မာတိကာဆီ ကျော်သွား

၁၃၇ ကြိမ်​မြောက် ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ ကျောင်းဆင်းပွဲ

၁၃၇ ကြိမ်​မြောက် ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ ကျောင်းဆင်းပွဲ

၂၀၁၄၊ စက်တင်ဘာ ၁၃ ရက်​နေ့မှာ ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ ကျောင်းဆင်းပွဲ​ကို နယူးယောက်​မြို့၊ ပက်​တာ​စင်​မှာ​ရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ပညာပေး​ဌာန​မှာ ကျင်းပခဲ့​ပါတယ်။ အတွေ့အကြုံ​များတဲ့ ယေဟောဝါ​သက်သေ အမှုဆောင်​တွေကို သူတို့ တာဝန်ကျ​တဲ့ အသင်းတော်​နဲ့ ဌာနခွဲ​တွေ​မှာ ပိုပြီး ထိထိရောက်ရောက် အားပေး​တည်ဆောက်​ပေးနိုင်​ဖို့ ဒီ​ကျောင်းမှာ လေ့ကျင့်​ပေးတယ်။ ပက်​တာ​စင်​မှာ ဒီ​အစီအစဉ်ကို ကျင်းပခဲ့​ပြီး ပက်​တာ​စင်၊ ကနေဒါ၊ ဂျမေကာ၊ ပွာတိုရီကို၊ အမေရိကန်​တို့မှာ ရုပ်သံ​လိုင်း​နဲ့ ချိတ်ဆက်​ထား​ပေးတဲ့​အတွက် အစီအစဉ်ကို စုစုပေါင်း ၁၂,၃၃၃ ယောက် ကြည့်ရှု​နိုင်ခဲ့တယ်။

ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ဆမ်မြူရယ်​လ် ဟာ့ဒ်​က အစီအစဉ် သဘာပတိ​အဖြစ် လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့ အဖွင့်​ဟောပြောချက်မှာ ယေဟောဝါ​ဘုရားရဲ့ စဉ်းစား​တွေးခေါ်ပုံ​က ကျွန်တော်တို့ထက် ပို​မြင့်မား​ပုံကို အဓိက​ထား ဟောပြောခဲ့တယ်။ (ဟေရှာယ ၅၅:၈၊ ၉) ဂိလဒ်​ကျောင်းသားတွေဟာ ဘုရားသခင့် စဉ်းစား​တွေးခေါ်ပုံ​တွေကို ၅ လ​ကြာ သင်ယူပြီး​တာ​တောင် ဘုရားသခင်ရဲ့ နည်းလမ်းတော်​တွေကို “အရိပ်အမြွက်” လောက်​ပဲ သိ​ကြသေးတယ်၊ ဘုရားသခင်​အကြောင်း ဆက်​လေ့လာဖို့ လိုသေးတယ်​လို့ သူ​ပြောပါ​တယ်။ (ယောဘ ၂၆:၁၄) ဘုရားသခင့် စဉ်းစား​တွေးခေါ်ပုံ​အကြောင်း ကျွန်တော်တို့ ဆွေးနွေး​တဲ့အခါ​တိုင်း အကျိုးကျေးဇူး ရရှိကြ​သလိုပဲ ဒီ​ကျောင်းဆင်းပွဲ အစီအစဉ်​ကနေ​လည်း အကျိုး​ခံစားရ​ကြတယ်လို့ ညီအစ်ကို ဟာ့ဒ် ပြောခဲ့တယ်။

