မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေ ဘာကြောင့် ပွဲနေ့တွေ မကျင်းပကြသလဲ

ယေဟောဝါသက်သေတွေ ဘာကြောင့် ပွဲနေ့တွေ မကျင်းပကြသလဲ

 ပွဲနေ့တစ်ခုကို ကျင်းပသင့်မသင့် ယေဟောဝါသက်သေတွေ ဘယ်လို ဆုံးဖြတ်ကြသလဲ။

 ယေဟောဝါသက်သေတွေဟာ ပွဲနေ့တစ်ခုကို ကျင်းပသင့်မသင့် မဆုံးဖြတ်ခင် ကျမ်းစာအကြံပြုချက်ကို အရင်ဆုံး သုံးသပ်ကြတယ်။ ကျမ်းစာအခြေခံမူတွေနဲ့ မကိုက်ညီတဲ့ အခါကြီးရက်ကြီးတွေ အတော်များများ ရှိတယ်။ အဲဒီလို ပွဲနေ့မျိုးဆိုရင် ယေဟောဝါသက်သေတွေ မပါဝင်ကြဘူး။ ကျန်တာကိုတော့ ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်ကြတယ်။ “ဘုရားသခင်ရှေ့၊ လူရှေ့မှာ ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိနိုင်ဖို့” ကြိုးစားကြတယ်။​—တမန်တော် ၂၄:၁၆

 အောက်ပါမေးခွန်းတွေကို ကိုယ်တိုင် သုံးသပ်ပြီးမှ ပွဲနေ့တစ်ခုကို ကျင်းပသင့်မသင့် ယေဟောဝါသက်သေတွေ ဆုံးဖြတ်ကြတယ်။ a

  •   ဒီပွဲနေ့က ကျမ်းစာနဲ့ မညီတဲ့ သွန်သင်ချက်ပေါ် အခြေပြုသလား။

     ကျမ်းစာအခြေခံမူ။ “‘သူတို့ထဲကနေ ထွက်သွားကြ၊ တသီးတခြား နေကြ။ မသန့်ရှင်းတဲ့အရာကို လက်နဲ့တောင် မထိနဲ့တော့’ ဆိုပြီး ယေဟောဝါ ပြောတယ်။”​—၂ ကောရိန္သု ၆:၁၅-၁၇

     ဘုရားအမြင်မှာ မသန့်ရှင်းတဲ့၊ ကျမ်းစာနဲ့ မကိုက်ညီတဲ့ သွန်သင်ချက်တွေနဲ့ ကင်းကင်းရှင်းရှင်း နေဖို့ ယေဟောဝါသက်သေတွေဟာ အောက်ပါအချက်တွေ ပတ်သက်ဆက်နွှယ်တဲ့ ပွဲနေ့တွေကို မကျင်းပကြဘူး။

     တခြားဘုရားတွေ ယုံကြည်ကိုးကွယ်မှုကနေ မြစ်ဖျားခံတဲ့ ပွဲနေ့များ။ ယေရှုက “ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်။ ကိုယ်တော် တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်” လို့ပြောခဲ့တယ်။ (မဿဲ ၄:၁၀) ဒီအကြံပြုချက်ကို လိုက်နာတဲ့အနေနဲ့ ယေဟောဝါသက်သေတွေဟာ ခရစ္စမတ်၊ အီစတာ၊ မေဒေး စတာတွေကို မကျင်းပကြဘူး။ ယေဟောဝါဘုရားကို မဟုတ်ဘဲ တခြားဘုရား ကိုးကွယ်မှုကနေ မြစ်ဖျားခံတဲ့ ပွဲနေ့တွေ ဖြစ်လို့ပါ။ အောက်ပါပွဲနေ့တွေမှာလည်း မပါဝင်ကြဘူး။

    •  ကွန်ဇာ (Kwanzaa)။ ကွန်ဇာဆိုတာ “မတူဒန် ယာ ကွန်ဇာဆိုတဲ့ ဆွာဟီလီစကားလုံးကနေ ဆင်းသက်လာတယ်။ ‘သီးဦးသီးဖျား’ လို့ အဓိပ္ပာယ်ရတဲ့အတွက် ကွန်ဇာပွဲနေ့ဟာ အာဖရိကသမိုင်းတစ်လျှောက် ကျင်းပခဲ့ကြတဲ့ ကောက်ရိတ်သိမ်းပွဲကနေ မြစ်ဖျားခံကြောင်း သိရတယ်။” (Encyclopedia of Black Studies) ကွန်ဇာဟာ ဘာသာရေးပွဲနေ့ မဟုတ်ဘူးလို့ တချို့ ယူဆကြပေမဲ့ Encyclopedia of African Religion စာအုပ်က ကွန်ဇာကို အာဖရိကန် ရိတ်သိမ်းပွဲတစ်ခုနဲ့ နှိုင်းယှဉ်ထားတယ်။ အဲဒီရိတ်သိမ်းပွဲအတွင်း ပေါ်ဦးပေါ်ဖျား ကောက်ပဲသီးနှံတွေကို “နတ်ဘုရားတွေ၊ ဘိုးဘေးတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ပူဇော်ပသကြတယ်။ အမေရိကန်နိုင်ငံသား အာဖရိကလူမျိုးပွဲနေ့ ကွန်ဇာအကြောင်း အသိပေးသူ ဘိုးဘေးတွေ အသက်ကို လက်ဆင့်ကမ်းပေးခဲ့လို့ ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့အနေနဲ့ ပူဇော်ပသခြင်း ဖြစ်တယ်။”

      ကွန်ဇာ

    •  ဆောင်းဦးအလယ်ပွဲတော်။ “လနတ်ဘုရားမကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတဲ့ပွဲတော်” ဖြစ်တယ်။ (Holidays, Festivals, and Celebrations of the World Dictionary) “လနတ်ဘုရားမကို အိမ်ရှင်မတွေ ကန်တော့ကြတဲ့” ထုံးတမ်းဓလေ့ ပါဝင်တယ်။​—Religions of the World​—A Comprehensive Encyclopedia of Beliefs and Practices.

    •  နော်ရုဇ် (Nowruz) “ဇိုရိုအက်စထရီယန်ဘာသာကနေ မြစ်ဖျားခံတဲ့ ပွဲနေ့ ဖြစ်တယ်။ ရှေးခေတ် ဇိုရိုအက်စထရီယန်ပြက္ခဒိန်မှာ နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်တယ်။ . .  ဇိုရိုအက်စထရီယန် ထုံးတမ်းစဉ်လာအရ ရပက်သွင်လို့ခေါ်တဲ့ Spirit of Noon ကို Spirit of Winter က ချမ်းအေးတဲ့လတွေမှာ မြေအောက်ကမ္ဘာကို နှင်ထုတ်လိုက်ပြီး နော်ရုဇ် မွန်းတည့်ချိန်မှာ ပြန်ကြိုဆိုပွဲ ကျင်းပခဲ့တယ်လို့ ဆိုကြတယ်။”​—United Nations Educational, Scientific and Cultural Organization.

    •  ရှာဘီ ရောလ်ဒါ (Shab-e Yalda) တစ်နှစ်တာရဲ့ နေ့တာအတိုဆုံးနေ့မှာ ကျင်းပတဲ့ ဒီပွဲဟာ အလင်းရောင်နတ်ဘုရား “မိသရကို ကိုးကွယ်ခြင်းနဲ့ လုံးဝဆက်နွှယ်နေတယ်” လို့ Sufism in the Secret History of Persia စာအုပ်က ဆိုတယ်။ အဲဒီပွဲနေ့ဟာ ရောမနဲ့ ဂရိ နေနတ်ဘုရား ကိုးကွယ်မှုတွေနဲ့ ပတ်သက်ပုံရှိတယ်လို့လည်း ဖော်ပြထားတယ်။ b

    •  ကျေးဇူးတော်နေ့။ ကွန်ဇာနေ့လိုပဲ ကျေးဇူးတော်နေ့ အားလပ်ရက်ဟာ နတ်ဘုရားတွေကို ဂုဏ်ပြုတဲ့ ရှေးခေတ် ရိတ်သိမ်းပွဲတွေကနေ မြစ်ဖျားခံတယ်။ နောက်ပိုင်းမှာ “အဲဒီထုံးတမ်းစဉ်လာတွေ ခရစ်ယာန်ဘာသာထဲ ဝင်ရောက်လာတယ်။”​—A Great and Godly Adventure​—The Pilgrims and the Myth of the First Thanksgiving.

     အယူသီးမှု၊ ကံတရားယုံကြည်မှုပေါ် အခြေပြုတဲ့ ပွဲနေ့များ။ “ကံကောင်းခြင်း နတ်ဘုရားအတွက် စားပွဲတည်ခင်း” သူတွေဟာ “ယေဟောဝါကို ပစ်ပယ်” သူတွေ ဖြစ်တယ်လို့ ကျမ်းစာ ဆိုထားတယ်။ (ဟေရှာယ ၆၅:၁၁) ဒါကြောင့် အောက်ပါနေ့တွေကို ယေဟောဝါသက်သေတွေ မကျင်းပကြဘူး။

    •  အိုင်ဗင်ကူပလာ (Ivan Kupala) “အိုင်ဗင်ကူပလာနေ့မှာ သဘာဝတရားက မှော်အစွမ်းတန်ခိုးတွေ ထုတ်လွှတ်ပေးတဲ့အတွက် သတ္တိရှိသူ၊ ကံကောင်းသူ မှန်ရင် မှော်အစွမ်းတချို့ ရနိုင်တယ်လို့ ယုံကြည်ကြတယ်” ဆိုပြီး The A to Z of Belarus စာအုပ်က ဆိုတယ်။ တကယ်တော့ နွေယာဉ်စွန်းတန်း ရောက်ချိန်မှာ ဆင်နွှဲတဲ့ တိတ္ထိပွဲကနေ မြစ်ဖျားခံတယ်။ ဒါပေမဲ့ တိတ္ထိတွေဟာ “ခရစ်ယာန်ဘာသာထဲ ပြောင်းဝင်လာပြီးနောက် တိတ္ထိပွဲနေ့ကို ခရစ်ယာန်ပွဲနေ့ (နှစ်ခြင်းဆရာယောဟန်ရဲ့ “သူတော်စင်နေ့”) နဲ့ ရောသမလိုက်ကြတယ်” လို့ Encyclopedia of Contemporary Russian Culture စာအုပ်မှာ ဖော်ပြထားတယ်။

    •  တရုတ်နှစ်သစ်ကူး၊ ကိုရီးယားနှစ်သစ်ကူး။ “အထူးသဖြင့် နှစ်သစ်ကူးကာလ အတောအတွင်း မိသားစုဝင်တွေ၊ ဆွေမျိုးမိတ်ဆွေတွေဟာ တစ်နှစ်တာလုံး ကံကောင်းစေဖို့၊ နတ်ဘုရားတွေ၊ ဝိညာဉ်တွေကို ကန်တော့ဖို့၊ လာမယ့်နှစ်မှာ ကံကောင်းဖို့ အဓိက အာရုံစိုက်ကြတယ်။” (Mooncakes and Hungry Ghosts—Festivals of China) ကိုရီးယားနှစ်သစ်ကူးလည်း အလားတူပါပဲ။ “ဘိုးဘေးတွေကို ကန်တော့ကြတယ်။ မကောင်းဆိုးဝါး နှင်ထုတ်တဲ့ ရိုးရာအစဉ်အလာတွေ ရှိတယ်။ နှစ်သစ်မှာ ကံကောင်းစေဖို့ လုပ်ဆောင်ကြတယ်။ နှစ်သစ်မှာ ဘာတွေ ကြုံရမလဲဆိုတာ အတိတ်နိမိတ် ကောက်ကြတယ်။”​—Encyclopedia of New Year’s Holidays Worldwide.

      တရုတ်နှစ်သစ်ကူး

     ဝိညာဉ် မသေဘူးဆိုတဲ့ အယူအဆကို အခြေပြုတဲ့ ပွဲနေ့များ။ ကျမ်းစာကတော့ သေတယ်လို့ အတိအကျ ဖော်ပြထားတယ်။ (ယေဇကျေလ ၁၈:၄) ဒါကြောင့် ဝိညာဉ် မသေဘူးဆိုတဲ့ အယူအဆကို ထောက်ခံတဲ့ အောက်ပါနေ့တွေကို ယေဟောဝါသက်သေတွေ မကျင်းပကြဘူး။

    •  ဝိညာဉ်ပူဇော်ပွဲနေ့ (လူသေများနေ့)။ ကက်သလစ် စွယ်စုံကျမ်းသစ် အရ “တမလွန်ရောက် ဘာသာတရား ကိုင်းရှိုင်းသူတို့ကို သတိရအောက်မေ့တဲ့နေ့” ဖြစ်တယ်။ ငရဲကလေးမှာ အပြစ်သန့်စင်ခံနေရတဲ့ ဝိညာဉ်တွေဟာ လူ့ဘဝတုန်းက သူတို့အပေါ် မကောင်းခဲ့တဲ့လူတွေရှေ့မှာ မီးစုန်း၊ စုန်းမ၊ ဖားပြုတ် စတဲ့ပုံစံတွေနဲ့ ပေါ်လာတတ်တယ်လို့ အလယ်ခေတ်တစ်လျှောက် ယုံကြည်ခဲ့ကြတယ်။”

    •  အုတ်ဂူသန့်ရှင်းတဲ့နေ့နဲ့ တစ္ဆေကြီး ကန်တော့ပွဲ။ ဒီပွဲနေ့နှစ်ခုကတော့ ဘိုးဘေးတွေကို ဂါရဝပြုကြတဲ့ပွဲတော် ဖြစ်တယ်။ အုတ်ဂူသန့်ရှင်းတဲ့ ပွဲတော်အတွင်း “သေလွန်သူ စားသောက်ဖို့ အစာရေစာတွေ၊ တမလွန်မှာ သုံးစွဲဖို့ စက္ကူငွေတွေ မီးရှို့ပေးရတယ်” ဆိုပြီး Celebrating Life Customs Around the World—From Baby Showers to Funerals စာအုပ်မှာ ဖော်ပြထားတယ်။ “တစ္ဆေကြီးကန်တော့ပွဲအတွင်း၊ အထူးသဖြင့် လပြည့်ညမှာ လူသေနဲ့ လူရှင်တွေ အဆက်အသွယ်ရကြတယ်လို့ ယူဆသူတွေ ရှိတယ်။ ဒါကြောင့် ကွယ်လွန်သူတွေ ကျေနပ်နှစ်သိမ့်စေဖို့၊ ဘိုးဘေးတွေကို ဂါရဝပြုဖို့ သတိနဲ့ ဆောင်ရွက်သင့်တယ်” လို့ အဲဒီစာအုပ်မှာ ဖော်ပြထားတယ်။

    •  ချူစော့။ ဒီပွဲတော်မှာ “သေဆုံးသူတွေရဲ့ ဝိညာဉ်တွေကို စားစရာတွေ၊ ဝိုင်တွေ ပူဇော်ပသကြတယ်” လို့ The Korean Tradition of Religion, Society, and Ethics စာအုပ်မှာ ဖော်ပြထားတယ်။ ဒီလိုပူဇော်ပသခြင်းက “ခန္ဓာကိုယ် သေသွားပေမဲ့ ဝိညာဉ် ဆက်အသက်ရှင်တယ်လို့ ယုံကြည်ကြောင်း” ဖော်ပြတယ်။

     မှော်အတတ်နဲ့ ဆက်နွှယ်နေတဲ့ ပွဲနေ့များ။ “ကိုယ့်သားသမီးကို မီးရှို့ပူဇော်သူ၊ နတ်ဆရာ၊ မှော်ဆရာ၊ နိမိတ်ဖတ်သူ၊ ပယောဂဆရာ၊ စုန်းအတတ်နဲ့ပြုစားသူ၊ နတ်ကတော်ကို၊ ဗေဒင်ဆရာကို မေးမြန်းတဲ့သူ၊ လူသေကိုမေးမြန်းတဲ့သူ . . . တွေကို ယေဟောဝါ ရွံမုန်းတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (တရားဟောရာ ၁၈:၁၀-၁၂) နက္ခတ်ဗေဒင် အပါအဝင် မှော်အတတ်ပညာ မှန်သမျှနဲ့ ကင်းရှင်းနေစေဖို့ ဟောလိုဝင်းပွဲသာမက အောက်ပါပွဲနေ့တွေကိုပါ ယေဟောဝါသက်သေတွေ မကျင်းပကြဘူး။

    •  ဆင်ဟာလာနဲ့ တမီလ် နှစ်သစ်ကူးပွဲတော်။ “ထုံးတမ်းစဉ်လာကိစ္စတချို့ကို နက္ခတ်ဗေဒင်ဆရာတွေ တွက်ချက်မှုအရ အတိတ်နိမိတ်ကောင်းတဲ့ အချိန်အခါမှာ မဖြစ်မနေ လုပ်ဆောင်ရတယ်။”​—Encyclopedia of Sri Lanka.

    •  ဆုန်ကရန်။ ဒီအာရှပွဲတော်ရဲ့နာမည်ဟာ “သက္ကတစကားလုံး . . . ကနေ ဆင်းသက်လာပြီး ‘ပြောင်းရွှေ့ခြင်း’ ‘ကူးပြောင်းခြင်း’ လို့ အဓိပ္ပာယ်ရတယ်။ နေမင်းက မိဿရာသီကို ကူးပြောင်းသွားကြောင်း (ဒီပွဲတော်) သိစေတယ်။”​—Food, Feasts, and Faith—An Encyclopedia of Food Culture in World Religions.

     ယေရှုရဲ့ ပူဇော်သကာကြောင့် အဆုံးတိုင်ပြီဖြစ်တဲ့ မောရှေပညတ်ကျမ်းပါ ပွဲနေ့များ။ “ပညတ်တရားဟာ ခရစ်တော်ကြောင့် အဆုံးတိုင်သွားပြီ” လို့ ကျမ်းစာက ဆိုတယ်။ (ရောမ ၁၀:၄) ရှေးခေတ် အစ္စရေးတွေကို ပေးခဲ့တဲ့ မောရှေပညတ်ရဲ့ အခြေခံမူတွေကနေ ခရစ်ယာန်တွေ အကျိုးရနေဆဲပါ။ ဒါပေမဲ့ မောရှေပညတ်ပါ ပွဲနေ့တွေ၊ အထူးသဖြင့် ရောက်လာပြီးပြီဖြစ်တဲ့ မေရှိယကို စောင့်မျှော်တဲ့ ပွဲနေ့တွေကိုတော့ ခရစ်ယာန်တွေ မကျင်းပကြဘူး။ “အဲဒါတွေဟာ နောင်လာမယ့်အရာတွေရဲ့ အရိပ်ပဲ။ ကိုယ်ထည်အစစ်အမှန်ကတော့ ခရစ်တော် ဖြစ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ကောလောသဲ ၂:၁၇) အဲဒီပွဲနေ့တွေ ကျင်းပရတဲ့ ရည်ရွယ်ချက် ပြည့်စုံပြီးဖြစ်လို့၊ ကျမ်းစာနဲ့ မညီတဲ့ ထုံးတမ်းစဉ်လာတွေ ပါဝင်ပတ်သက်နေလို့ အောက်ပါပွဲနေ့တွေကို ယေဟောဝါသက်သေတွေ မကျင်းပကြဘူး။

    •  ဟာနူးကာ။ ဂျေရုဆလင်မြို့က ဂျူးဗိမာန်တော်ကို ပြန်လည်အပ်နှံပွဲ ကျင်းပတဲ့နေ့ ဖြစ်တယ်။ ဒါပေမဲ့ ယေရှုဟာ ပုရောဟိတ်မင်းအဖြစ် “ပိုကြီးမြတ်သာလွန်တဲ့ တဲတော်ထဲ ဝင်သွားတယ်။ အဲဒီတဲတော်ဟာ လူတွေ ဆောက်ထားတာ မဟုတ်ဘူး၊ ကမ္ဘာပေါ်မှာ တည်ရှိတာ မဟုတ်ဘူး” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဟီဘရူး ၉:၁၁) ခရစ်ယာန်တွေအတွက်တော့ အဲဒီပုံဆောင် ဗိမာန်တော်က ဂျေရုဆလင်မြို့၊ ပကတိဗိမာန်တော်ကို အစားထိုးလိုက်ပြီ။

    •  ရော့ရှ်ဟာရှာနာ။ ဒါက ဂျူးတွေရဲ့ နှစ်ဆန်း ၁ ရက်နေ့ ဖြစ်တယ်။ ရှေးခေတ်တုန်းက ဒီပွဲတော်နေ့မှာ ဘုရားသခင်ဆီ အလှူတွေ မီးရှို့ပူဇော်ခဲ့ကြတယ်။ (တောလည်ရာ ၂၉:၁-၆) ဒါပေမဲ့ ယေရှုခရစ်တော်၊ မေရှိယက “ပူဇော်သက္ကာတွေ၊ အလှူတွေကို ရပ်စဲစေ” ခဲ့လို့ ဘုရားရှေ့မှာ ပျက်ပြယ်သွားပြီ။​—ဒံယေလ ၉:၂၆၊ ၂၇

  •   ဒီပွဲနေ့က ယုံကြည်ခြင်း ရောနှောမှု ဖြစ်စေသလား။

     ကျမ်းစာအခြေခံမူ။ “ယုံကြည်သူနဲ့ မယုံကြည်သူ ဘယ်လိုလုပ် မျှဝေခံစားနိုင်မလဲ။ ဘုရားသခင်ရဲ့ ဗိမာန်တော်ထဲမှာ ရုပ်တုတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။”​—၂ ကောရိန္သု ၆:၁၅-၁၇

     ယေဟောဝါသက်သေတွေဟာ တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် နေဖို့ ကြိုးစားကြတယ်။ ဘာကို ယုံကြည်မယ်ဆိုတာနဲ့ပတ်သက်ပြီး ကိုယ်ပိုင် ရွေးချယ်ခွင့်ကို လေးစားကြတယ်။ ဒါပေမဲ့ အောက်ပါနည်းတွေနဲ့ ဘာသာရေးရောနှောမှု ဖြစ်စေတဲ့ ပွဲနေ့တွေကို ရှောင်ကြတယ်။

     ဘာသာရေးယုံကြည်ချက် မတူသူတွေ စည်းလုံးစွာ ဝတ်ပြုကိုးကွယ်ဖို့ အားပေးတဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦး ဒါမှမဟုတ် ဖြစ်ရပ်တွေနဲ့ပတ်သက်တဲ့ ပွဲနေ့များ။ တခြားဘာသာဝင်တွေ နေထိုင်တဲ့ နယ်မြေသစ်ဆီ မိမိရဲ့လူတွေကို ဘုရား ခေါ်ဆောင်သွားချိန်မှာ ဒီလိုမှာတယ်- “သူတို့နဲ့ဖြစ်စေ၊ သူတို့ဘုရားတွေနဲ့ဖြစ်စေ ကတိသစ္စာမပြုနဲ့။ . .  သူတို့ရဲ့ဘုရားတွေကို မင်းတို့ဝတ်ပြုရင် ထောင်ချောက်ထဲ ကျလိမ့်မယ်။” (ထွက်မြောက်ရာ ၂၃:၃၂၊ ၃၃) ဒါကြောင့် အောက်ပါပွဲနေ့တွေမှာ ယေဟောဝါသက်သေတွေ မပါဝင်ကြဘူး။

    •  လွိုင်ကရာထုန်။ ထိုင်းနိုင်ငံရဲ့ ပွဲတော်မှာ “ငှက်ပျောရွက်ကို ကန်တော့ပွဲလေးတွေ လုပ်ကြတယ်။ အဲဒီကန်တော့ပွဲလေးတွေပေါ်မှာ ဖယောင်းတိုင်၊ အမွေးတိုင်တွေ ထွန်းပြီး ရေမှာ မျှောချကြတယ်။ ကံဆိုးမှုတွေကို လှေနဲ့ မျှောချလိုက်တာလို့ ဆိုကြတယ်။ အမှန်မှာ ဗုဒ္ဓရဲ့ခြေရာတော်တစ်ခုအတွက် အထိမ်းအမှတ်ပွဲတော် ကျင်းပခြင်း ဖြစ်တယ်။”​—Encyclopedia of Buddhism.

    •  အမျိုးသားနောင်တအထိမ်းအမှတ်နေ့။ ဒီပွဲနေ့ ကျင်းပတဲ့သူတွေဟာ “ခရစ်ယာန်ယုံကြည်ချက် အခြေခံသဘောတရားတွေကို လက်ခံကြတယ်” လို့ အစိုးရအရာရှိတစ်ဦးက ဆိုကြောင်း ပါပူဝါ နယူးဂီနီနိုင်ငံ၊ သည်နေရှင်းနယ် သတင်းစာမှာ ဖော်ပြထားတယ်။ ဒီပွဲနေ့ကို ကျင်းပခြင်းကြောင့် “နိုင်ငံတစ်ဝန်း ခရစ်ယာန်မူတွေ ကျင့်သုံးလာစရာ အကြောင်းရှိတယ်” လို့လည်း ပြောတယ်။

    •  ဝေဆာ့ခ် (ကဆုန်လပြည့်နေ့)။ “ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တွေထဲမှာ အထွတ်အမြတ်နေ့ ဖြစ်တယ်။ ဗုဒ္ဓရဲ့ မွေးနေ့၊ ဉာဏ်အလင်းရတဲ့နေ့၊ ကွယ်လွန်တဲ့နေ့ ဒါမှမဟုတ် ပရိနိဗ္ဗာန်စံတဲ့နေ့ ဖြစ်လို့ ပွဲကျင်းပကြတယ်။”​—Holidays, Festivals, and Celebrations of the World Dictionary.

      ဝေဆာ့ခ်

     ကျမ်းစာမှာ မပါတဲ့၊ ဘာသာရေးထုံးတမ်းစဉ်လာပေါ် အခြေပြုတဲ့ ပွဲနေ့များ။ ဘာသာရေးခေါင်းဆောင်တွေကို ယေရှုက “ခင်ဗျားတို့ဟာ ထုံးတမ်းစဉ်လာကို လိုက်ဖို့အတွက် ဘုရားသခင်ရဲ့ တရားစကားကို ဘေးချိတ်လိုက်တာပဲ” ဆိုပြီး ပြောခဲ့တယ်။ “လူ့ထုံးတမ်းစဉ်လာကို . .  အယူဝါဒသဖွယ်” သွန်သင်တဲ့အတွက် သူတို့ရဲ့ကိုးကွယ်မှုက အချည်းနှီးပဲလို့ ပြောသေးတယ်။ (မဿဲ ၁၅:၆၊) ဒီသတိပေးချက်ကို လိုက်နာတဲ့အတွက် ယေဟောဝါသက်သေတွေ ဘာသာရေးပွဲနေ့တွေကို မကျင်းပကြဘူး။

    •  အက်ပီဖနီ (ဘုရင်သုံးပါးနေ့၊ Timkat, or Los Reyes Magos)။ ယေရှုဆီ နက္ခတ်ဗေဒင်ဆရာတွေ ရောက်လာခြင်း၊ ယေရှု နှစ်ခြင်းခံခြင်း အထိမ်းအမှတ်ပွဲ ဖြစ်တယ်။ “မြစ်ရေချောင်းရေ နတ်ဘုရားတွေကို ဂုဏ်ပြုကြတဲ့ တိတ္ထိတွေရဲ့ နွေဦးပွဲတော်တွေကို ခရစ်ယာန်မှုပြုထားတဲ့” ပွဲတော် ဖြစ်တယ်။ (The Christmas Encyclopedia) အဲဒီပွဲနဲ့ဆက်နွှယ်တဲ့ Timkat ကတော့ “ရိုးရာ အစဉ်အလာ” ပွဲတော် ဖြစ်တယ်။”​—Encyclopedia of Society and Culture in the Ancient World.

    •  အပျိုစင်မာရိ ကောင်းကင်သို့ ချီဆောင်ခြင်းခံရတဲ့ပွဲ။ ယေရှုရဲ့ မိခင်ဟာ ကိုယ်ခန္ဓာနဲ့ ကောင်းကင် တက်သွားတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဒီပွဲကို ကျင်းပကြတယ်။ “အဲဒီယုံကြည်ချက်အကြောင်း အစောပိုင်းခရစ်ယာန်တွေ မသိသလို ကျမ်းစာမှာ ဖော်ပြထားခြင်း မရှိဘူး” လို့ Religion and Society​—Encyclopedia of Fundamentalism စာအုပ်က ဆိုတယ်။

    •  လုံးဝ အပြစ်ကင်းတဲ့ သန္ဓေတည်ခြင်း ပွဲတော်။ “လုံးဝ အပြစ်ကင်းတဲ့ သန္ဓေတည်ခြင်းအကြောင်း ကျမ်းစာမှာ မသွန်သင်ထားဘူး။ . . . ဘုရားကျောင်းတော်ရဲ့ သွန်သင်ချက်ဖြစ်ကြောင်း ထင်ရှားတယ်။”​—ကက်သလစ် စွယ်စုံကျမ်းသစ်။

    •  အစာရှောင် ