ယေဟောဝါသက်သေတွေက မွေးနေ့ပွဲကို ဘာကြောင့် မကျင်းပတာလဲ
မွေးနေ့ပွဲကျင်းပတာကို ဘုရားသခင် မကြိုက်ဘူးလို့ ယူမှတ်တဲ့အတွက် ယေဟောဝါသက်သေတွေက မွေးနေ့ပွဲကို မကျင်းပတာဖြစ်တယ်။ သမ္မာကျမ်းစာမှာ မွေးနေ့ပွဲမကျင်းပဖို့ တိတိကျကျတားမြစ်ထားတာမရှိပါဘူး။ ဒါပေမဲ့ မွေးနေ့ပွဲလုပ်ရတဲ့အချက်တွေကို ဆင်ခြင်နိုင်ဖို့၊ ဘုရားသခင်ရဲ့ ရှုမြင်ချက်ကို နားလည်နိုင်ဖို့ ကျမ်းစာက ထောက်ကူပေးပါတယ်။ မွေးနေ့ပွဲလုပ်ရတဲ့ အချက်လေးချက်နဲ့ အဲဒါနဲ့ပတ်သက်တဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို သုံးသပ်ကြည့်ရအောင်။
၁။ မွေးနေ့ပွဲက စစ်မှန်တဲ့ခရစ်ယာန်ဘာသာရဲ့ ဇစ်မြစ်မဟုတ်။ လူတစ်ယောက်ရဲ့မွေးနေ့မှာ “နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးတွေက သူ့ကို အန္တရာယ်ပေးနိုင်တယ်။ မွေးနေ့ပွဲမှာ သူငယ်ချင်းတွေရဲ့ ဆုမွန်ကောင်းတောင်းပေးတာတွေက မွေးနေ့ရှင်ကို အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တယ်” ဆိုတဲ့ ယုံကြည်ချက်ကြောင့် မွေးနေ့ပွဲ ကျင်းပရတာဖြစ်တယ်လို့ (Funk & Wagnalls Standard Dictionary of Folklore, Mythology, and Legend ) စာအုပ်မှာ ဖော်ပြထားတယ်။ ရှေးအချိန်တုန်းက မွေးနေ့မှတ်တမ်းတွေဟာ “လျှို့ဝှက်ဆန်းကြယ်တဲ့ နက္ခတ္တဗေဒသိပ္ပံပညာအပေါ်မူတည်ပြီး ဇာတာတွက်ချက်ဖို့ မရှိမဖြစ်လိုအပ်တယ်။ ရှေးရိုးအစဉ်အလာအရ မွေးနေ့ပွဲမှာထွန်းတဲ့ ဖယောင်းတိုင်တွေဟာ ဆုမွန်ကောင်းတောင်းပေးတာတွေကို အထူးဆန်းကြယ်တဲ့နည်းနဲ့ ပြည့်စုံစေတယ်” လို့ (The Lore of Birthdays ) စာအုပ်မှာလည်း ဆိုထားတယ်။
ဒါပေမဲ့ မှော်ပညာ၊ ဗေဒင်ပညာ၊ နတ်ဆိုးပညာ စတာတွေ လိုက်စားတာကို သမ္မာကျမ်းစာမှာ ရှုတ်ချထားပါတယ်။ (တရားဟောရာ ၁၈:၁၄; ဂလာတိ ၅:၁၉–၂၁) ရှေးခေတ်ဗာဗုလုန်မြို့သားတွေကို ဘုရားသခင် အပြစ်ပေးရတဲ့အကြောင်းရင်းတစ်ခုက ဗေဒင်ပညာတစ်မျိုးဖြစ်တဲ့ နက္ခတ်ဗေဒင်ပညာကို သူတို့ လိုက်စားခဲ့လို့ဖြစ်တယ်။ (ဟေရှာယ ၄၇:၁၁–၁၅) ယေဟောဝါသက်သေတွေက ထုံးတမ်းစဉ်လာတိုင်းရဲ့ ဇစ်မြစ်တွေကို အချိန်ကုန်ခံပြီး မလိုက်စားပါဘူး။ ကျမ်းစာမှာပါတဲ့ အဲဒီလိုမျိုးတိကျပြတ်သားတဲ့ လမ်းညွှန်ချက်တွေကိုပဲ လိုက်နာကြတယ်။
၂။ ရှေးခေတ်ခရစ်ယာန်တွေက မွေးနေ့ပွဲကို မကျင်းပခဲ့ကြ။ “မွေးနေ့ပွဲကျင်းပတာက စစ်မှန်တဲ့ခရစ်ယာန်ဘာသာရဲ့ ဓလေ့ထုံးစံမဟုတ်ဘူးလို့ ရှေးခေတ်ခရစ်ယာန်တွေ ခံယူထားကြတယ်” ဆိုပြီး (World Book Encyclopedia ) စာအုပ်မှာ ဖော်ပြထားတယ်။ ယေရှုရဲ့သွန်သင်ချက်တွေကို တိုက်ရိုက်ခံယူခဲ့ကြတဲ့ တမန်တော်တွေနဲ့ တခြားတပည့်တွေက ဒီနေ့ခေတ်ခရစ်ယာန်စစ်အားလုံး လိုက်လျှောက်သင့်တဲ့ပုံနမူနာကို ချမှတ်ထားတယ်လို့ ကျမ်းစာမှာဖော်ပြထားတယ်။—၂ သက်သာလောနိတ် ၃:၆။