“ဘုရားသခင့် စွမ်းအားတော်​ကြောင့်​ဖြစ်ပေါ်လာသော အရည်အသွေး . . . စိတ်ရှည်ခြင်း” ဆိုတဲ့​အကြောင်းကို အမေရိကန်​နိုင်ငံ ဌာနခွဲ ကော်မတီဝင်​တစ်ဦး ဖြစ်တဲ့ ဂျွန် လာ​စ​န်​က ဟောပြောခဲ့တယ်။ (ဂလာတိ ၅:၂၂) သူက ဘုရားသခင့် စွမ်းအားတော်​ကြောင့် ဖြစ်လာတဲ့ စိတ်ရှည်ခြင်း အရည်အသွေးကို တင်ပြ​နိုင်မယ့် နည်း​နှစ်နည်း​ကို အလေးပေး ဖော်ပြ​သွားတယ်။ ပထမ၊ ယုံကြည်ခြင်း​မှာ သန်စွမ်း​ခိုင်မာ​ဖို့ ကျွန်တော်တို့ကို ယေဟောဝါဘုရား လေ့ကျင့်ပေး​တာ​တွေ၊ ကူညီပေး​တာတွေကို စိတ်ရှည်​စွာ လက်ခံဖို့ လိုတယ်။ (၁ ပေတရု ၅:၁၀) အာဗြဟံ​က ယေဟောဝါဘုရား လေ့ကျင့်​ပေးမှုကို ခံယူ​ရာ​မှာ​နဲ့ ကတိတော်​တွေ ပြည့်စုံ​လာဖို့ စောင့်ဆိုင်း​ရာ​မှာ စိတ်ရှည်ခြင်း စံနမူနာကောင်း တင်ပြ​သူ​တစ်ဦး ဖြစ်တယ်။—ဟေဗြဲ ၆:၁၅

ဒုတိယ၊ ကိုယ့်ကိုယ်ကိုယ် စိတ်ရှည်ဖို့ လိုအပ်ခြင်း​အကြောင်း ဖြစ်တယ်။ ဂိလဒ်​ကျောင်းသားတွေဟာ သင်တန်း​ကျောင်း​ကနေ လေ့ကျင့်မှု ခံယူပြီး​တဲ့​နောက် ကိုယ့်ကိုယ်ကိုယ် တရားလွန် မျှော်လင့်​တတ်ကြတယ်။ သူတို့ရဲ့ အလုပ်​တာဝန်တွေ ရရှိ​ပြီးတာနဲ့ အဆင်မပြေမှု​တွေ ကြုံ​လာ​ရတဲ့အခါ​မျိုးမှာ ‘ငါ​ဘာဖြစ်​နေပါ​လိမ့်’ လို့ တွေးမိ​တတ်ကြတယ်။ ဒါပေမဲ့ အဆုံးအထိ ဘုရားသခင် ဆက်ပြီး လေ့ကျင့်​သွားနေချိန် တစ်လျှောက်လုံးမှာ စိတ်ရှည်ခြင်း​အားဖြင့်၊ ဝီရိယ​စိုက်ထုတ်​နေခြင်း​အားဖြင့် အခက်အခဲတွေကို ကျော်လွှား​နိုင်မယ်​ဆိုတာကို သူ့​အတွေ့အကြုံ​အပေါ် အခြေခံပြီး ညီအစ်ကို လာ​စ​န်​က အားပေးခဲ့တယ်။—ဟေဗြဲ ၆:၁၁၊ ၁၂

“အမြဲ​စိတ်​နှိမ့်ချ​ကာ ထာဝစဉ် အသက်ရှင်​နိုင်ပါစေ။” အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို အန်​တို​နီ မော​ရ​စ္စ​က သူ့​ဟောပြောချက်ကို ဆာလံ ၂၂:၂၆ အပေါ် အခြေခံ​ထားတယ်။ ကျမ်းချက်ရဲ့ ဒုတိယ​အပိုင်းကို လုံးကောက်​ပြန်ဆို​တယ်​ဆိုရင် ‘သင်တို့​စိတ်နှလုံး အစဉ်အမြဲ အသက်ရှင်ပါ​စေ’ ဖြစ်တယ်။ အဲဒီ​ကောင်းချီး ခံစား​ရဖို့ နှိမ့်ချ​ရမယ်။ နှိမ့်ချမှု မရှိဘူး​ဆိုရင် ဘုရားသခင့် အသုံးတော်ခံ​တစ်ဦး ဖြစ်ခွင့် ဆုံးရှုံးသွား​လိမ့်မယ် ဆိုတဲ့​အကြောင်း ညီအစ်ကို​က အလေးပေး ဖော်ပြ​သွားတယ်။ သက်တမ်းကြာ ခရစ်ယာန်​တွေ​ပဲ ဖြစ်ပါစေ ကျွန်တော်တို့ ဘယ်သူ​မဆို​ဟာ ယေရှု​ခရစ်ကို တုပ​ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ​ကို မျက်ခြည်ပြတ်​သွား​နိုင်ပါတယ်။—၂ ပေတရု ၁:၉

