆ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရသွားပါတယ်။
ဝမ်းနည်းပူဆွေးနေတဲ့ အခြေအနေမှာ ယေဟောဝါသက်သေတွေဟာ ထိတ်လန့်တုန်လှုပ်နေကြတဲ့ ပြင်သစ်နိုင်ငံသားတွေကို မျှော်လင့်ချက်နဲ့ နှစ်သိမ့်မှုပေးဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့် စက်ဘီးစီးပြိုင်ပွဲ ကြားအချိန်တွေမှာ ယေဟောဝါသက်သေတွေဟာ စာပေလက်တွန်းစင်တွေ ထားပြီး သက်သေခံခဲ့ကြတယ်။ ဒီအစီအစဉ်မှာ စေတနာ့ဝန်ထမ်း ၁,၄၀၀ ကျော် ပါဝင်ကြပြီး ဘဝနဲ့ပတ်သက်တဲ့ အရေးအကြီးဆုံး မေးခွန်းတွေရဲ့ အဖြေ ရှာဖွေနေသူတွေကို ကျမ်းစာအခြေပြုစာပေ ၂,၀၀၀ ကျော် ဝေငှခဲ့တယ်။
‘ခင်ဗျားတို့ကို နေရာတိုင်းမှာ တွေ့နေရပါလား’
တစ်မြို့ပြီးတစ်မြို့ လိုက်အားပေးကြတဲ့ အားကစား ဝါသနာအိုးတွေဟာ နေရာအတော်များများမှာ ယေဟောဝါသက်သေတွေကို တွေ့ရလို့ အံ့အားသင့်ကြတယ်။ စက်ဘီးစီးပြိုင်ပွဲကို စီမံအုပ်ချုပ်သူ အဖွဲ့ဝင်တွေက ယေဟောဝါသက်သေ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုကို တစ်ကြိမ်မက ချီးမွမ်းခဲ့တယ်။ “ခင်ဗျားတို့ကို စက်ဘီးပြိုင်ပွဲ ကျင်းပတဲ့ နေရာတိုင်းမှာ တွေ့နေရပါလား” လို့ ပြောခဲ့တယ်။ ပရိသတ်တွေက “ဒီနေရာမှာလည်း ယေဟောဝါသက်သေတွေ ရှိနေပါလား” လို့ အံ့ဩတကြီး ပြောကြတယ်။ ပြိုင်ပွဲစပြီး ရက်အတော်ကြာတဲ့အခါ ဘတ်စကားယာဉ်မောင်းကို ဝေစာဝေတော့ သူက ယဉ်ကျေးစွာ ငြင်းပြီး ဝေစာလေးစောင် ရထားပြီးပြီလို့ ရှင်းပြတယ်။
နေရာတကာမှာ ယေဟောဝါသက်သေတွေကို တွေ့ရတဲ့အတွက် တချို့ စိတ်ဝင်စားလာပြီး ဦးဆုံးအနေနဲ့ လက်တွန်းစင်ကနေ စာစောင်တွေ လာယူကြတယ်။ ရုပ်မြင်သံကြား အားကစားလိုင်းမှာ အလုပ်လုပ်နေသူ တစ်ယောက်ဟာ မနှစ်က စက်ဘီးစီးပြိုင်ပွဲမှာ သက်သေခံတွေကို တွေ့ခဲ့တာ သတိရသွားတယ်။ ဒီနှစ်မှာတော့ လက်တွန်းစင်ဆီ သွားပြီး စာစောင် ယူဖို့ ဆုံးဖြတ်လိုက်တယ်။ သူစိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခု ပါတဲ့ မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက် စာအုပ်ကို ယူလိုက်တယ်။ ကားထဲမှာ ထိုင်နေရင်း စာအုပ်ပါ အကြောင်းအရာတချို့ ဖတ်ပြီးနောက် လက်တွန်းစင်အကြောင်း အလုပ်ဖော်တွေကို ပြောပြတဲ့အတွက် သူတို့လည်း လက်တွန်းစင်ကို လာပြီး စာစောင်တွေ ယူကြတယ်။
မျှော်လင့်ချက်နဲ့ ယုံကြည်စိတ်ချမှုရှိစေ
ဒီပွဲကို လာတဲ့ ဧည့်သည်တချို့က ယေဟောဝါသက်သေတွေကို ရှာပြီး ရင်ဖွင့်ကြတယ်။ အမျိုးသမီးငယ်တစ်ဦးက မျှော်လင့်ချက် မဲ့နေလို့ အဲဒီနေ့မှာပဲ ရထားတိုက်ခံပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားထားကြောင်း ရင်ဖွင့်တယ်။ ဒါပေမဲ့ အနာဂတ် ဘုရားနိုင်ငံတော်အောက်မှာ ရရှိမယ့် ငြိမ်သက်ခြင်းအကြောင်း ယုံကြည်စိတ်ချရတဲ့ ကျမ်းစာသတင်းစကားကို ကြားပြီးနောက် နှစ်သိမ့်မှု ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် မသတ်သေတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်အမျိုးသမီးတစ်ယောက်က “တကယ် မွန်မြတ်တဲ့ ဒီအလုပ်ကို ဆက်လုပ်ကြပါ” လို့ ပြောခဲ့တယ်။
ချိုင်းထောက်နဲ့ အမျိုးသားတစ်ယောက်က သူစိမ်းတွေကို အမြဲ သံသယဝင်တတ်ကြောင်း ဝန်ခံတယ်။ ဒါပေမဲ့ ဣန္ဒြေရှိရှိ ဝတ်စားထားပြီး ယေဟောဝါသက်သေပါလို့ ပြောတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အကူအညီကို သူလက်ခံတယ်။ “ခင်ဗျားရဲ့အပြုံး၊ ဝတ်စားဆင်ယင်ပုံတွေအတွက် ကျေးဇူးတင်တယ်။ အဲဒါတွေကြောင့် ခင်ဗျားကို ယုံကြည်စိတ်ချတာ” လို့ ပြောခဲ့တယ်။