မာတိကာဆီ ကျော်သွား

ဂျာမနီ​နိုင်ငံက ဆင်​တီ​နဲ့ ရို​မား​လူမျိုး​တွေ​ဆီ ရောက်ရှိခြင်း

ဂျာမနီ​နိုင်ငံက ဆင်​တီ​နဲ့ ရို​မား​လူမျိုး​တွေ​ဆီ ရောက်ရှိခြင်း

ဂျာမနီ​နိုင်ငံမှာ ဆင်​တီ​နဲ့ ရို​မား​လူမျိုး ထောင်ပေါင်း​များစွာ နေထိုင်ကြ​တယ်။ * မကြာသေးခင်က မိခင်​ဘာသာစကား ရို​မာ​နီ​လို ကျမ်းစာ​အခြေပြု​ဝေစာ၊ ဘရိုရှာ၊ ဗီဒီယိုတွေကို ယေဟောဝါသက်သေတွေ ထုတ်ဝေ​ခဲ့​ကြတယ်။ *

ယေဟောဝါ​သက်သေတွေဟာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ​နဲ့ အောက်တိုဘာ​လ​အတွင်း အထူးကင်ပိန်း​တစ်ခု ပြုလုပ်ခဲ့​ကြတယ်။ ဘာလင်၊ ဘရီ​မာ​ဟေ​ဗန်၊ ဖီ​ရင်​ဘာ့ဂ်၊ ဟ​မ်းဗတ်ဂ်၊ ဟိုက်​ဒါ​လ်​ဘ​တ်ဂ်​မြို့တွေမှာ ရှိတဲ့ ဆင်​တီ​နဲ့ ရို​မား​လူမျိုး​တွေ​အတွက် ရို​မာ​နီ​ဘာသာစကားနဲ့ သတင်းကောင်း ဝေမျှ​ခဲ့တယ်။ နိုင်ငံတော်​ခန်းမ​တွေ​မှာ ရို​မာ​နီ​ဘာသာစကားနဲ့ အစည်းအဝေးတွေ ကျင်းပ​ကြတယ်။

အားတက်သရော တုံ့ပြန်​ကြ

ယေဟောဝါသက်သေတွေရဲ့ ကင်ပိန်း​ကြောင့် ဆင်​တီ​နဲ့ ရို​မား​လူမျိုး​တွေ အံ့ဩ​ဝမ်းသာ​ကြတယ်။ “သူတို့ဆီ တကူးတက ရောက်လာလို့ စိတ်လှုပ်ရှား​သွားကြတယ်” ဆိုပြီး ကင်ပိန်း​မှာ ပါဝင်​ခဲ့​တဲ့ အန်ဒရေ​နဲ့ အက်​စ​သာ မောင်နှံစုံ ပြောပြတယ်။ ကျမ်းစာ​သတင်းတရားကို မိခင်​ဘာသာစကားနဲ့ ကြားရ​ဖတ်ရတဲ့​အခါ သူတို့​ရင်​ကို ထိ​သွားတယ်။ မိန်းမပျို​တစ်ဦးက ရို​မာ​နီ​လို ကျမ်းစာကို ဘာကြောင့် လေ့လာ​သင့်သလဲ ဗီဒီယိုကို ကြည့်ပြီး တ​အံ့​တ​ဩ​နဲ့ “ဒါ ငါ့​ဘာသာစကား​ပါလား” လို့​အကြိမ်ကြိမ် ရေရွတ်​ခဲ့တယ်။