ကျမ်းစာထဲမှာ စိတ်နှိမ့်ချမှု တင်ပြ​သူနဲ့ မတင်ပြ​သူတွေရဲ့ ပုံသက်သေတွေကို ဖော်ပြ​ထားတယ်။ ဟေရုဒ် အဂရိပ္ပ​ဟာ ဘုရားသခင်ပဲ ရထိုက်တဲ့ လူတွေရဲ့ ဂုဏ်တင်မှုကို မောက်မာ​စိတ်နဲ့ ခံယူ​တဲ့​အတွက် ကောင်းကင်တမန်​က သူ့ကို ဒဏ်ခတ်​လိုက်တဲ့အခါ “ပိုး​စား၍ ကွယ်လွန်” ခဲ့တယ်။ (တမန်တော် ၁၂:၂၁–၂၃) ပေတရု​ကျတော့ “ဘုရားသခင်၏ ရှုထောင့်​မှ မစဉ်းစား၊ လူ့​ရှုထောင့်​ဖြင့်​သာ” စဉ်းစား​ခဲ့လို့ ယေရှု သူ့ကို ဆုံးမလိုက်တဲ့​အခါ စိတ်ခု​တာ ဒါမှမဟုတ် စိတ်ဆိုး​တဲ့​ပုံ​ပေါက်​တာ​မျိုး မရှိခဲ့​ပါဘူး။ (မဿဲ ၁၆:၂၁–၂၃) ဆုံးမတာကို လက်ခံခဲ့​ခြင်း​ဖြင့် နှိမ့်ချ​ရာ​မှာ ပုံသက်သေ ဖြစ်လာခဲ့တယ်။—၁ ပေတရု ၅:၅

ကျောင်းသားတွေ​ထဲ​က တချို့ဟာ ယေဟောဝါ​သက်သေ ဌာနခွဲရုံး​မှာ အမှုဆောင်​ကြပါလိမ့်မယ်။ နှိမ့်ချမှု မရှိဘူး​ဆိုရင်တော့ သူတို့ ရတဲ့ တာဝန်ကို လုပ်ဆောင်ရာမှာ ပျော်​တော့​မှာ မဟုတ်ဘူးလို့ ညီအစ်ကို မော​ရ​စ္စ​က သတိ​ပေးခဲ့တယ်။ ဒါပေမဲ့၊ ကိုယ့်မှာ နှိမ့်ချမှု မရှိဘူးဆိုတာ​ကို သတိပြုမိ​ဖို့​တော့ ခက်​နိုင်တယ်။ အဲဒီ​အချက်ကို အလေးပေး ဖော်ပြဖို့ သူ​ဒီလို ပြောပြတယ်။ လွန်ခဲ့တဲ့​နှစ်​အတော်ကြာ​က အကြီးအကဲ​တစ်ဦးဟာ နှိမ့်ချမှု တင်ပြဖို့ ပျက်ကွက်​တဲ့​အတွက် ဆုံးမ​ခံရတဲ့​အခါ သူက “ကျွန်တော်က နှိမ့်ချမှု အရှိဆုံး​သူ ဖြစ်တယ်” လို့ ဌာနခွဲရုံး​ကို စာရေးခဲ့တယ်။ အဲဒီလို နှိမ့်ချမှု မရှိတဲ့ သဘောထားမျိုးကို ရှောင်​ဖို့ ကျောင်းသားတွေကို ညီအစ်ကို မော​ရ​စ္စ​က အားပေး​သွားပါ​တယ်။ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်​ကို ပုံကြီးချဲ့​နေမယ့်​အစား ယေဟောဝါ​ဘုရားနဲ့ ယေရှု​က​သာ အခွင့်အာဏာ​ရဲ့ စစ်မှန်တဲ့ ရင်းမြစ် ဖြစ်ကြောင်း အသိအမှတ်ပြု​နေမယ်​ဆိုရင် ဆက်ပြီး နှိမ့်ချ​နိုင်ကြ​မှာ ဖြစ်တယ်။