၃။ ခရစ်ယာန်စစ်တွေ ကျင်းပနေတဲ့ တစ်ခုတည်းသောပွဲဟာ ယေရှုရဲ့ သေခြင်းအောက်မေ့ရာပွဲဖြစ်ပြီး မွေးနေ့ပွဲ မဟုတ်ပါဘူး။ (လုကာ ၂၂:၁၇–၂၀) ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို ကျင်းပတာ မထူးဆန်းပါဘူး။ အကြောင်းက “သေရသောနေ့သည်လည်း ဖွားမြင်သောနေ့ထက် သာ၍ကောင်း၏” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေသနာ ၇:၁) ယေရှုသေဆုံးချိန်မှာ ဘုရားသခင်ရှေ့ နာမည်ကောင်းရခဲ့တယ်။ ဒါကြောင့် ယေရှုရဲ့မွေးနေ့ထက် သေတဲ့နေ့က ပိုပြီးအရေးပါတယ်။—ဟေဗြဲ ၁:၄။
၄။ ယေဟောဝါဘုရားကို ဝတ်ပြုတဲ့သူတစ်ယောက်ရဲ့ မွေးနေ့ပွဲကို ကျမ်းစာမှာ မတွေ့ရပါဘူး။ ကျမ်းစာမှာ မွေးနေ့ပွဲအကြောင်းဖော်ပြဖို့ မေ့သွားတာလား။ မဟုတ်ပါဘူး။ အကြောင်းက ဘုရားသခင်ကို ဝတ်မပြုတဲ့လူနှစ်ယောက်ရဲ့ မွေးနေ့ပွဲအကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲဒီမွေးနေ့ပွဲနှစ်ပွဲစလုံးမှာ ဆိုးဝါးတာတွေပဲ ဖြစ်ပျက်ခဲ့တယ်။—ကမ္ဘာဦး ၄၀:၂၀–၂၂; မာကု ၆:၂၁–၂၉။
ယေဟောဝါသက်သေတွေရဲ့ သားသမီးတွေက မွေးနေ့ပွဲမလုပ်ရလို့ တစ်ခုခုဆုံးရှုံးတယ်ဆိုပြီး ယူမှတ်သလား
မေတ္တာရှိတဲ့ မိဘတွေလိုပဲ သက်သေခံမိဘတွေက သူတို့ရဲ့သားသမီးတွေကို ချစ်ကြောင်း အချိန်မရွေး အပြောနဲ့ရော အလုပ်နဲ့ပါ ပြကြတယ်။ ဒါကြောင့် သူတို့အတွက် လက်ဆောင်တွေဝယ်ပေးတယ်။ ပျော်ရွှင်စရာ စုဆုံပွဲတွေ ပြုလုပ်ပေးပါတယ်။ လူသားတွေရဲ့ လိုအပ်ရာတွေကို စိတ်လိုကိုယ်လျောက်လုပ်ဆောင်ပေးတဲ့ ဘုရားသခင်ရဲ့ပုံနမူနာကို သက်သေခံတွေ ကြိုးစားတုပကြတယ်။ (မဿဲ ၇:၁၁) ဒါကြောင့် သက်သေခံတွေရဲ့ သားသမီးတွေက တစ်ခုခုဆုံးရှုံးတယ်လို့ မခံစားရဘူးဆိုတာ ဒီမှတ်ချက်တွေအရ သိရတယ်–
“လုံးဝမထင်မှတ်တဲ့အချိန်မှာ လက်ဆောင်တစ်ခုရလိုက်တဲ့အခါ သမီး တအားပျော်တာပဲ။”—အသက် ၁၂ နှစ်အရွယ် တာမီ။
“ဖေဖေနဲ့မေမေက သားရဲ့မွေးနေ့အတွက် ရည်စူးပြီး လက်ဆောင်ဝယ်ပေးတာမျိုး မရှိပါဘူး။ မမျှော်လင့်ထားတဲ့အချိန်မှာ လက်ဆောင်ရတာကို သား ကြိုက်တယ်။”—အသက် ၁၁ နှစ်အရွယ် ဂရယ်ဂရီ။
ကိတ်မုန့်နှစ်လုံးသုံးလုံးနဲ့ သီချင်းတစ်ပုဒ်ကိုဆို၊ အချိန်ဆယ်မိနစ်လောက်နဲ့ ပါတီပွဲလုပ်နိုင်မလား။ တကယ်ပျော်စရာကောင်းတဲ့ ပါတီပွဲဆိုတာ ဘာလဲသိရအောင် သားတို့အိမ်မှာ လာကြည့်လိုက်လေ။—အသက် ၆ နှစ်အရွယ် အဲယ်ရစ်။