ဟ​မ်းဗတ်ဂ်​မြို့ ကင်ပိန်း​မှာ ပါဝင်​ခဲ့​တဲ့ မက်​သီး​ယက်စ်​က “ကျွန်တော်တို့​လင်မယား အပါအဝင် သက်သေခံ​ရှစ်ယောက်​ဟာ ဆင်​တီ​နဲ့ ရို​မား​လူမျိုး ၄၀၀ လောက် နေထိုင်တဲ့ ရပ်ကွက်မှာ အမှုဆောင်ထွက်​တော့ တွေ့တဲ့​သူ​တိုင်း​က စာအုပ်​စာပေ တောင်း​ကြတယ်” လို့​ပြောတယ်။ ဟ​မ်းဗတ်ဂ်​မြို့ ကင်ပိန်း​မှာ ပါဝင်​ခဲ့​တဲ့ ဘက်​တီး​နာ​က “ယေဟောဝါသက်သေတွေ ရို​မာ​နီ​ဘာသာစကားနဲ့ စာအုပ်​စာပေတွေ ထုတ်ဝေ​ထားမှန်း တွေ့​တော့ တချို့​ဆို မျက်ရည်​တောင် ကျတယ်” လို့ ပြောတယ်။ စာစောင်​ကို ရတာ​နဲ့ ချက်ချင်း ဖတ်​ကြတယ်။ တချို့က မိတ်ဆွေ​တွေ​အတွက် ထပ်​တောင်း​ကြတယ်။

ဆင်​တီ​နဲ့ ရို​မား​လူမျိုးကို အစည်းအဝေး ဖိတ်​တဲ့အခါ အတော်များများ လာကြတယ်။ ဟ​မ်းဗတ်ဂ်​မြို့က အစည်းအဝေး လာ​တက်​သူ ၉၄ ယောက်​ဆိုရင် နိုင်ငံတော်​ခန်းမကို ခု​မှ ရောက်​ဖူး​တာ။ ဟိုက်​ဒါ​လ်​ဘ​တ်ဂ်​မြို့နားက ရိုင်​လင်း​ဂ​င်​မှာ ၁၂၃ ယောက် လာ​တက်​ကြတယ်။ ရို​မာ​နီ​စကားပြော​သူ ငါးယောက်​က ကျမ်းစာ သင်ပေးဖို့ တောင်းဆို​ကြတယ်။

ယေဟောဝါ​သက်သေတွေဟာ ကင်ပိန်း​မှာ ဝေစာ​နဲ့ ဘရိုရှာ ၃,၀၀၀ လောက် ဝေငှ​ခဲ့​ကြတယ်။ ဆင်​တီ​နဲ့ ရို​မား​လူမျိုး ၃၆၀ ကျော်နဲ့ ကျမ်းစာ​အကြောင်း ဆွေးနွေး​ပြီး ကျမ်းစာ​သင်အံမှု ၁၉ ခု စ​ခဲ့​ကြတယ်။ “ကျွန်တော်တို့ကို ဘုရား သတိရ​သား​ပဲ” လို့​ပြော​ကြတယ်။

^ အပိုဒ်၊ 2 ဆင်​တီ​ဆိုတာ အနောက်​ဥရောပ​နဲ့ ဥရောပ​အလယ်ပိုင်း​မှာ နေထိုင်တဲ့ လူနည်းစု ဖြစ်ပြီး ရို​မား​တွေ​ကတော့ ဥရောပ အရှေ့ပိုင်း​နဲ့ အရှေ့​တောင်ပိုင်း​ကနေ လာတဲ့ လူနည်းစု ဖြစ်တယ်။

^ အပိုဒ်၊ 2 ရို​မာ​နီ​ဘာသာစကား​မှာ “ဒေ​သိ​ယ​စကား ၆၀ ကျော် ရှိတယ်” လို့ Encyclopædia Britannica Online က ဆိုပါ​တယ်။ ဒီ​ဆောင်းပါး​မှာ​တော့ ဂျာမနီ​နိုင်ငံမှာ နေထိုင်တဲ့ ဆင်​တီ​နဲ့ ရို​မား​လူမျိုး​တွေ ပြောတဲ့ ဘာသာစကားကို “ရို​မာ​နီ” လို့​ပဲ သုံးပါ​မယ်။