ယေဟောဝါသက်သေတွေက လင်မယားကွာရှင်းတာကို ဘယ်လို သဘောထားသလဲ
ယေဟောဝါသက်သေတွေဟာ အိမ်ထောင်ပြုတာ၊ ကွာရှင်းတာနဲ့ပတ်သက်ပြီး ကျမ်းစာအတိုင်း လိုက်နာကြပါတယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အိမ်ထောင်ပြုတဲ့အခါ တစ်သက်လုံးပေါင်းဖို့ ဘုရားသခင် စီစဉ်ခဲ့တာ။ ကျမ်းစာက အိမ်ထောင်ရေးဖောက်ပြန်မှပဲ အိမ်ထောင်ကွာရှင်းခွင့် ပြုတယ်။—မဿဲ ၁၉:၅၊ ၆၊ ၉။
အိမ်ထောင်ရေး အဆင်မပြေတဲ့ စုံတွဲတွေကို သက်သေခံတွေ ကူညီပေးသလား
နည်းလမ်းအမျိုးမျိုးနဲ့ ကူညီပေးပါတယ်။
စာပေတွေအားဖြင့်။ စာပေတွေမှာ အိမ်ထောင်ရေးကို ခိုင်မြဲစေတဲ့ ဆောင်းပါးတွေ ပုံမှန် ဖော်ပြပေးတဲ့အတွက် အဖတ်ဆယ်လို့ မရတော့ဘူးလို့ ထင်ရတဲ့ အိမ်ထောင်တွေပါ ပြန်ခိုင်မြဲလာတယ်။ ဥပမာ၊ “သင့်အိမ်ထောင်ရေး ကတိသစ္စာကို စောင့်ထိန်းခြင်း၊” “ဘယ်လို ခွင့်လွှတ်ရမလဲ၊” “ယုံကြည်စိတ်ချမှုပြန်ရအောင် ကြိုးစားပါ” ဆောင်းပါးတွေကို ကြည့်ပါ။
အစည်းအဝေးတွေအားဖြင့်။ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်အစည်းအဝေးတွေ၊ တိုက်နယ်အစည်းအဝေးတွေနဲ့ ခရိုင်အစည်းအဝေးတွေမှာ အိမ်ထောင်အတွက် လက်တွေ့ကျတဲ့ ကျမ်းစာအကြံပြုချက်တွေကို ဆွေးနွေးပါတယ်။
အကြီးအကဲတွေအားဖြင့်။ အသင်းတော် အကြီးအကဲတွေဟာ ဧဖက် ၅:၂၂-၂၅ လိုမျိုး ကျမ်းချက်တွေသုံးပြီး အိမ်ထောင်သည်တွေကို ကူညီပေးပါတယ်။
အသင်းတော် အကြီးအကဲတွေဟာ သက်သေခံတစ်ယောက် ကွာရှင်းဖို့ ထောက်ခံတာမျိုး လုပ်ပါသလား
မလုပ်ပါဘူး။ အိမ်ထောင်သည်မောင်နှံက ပြဿနာတွေကို ဖြေရှင်းပေးဖို့ အကြီးအကဲတွေကို အကူအညီတောင်းတယ်ဆိုရင်တောင် ဘာလုပ်ပါ၊ ဘာမလုပ်နဲ့ ဆိုပြီး ပြောပိုင်ခွင့် သူတို့မှာ မရှိပါဘူး။ (ဂလာတိ ၆:၅) ကျမ်းစာနဲ့မညီဘဲ အိမ်ထောင်ကွာရှင်းသူဟာ ကျမ်းစာအရ နောက်အိမ်ထောင်ပြုခွင့် မရှိဘူး။—၁ တိမောသေ ၃:၁၊ ၅၊ ၁၂။
ခွဲနေတာကို သက်သေခံတွေ ဘယ်လို သဘောထားသလဲ
အိမ်ထောင်မှာ အဆင်မပြေရင်တောင် အတူနေဖို့ ကျမ်းစာက အားပေးတယ်။ (၁ ကောရိန္သု ၇:၁၀-၁၆) ထက်ထက်သန်သန် ဆုတောင်းတာ၊ ကျမ်းစာ အကြံပြုချက်တွေကို လိုက်နာတာ၊ မေတ္တာပြတာတွေက ပြဿနာ အတော်များများကို ပြေလည်သွားစေတယ်။—၁ ကောရိန္သု ၁၃:၄-၈။ ဂလာတိ ၅:၂၂။
ဒါပေမဲ့၊ အောက်ဖော်ပြပါ ဆိုးဝါးတဲ့ အခြေအနေမျိုးဆိုရင်တော့ တချို့ခရစ်ယာန်တွေဟာ အိမ်ထောင်ဖက်နဲ့ ခွဲနေဖို့ ဆုံးဖြတ်ကြတယ်-
တမင်တကာ မထောက်ပံ့ဘဲနေခြင်း။—၁ တိမောသေ ၅:၈။
ကာယရေးအရ အကြမ်းဖက်ခြင်း။—ဆာလံ ၁၁:၅။
ဝတ်ပြုရေးကို အပြင်းအထန် ဆန့်ကျင်ခြင်း။ ဥပမာ၊ ဘုရားပညတ်ချိုးဖောက်ဖို့ အိမ်ထောင်ဖက်က အတင်းအကျပ် လုပ်တာဖြစ်နိုင်တယ်၊ ခြိမ်းခြောက်ခံရတဲ့ အိမ်ထောင်ဖက်က “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်” နိုင်အောင် ခွဲနေဖို့ဆုံးဖြတ်တာ ဖြစ်နိုင်တယ်။—တမန်တော် ၅:၂၉။