ယေဟောဝါသက်သေတွေ သိပ္ပံပညာကို ဘယ်လို သဘောထားသလဲ
သိပ္ပံပညာရဲ့ တိုးတက်အောင်မြင်မှုတွေကို လေးစားသလို အထောက်အထားပြနိုင်တဲ့ ရှာဖွေတွေ့ရှိမှုတွေကိုလည်း လက်ခံပါတယ်။
“သိပ္ပံပညာဆိုသည်မှာ သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက်ပြောင်းလဲမှုတို့၏ အကြောင်းအကျိုးအမှန်တို့ကို နည်းစနစ်ကျနစွာ လေ့လာအသုံးချနိုင်သော ပညာရပ်ကို ဆိုလိုသည်။” (မြန်မာ့စွယ်စုံကျမ်း) သမ္မာကျမ်းစာက သိပ္ပံစာအုပ်မဟုတ်ပေမဲ့ သဘာဝပတ်ဝန်းကျင်ကို လေ့လာဖို့နဲ့ အဲဒီရှာဖွေတွေ့ရှိချက်တွေကနေ အကျိုးရယူဖို့ လူတွေကို အားပေးထားပါတယ်။ နမူနာတချို့ကို သုံးသပ်ကြည့်ပါ-
နက္ခတ္တဗေဒ- “ကောင်းကင်ကို မော့ကြည့်လိုက်ပါဦး။ အဲဒါတွေကို ဘယ်သူဖန်ဆင်းသလဲ။ အဲဒီအလုံးအရင်းကို ရေတွက်ပြီး ခေါ်ထုတ်တဲ့အရှင်ပဲ။ အဲဒီအရှင်က အဲဒါတွေအားလုံးကို နာမည်တပ်ပြီး ခေါ်တယ်။”—ဟေရှာယ ၄၀:၂၆။
ဇီဝဗေဒ- ရှောလမုန်မင်းကြီးက “အပင်နဲ့ပတ်သက်လာရင် လက်ဘနွန်ပြည်မှာပေါက်တဲ့ သစ်ကတိုးပင်ကအစ တံတိုင်းပေါ်မှာပေါက်တဲ့ ဟုဿုပ်ပင်အဆုံး အကုန်ပြောပြနိုင်တယ်။ တိရစ္ဆာန်တွေ၊ ငှက်တွေ၊ တွားသွားသတ္တဝါတွေ၊ ငါးတွေအကြောင်းကိုလည်း ပြောပြနိုင်တယ်။”—၃ ဓမ္မရာဇဝင် ၄:၃၃။
ဆေးပညာ- “ကျန်းမာသူတွေအတွက် သမားတော်မလိုဘူး။ ဖျားနာသူတွေအတွက်ပဲ လိုတာ။”—လုကာ ၅:၃၁။
မိုးလေဝသပညာ- “နှင်းဘဏ္ဍာတိုက်တွေထဲ မင်းဝင်ဖူးသလား။ မိုးသီးဘဏ္ဍာတိုက်တွေကိုကော မြင်ဖူးသလား။ . . . ကမ္ဘာကြီးပေါ်မှာ အရှေ့လေက ဘယ်ကနေ တိုက်ခတ်လာသလဲ။”—ယောဘ ၃၈:၂၂-၂၄။
ကျွန်တော်တို့ရဲ့ စာပေတွေမှာ သဘာဝနဲ့ သိပ္ပံပညာတွေ့ရှိချက် ဆောင်းပါးတွေကို ဖော်ပြပေးပြီး သိပ္ပံပညာကို လေးစားစေပါတယ်။ သက်သေခံမိဘတွေက သားသမီးတွေကို ပညာတတ်ပြီး ပတ်ဝန်းကျင်အခြေအနေကို သိနားလည်စေချင်ကြတယ်။ သက်သေခံတချို့ဆိုရင် သင်္ချာ၊ ဇီဝဗေဒ၊ ရူပဗေဒ စတဲ့ သိပ္ပံပညာရပ်နဲ့သက်ဆိုင်တဲ့ အလုပ်တွေ လုပ်ကိုင်နေကြပါတယ်။
သိပ္ပံပညာမှာ အကန့်အသတ်ရှိ
လူသားတွေရဲ့ မေးခွန်းအားလုံးကို သိပ္ပံပညာက ဖြေဆိုပေးနိုင်မယ်လို့ ကျွန်တော်တို့ မယူဆပါဘူး။ a ဥပမာ၊ ဘူမိဗေဒပညာရှင်တွေက ကမ္ဘာမြေကို ဘာနဲ့ပြုလုပ်ထားသလဲ၊ မနုဿဗေဒ ပညာရှင်တွေက ခန္ဓာကိုယ် ဘယ်လိုလုပ်ဆောင်တယ် ဆိုတာ ခွဲခြမ်းစိတ်ဖြာကြတယ်။ ဒါပေမဲ့ ကမ္ဘာမြေဟာ ဘာကြောင့် သက်ရှိတွေအတွက် အသင့်တော်ဆုံးဂြိုလ် ဖြစ်ရတာလဲ။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကလည်း ဘာကြောင့် ဟန်ချက်ညီညီ လုပ်ဆောင်နိုင်တာလဲ။
ဒီမေးခွန်းတွေအတွက် စိတ်ကျေနပ်လောက်တဲ့အဖြေကို သမ္မာကျမ်းစာကပဲ ပေးနိုင်တယ်လို့ ကျွန်တော်တို့ ကောက်ချက်ချပါတယ်။ (ဆာလံ ၁၃၉:၁၃-၁၆။ ဟေရှာယ ၄၅:၁၈) ဒါကြောင့် ပညာကောင်းကောင်းတတ်မြောက်ဖို့ သိပ္ပံပညာကိုရော သမ္မာကျမ်းစာကိုပါ သင်ယူဖို့လိုတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
သိပ္ပံပညာနဲ့ သမ္မာကျမ်းစာ မကိုက်ညီဘူးလို့ တချို့ ထင်တတ်ကြတယ်။ အဲဒီလိုထင်တာက သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်တာကို အသေအချာ နားမလည်လို့ပါ။ ဥပမာ၊ သမ္မာကျမ်းစာက ကမ္ဘာမြေကို ၂၄ နာရီရှိတဲ့ရက် ခြောက်ရက်တည်းနဲ့ ဖန်ဆင်းခဲ့တယ်လို့ မသွန်သင်ဘူး။—ကမ္ဘာဦး ၁:၁။ ၂:၄။
သီအိုရီတချို့ဟာ သိပ္ပံပညာနဲ့ ကိုက်ညီတဲ့ အထောက်အထား မရှိတဲ့အပြင် ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်တချို့က အဲဒီသီအိုရီတွေကို လက်မခံကြပါဘူး။ ဥပမာ၊ သဘာဝလောကရဲ့ ဒီဇိုင်းလက်ရာတွေက ဉာဏ်ပညာရှိတဲ့သူရဲ့ လက်ရာဖြစ်ကြောင်း ထင်ရှားတယ်၊ ဒါတွေဟာ မတော်တဆဖြစ်လာတာ မဟုတ်ဘူးလို့ ဇီဝဗေဒပညာရှင်၊ ဓာတုဗေဒပညာရှင် အတော်များများ ကောက်ချက်ချသလို ကျွန်တော်တို့လည်း ကောက်ချက်ချပါတယ်။
a သြစတြီးယား ရူပဗေဒစာပေ နိုဗယ်ဆုရှင် အာဝင် ရှရိုဒင်ဂါက သိပ္ပံပညာဟာ “ကျွန်တော်တို့ အသိချင်ဆုံး၊ အရေးအကြီးဆုံး . . . ကိစ္စနဲ့ပတ်သက်ပြီး လုံးဝ နှုတ်ဆိတ်နေတယ်” လို့ ရေးသားခဲ့တယ်။ အဲလ်ဘတ် အိုင်းစတိုင်းကလည်း “လူ့ဘဝရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ရဲ့ စဉ်းစားတွေးခေါ်မှုက မလုံလောက်သေးဘူးဆိုတာ သိလိုက်ရတယ်” လို့ ပြောခဲ့တယ်။