“ဘုရားသခင်သည် စွမ်းအားတော်ကို အတိုင်းအဆ​မရှိဘဲ ပေးတော်မူ၏။” (ယောဟန် ၃:၃၄) ဂိလဒ်​သင်တန်း ပို့ချ​သူ ညီအစ်ကို မိုက်ကယ် ဘား​နက်​က ကျောင်းသားတွေကို သူတို့ ကျရာတာဝန်​တွေ​မှာ ကြုံတွေ့ရ​မယ့် အခက်အခဲ​တွေ​နဲ့ သံသယတွေကို ကျော်လွှား​နိုင်ဖို့ စွမ်းအားတော် ကူညီ​ပေးမယ် ဆိုတဲ့​အကြောင်း ပြန်သတိရ​စေပါ​တယ်။ ဗေဇလေလ ရရှိ​ထားတဲ့ တဲတော်​ဆောက်လုပ်ခြင်း တာဝန်​မှာ ကြုံတွေ့ရ​မယ့် အခက်အခဲတွေကို ရင်ဆိုင်​ဖြေရှင်း​နိုင်ဖို့ သူ့ကို ဘုရားသခင့် စွမ်းအားတော်​က ထောက်ကူ​ပေးတယ်။ (ထွက်မြောက်ရာ ၃၅:၃၀–၃၅) စွမ်းအားတော်​က ဗေဇလေလ​ကို လက်မှုပညာ​သည်​တစ်ဦး​မှာ ရှိတဲ့ ပင်​ကိုယ်​အစွမ်းအစတွေ တိုးတက်စေ​ရုံ​သာမက တခြား​သူတွေကို သင်ပေး​နိုင်ဖို့​လည်း ကူညီ​ပေးတယ်။ ဂိလဒ်​ကျောင်းဆင်း​တွေကို​လည်း သန့်ရှင်းသော စွမ်းအားတော်​က အဲဒီလို ကူညီ​ပေး​နိုင်တယ်၊ အထူးသဖြင့် ကျောင်းမှာ သင်ယူ​ခဲ့​တဲ့ ကျမ်းစာထဲက သွန်သင်ခြင်း နည်းပညာ​တွေ​အတိုင်း လုပ်ဆောင်တဲ့​အခါမှာ ဖြစ်တယ်။

ဗေဇလေလ​အချိန်တုန်းက တဲတော်​ဆောက်လုပ်ခြင်း လုပ်ငန်းမှာ အစ္စရေး အမျိုးသမီးတွေလည်း အရေးပါတဲ့ နေရာ​ကနေ ပါဝင်​လုပ်ဆောင်ကြတယ်။ (ထွက်မြောက်ရာ ၃၅:၂၅၊၂၆) ဒီလို​ပါပဲ၊ ကျောင်းမှာ တက်ရောက်​ခဲ့​တဲ့ ညီအစ်မ​တွေ​က​လည်း သူတို့ရဲ့ ခင်ပွန်း​တွေကို ထောက်မခြင်း​အားဖြင့် ‘ကျွမ်းကျင်သူ အမျိုးသမီး’ တွေ ဖြစ်ကြောင်း ပြသ​ကြတယ်။ ညီအစ်ကို ဘား​နက်​က ကျောင်းသားတွေကို ဒီလို​အကြံပြု​ပြီး သူ့​ဟောပြောချက်ကို နိဂုံးချုပ်​ခဲ့တယ်– “နှိမ့်ချ​ခြင်း၊ နာခံ​တတ်တဲ့​သဘော ရှိ​ခြင်းအားဖြင့် သင်တို့ရဲ့ ပင်​ကိုယ်​စွမ်းရည်တွေကို ဟန်ချက်ညီ​စေပါ၊ အဲဒီလို​လုပ်မယ်ဆိုရင် ယေဟောဝါ​ဘုရားက စွမ်းအားတော် အပြည့်အဝ ပေးပါလိမ့်မယ်။”

“အတူတူ က​နိုင်မလား။” သွန်သင်ခြင်း ကော်မတီ​ကို ကူညီပေး​သူ​တစ်ဦး ဖြစ်တဲ့ ညီအစ်ကို မာ့ခ် နူ​မာ​က သူ့​ဟောပြောချက်ကို ဂျေရုဆလင်​မြို့ကို ပဋိညာဉ်​သေတ္တာတော် သယ်ဆောင်​သွား​ချိန်​က ဒါဝိဒ် ပြခဲ့တဲ့ ပုံနမူနာကို သုံးပြီး တင်ဆက်သွား​ပါတယ်။ (၂ ဓမ္မရာဇဝင် ၆:၁၂–၁၄) ဒါဝိဒ်က ပဋိညာဉ်သေတ္တာ သယ်ဆောင်​လာတဲ့ လမ်းခရီး​မှာ “ကျွန်မိန်းမ​များ​ရှေ့တွင်” ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ​ပြီး ပျော်ရွှင်စွာ ကခုန်​ခဲ့တယ်။ (၂ ဓမ္မရာဇဝင် ၆:၂၀–၂၂) ဘုရင်​ဒါဝိဒ်​နဲ့ အတူတူ က​ခဲ့​ဖူး​တဲ့​နေ့ကို အဲဒီ​ကျွန်​မိန်းကလေးတွေ ဘယ်တော့​မှာ မေ့​မှာ မဟုတ်ဘူး။ အဲဒီနောက် ညီအစ်ကို နူ​မာ​က ကျောင်းသားတွေကို ‘ကျွန်​မိန်းကလေးတွေနဲ့​အတူ က​ပါ’ ဆိုပြီး အားပေးတယ်။ နောက်ပြီး “တာဝန်ကြီးတွေ မရရှိ​ထားသူ ဒါမှမဟုတ် မထင်ပေါ်တဲ့​သူတွေကို ကူညီ​ပေးတဲ့​သူ​အဖြစ် ကိုယ့်ကို လူတွေ သိထား​သလား။ . . . ခရစ်ယာန် အရည်အသွေးကောင်း တင်ပြတဲ့​သူတွေကို တန်ဖိုး​ထားပါ​သလား” လို့ သူတို့ကို မေးတယ်။

ကျောင်းသားတွေဟာ ခိုင်မြဲ​တဲ့​မေတ္တာကို အဲဒီလို​နည်းနဲ့ ဆက်ပြ​မယ်​ဆိုရင် ယေဟောဝါ​ဘုရားကို တုပ​ရာ ရောက်​ပါလိမ့်မယ်။ (ဆာလံ ၁၁၃:၆၊ ၇) တခြားသူတွေ နှိမ့်ချမှု​ပြဖို့ ပျက်ကွက်​ရင်တောင် သူတို့ရဲ့ မစုံလင်မှုတွေ​ကြောင့် ကိုယ့်​အပေါ် ထိခိုက်ခွင့် မပြု​သင့်​ပါဘူး။ “ကိုယ့်​ကိုယ်ကို အရေးပါ​သူ​တစ်ဦး​အဖြစ် မမြင်​နဲ့၊ ယေဟောဝါ​ဘုရားရဲ့ သိုး​တွေကို ကိုယ်တော့်​နည်းတူ ဆက်ဆံပါ” လို့​လည်း ဆက်ပြောတယ်။

“အခွင့်အရေး​ရ​တိုင်း သက်သေခံ​ပါ။” သီအိုကရက်တစ်​ကျောင်း​ဌာန ကြီးကြပ်မှူး ဖြစ်တဲ့ ညီအစ်ကို ဝီလျံ ဆမ်မြူရယ်​လ်​စ​န်​က သတင်းကောင်း ဟောပြောဖို့ ရ​နိုင်သမျှ အခွင့်​ရေး​ကို ရှာယူ​သူ​တစ်ဦး ဖြစ်တဲ့ တမန်တော် ပေါလု​အကြောင်း ကိုးကား​ဖော်ပြခဲ့တယ်။ (တမန်တော် ၁၇:၁၇) သူက ဂိလဒ်​ကျောင်း ကာလ​အတွင်း ကျောင်းသားတွေ​ရဲ့ အမှုဆောင်​လုပ်ငန်း​ကနေ ရတဲ့ ရွှင်လန်းမှု​အကြောင်း ကျောင်းသားတွေကို ပြန်​သရုပ်ပြ​စေခဲ့တယ်။ ဥပမာ– မောင်နှံ​တစ်စုံဟာ ဈေး​ဆိုင်​တစ်ဆိုင်​မှာ အရောင်း​စာရေးမ​တစ်ဦး​နဲ့ ဆုံခဲ့တယ်။ လူ​ရှင်း​တဲ့အချိန်​အထိ စောင့်​ပြီး သူ့ကို ကျမ်းစာကို ဘာကြောင့် လေ့လာ​သင့်သလဲ ဗီဒီယိုကို ပြခဲ့တယ်။ နောက်ပြီး jw.org ဝက်ဘ်ဆိုက်​မှာ သူ့ဘာသာ​စကား ဖြစ်တဲ့ လာအို စကားနဲ့ အချက်အလက်​တွေ ရှာတွေ့နိုင်​မယ့်​နေရာကိုလည်း ပြ​ပေးတယ်။ နောက်ပိုင်းမှာ သူ့​ဆီ ပြန်လည်ပတ်​ပြီး စိတ်ဝင်စားမှု​ကို ဆက်ပြီး ပြုစု​ပျိုးထောင်​ပေးခဲ့တယ်။

“နိုင်ငံတော်​လုပ်ငန်း​အတွက် ဆက်ပြီး အသင့်​ရှိ​နေပါ။” အမေရိကန်​နိုင်ငံ ဌာနခွဲရုံး​က လုပ်ငန်းတော်​ဌာန​မှာ အမှုဆောင်တဲ့ ညီအစ်ကို ဝီလျံ နွံ​ကီစ်​က ကျောင်းဆင်း ၄ ဦး​ကို လူတွေ့ မေးမြန်းခဲ့​တယ်။ သူတို့ဟာ နိုင်ငံတော်​လုပ်ငန်း​အတွက် ဟေရှာယ ၆:၈ ပါ စိတ်ဓာတ်​နဲ့ သူတို့​ကိုယ်ကို ပေးဆက်​ဖို့ အသင့်ရှိ​ပြီးသား ဖြစ်ပေမဲ့ အဲဒီထက်​ပိုပြီး လုပ်ဆောင်ဖို့ ကျောင်း​က ကူညီ​ပေးတယ်။ ကျွန်မ​မှာ တိုးတက်ဖို့ လို​နေ​သေး​တာတွေကို သိမြင်​အောင် ဂိလဒ်​ကျောင်း​က ပြပေး​တယ်လို့ ညီအစ်မ စ​နို​လ​ယာ မာ​ဆက်​ကို ပြောပြတယ်။ အထူးသဖြင့် တစ်နေ့လုံး အမှုဆောင်​ပြီး​လို့ ကျန်တဲ့​အချိန်ကို​တောင် ဘယ်လို ပညာရှိရှိ အသုံးပြု​ရမယ်ဆိုတာ သင်ပေးတယ်။ “ဒီလို​လေ့ကျင့်​သင်ကြား​ပေးမှု​က ကျွန်မ လုပ်​နိုင်မယ်လို့ ထင်ထား​တဲ့ အတိုင်းအတာ​ထက် ပို​လုပ်ဖို့ တွန်းအား ဖြစ်စေတယ်” လို့ သူပြောတယ်။ ညီအစ်ကို ဒဲန်း​နစ် နီး​လ်​စ​န် က ဇေဖနိ ၃:၁၇ မှာ ပါတဲ့ အချက်ဟာ အမှုဆောင်​လုပ်ငန်းမှာ စိတ်ဓာတ်ကျ​တာ​မျိုး မဖြစ်ဖို့ အကူအညီ ဖြစ်စေ​ကြောင်း တွေ့ခဲ့တယ်။ “အမှုဆောင်​လုပ်ငန်းမှာ ရလဒ်ကောင်းတွေ မရခဲ့​ရင်တောင် ယေဟောဝါ​ဘုရားက ကြွေးကြော်ခြင်း​နှင့်​တကွ ရွှင်လန်း​မယ်​ဆိုတဲ့ အချက်ကို ကျွန်တော် သတိ​ရသင့်တယ်၊ ကျွန်တော်လည်း အဲဒီလို လုပ်သင့်တယ်” လို့ ညီအစ်ကို နီး​လ်​စ​န် ပြောတယ်။

“မိုးကောင်းကင် ငှက်များ​ကို စေ့စေ့ဆင်ခြင်​ကြလော့။” (မဿဲ ၆:၂၆) အစီအစဉ်ရဲ့ အဓိက ဟောပြောချက်ကို အုပ်ချုပ်ရေး အဖွဲ့ဝင်​တစ်ဦး ဖြစ်တဲ့ စတီဗင် လက်​တ်​က တင်ဆက်ခဲ့တယ်။ ငှက်တွေကို ကျွန်တော်တို့ “စေ့စေ့ ဆင်ခြင်​သင့်​ကြောင်း” ဒါမှမဟုတ် ဂရုတစိုက် ဆန်းစစ်​လေ့လာ​သင့်​ကြောင်း ယေရှုရဲ့ သွန်သင်ချက်ကို အခြေခံပြီး ဟောခဲ့​ပါတယ်။ ငှက်တွေ​က ကျွန်တော်တို့ကို ဘယ်​အရာတွေ သင်ပေး​နိုင်တယ်​ဆိုတဲ့​အကြောင်း သတ်သတ်မှတ်မှတ် သင်ခန်းစာတွေကို သူ ဖော်ပြခဲ့တယ်။–ယောဘ ၁၂:၇

ဥပမာ– ငှက်တွေကို ယေဟောဝါဘုရား ကျွေးမွေး​သလို ကျွန်တော်တို့ကိုလည်း ထောက်ပံ့​ပေးမယ်။ ကျွန်တော်တို့ဟာ “ဘုရားသခင်၏ အိမ်ထောင်စု” ဝင်​များ ဖြစ်ကြတယ်၊ ပြီးတော့ ကိုယ်တော် ပိုင်တဲ့​သူတွေကို ကူညီ​ထောက်ပံ့​ပေးမယ်လို့လည်း အာမခံ​ထားတယ်။ (၁ တိမောသေ ၃:၁၅၊ ၅:၈) ကျွန်တော်တို့​ဘက်က လုပ်​ရမယ့်​အရာတွေ​တော့ ရှိတယ်။ ငှက်တွေ​က ဘုရား ပြင်ဆင်​ပေးထားတဲ့ အစားအစာကို ရှာဖွေ​ရ​သလို ကျွန်တော်တို့လည်း ကိုယ်တော့်​ကောင်းချီး ရဖို့ ‘နိုင်ငံတော်ကို ရှေးဦး​ရှာ’ ရမယ်။–မဿဲ ၆:၃၃

ငှက်​အတော်များများဟာ အန္တရာယ်ကို သတိပြုမိ​တဲ့အခါ အသံနဲ့ သတိပေး​တတ်ကြတယ်​လို့ ညီအစ်ကို လက်​တ်​က ပြောတယ်။ အဲဒီလိုပဲ ကျွန်တော်တို့လည်း သင့်တော်​တဲ့အခါ​တိုင်း လူတွေကို သတိပေး​ကြတယ်။ ဥပမာ၊ ညီအစ်ကို​တစ်ယောက်က “သတိ​မထားမိဘဲ ခြေလှမ်း​မှား” သွားတဲ့အခါ​မျိုးမှာ ဖြစ်တယ်။ (ဂလာတိ ၆:၁) နောက်ပြီး ဟောပြောခြင်း​လုပ်ငန်း​အားဖြင့် အလျင်အမြန် နီးကပ်​လာ​နေတဲ့ “ယေဟောဝါရဲ့ နေ့ကြီး” အကြောင်း လူတွေကို သတိပေး​ကြတယ်။ (ဇေဖနိ ၁:၁၄က​ဘ) နောက်​ဥပမာတစ်ခု​မှာ၊ ရွှေ့​ပြောင်း​နေထိုင်ကြ​တဲ့ ငှက်တွေ​က မြင့်မားတဲ့ တောင်​တွေရဲ့ အထက်မှာ ပျံသန်း​တတ်ကြ​သလို ကျွန်တော်တို့လည်း တောင်ကြီး​တွေ​နဲ့​တူတဲ့ ပြဿနာ အခက်အခဲတွေကို ယေဟောဝါဘုရား အကူအညီ​နဲ့ ကျော်လွှား​နိုင်မယ်​ဆိုတဲ့​အကြောင်း ညီအစ်ကို လက်​တ်​က ရှင်းပြခဲ့တယ်။—မဿဲ ၁၇:၂၀

နိဂုံးပိုင်း။ ကျောင်းသား​အားလုံး ကျောင်းဆင်း​လက်မှတ်​တွေ လက်ခံရ​ယူပြီး​တဲ့​နောက် ကျောင်းသား​တစ်ယောက်က အားလုံး​ကိုယ်စား ကျေးဇူးတင်လွှာ ဖတ်​ပြတယ်။ ညီအစ်ကို လက်​တ်​က သူ့​ဟောပြောချက်ရဲ့ နိဂုံးပိုင်းမှာ ကျွန်တော်တို့ရဲ့ နှလုံး​ထဲ ဘုရားသခင့် စဉ်းစား​တွေးခေါ်ပုံ​တွေ ထည့်သွင်း​တာ​ကို ရထားလမ်း​ရဲ့ ဇ​လီဖားတုံး​မှာ ရိုက်​ထားတဲ့ သံချွန်​တွေ​နဲ့ နှိုင်းယှဉ်​ပြပါ​တယ်။ သံချွန်​တွေ စွဲမြဲ​နေ​စေဖို့ တူ​နဲ့ အကြိမ်ကြိမ် ထု​ရိုက်​ရ​သလို ကျောင်းဆင်း​တွေ​က​လည်း ဂိလဒ်​ကျောင်းမှာ သူတို့ သင်ယူခဲ့ရာ​တွေကို ခဏခဏ ပြန်​ပြီး တွေးတော​ဆင်ခြင်​သင့်တယ်။ လေ့လာခဲ့တဲ့ အရာတွေကို သင်တို့ရဲ့ “နှလုံး​ထဲ​အထိ နက်ရှိုင်း​စွာ စွဲမြဲ​နေဖို့ အချိန်​ပေးပါ” လို့ ညီအစ်ကို လက်​တ်​က ပြောခဲ့တယ်။ ပြီးတဲ့နောက် “ဘုရားသခင့် စဉ်းစား​တွေးခေါ်ပုံ​အတိုင်း လုပ်ဆောင်​ပြီး အခြားသူ​တွေ​အတွက် ကောင်းချီး​တစ်ရပ် ဖြစ်စေပါ” လို့ သူ ဆက်ပြော​ခဲ့​ပါတယ်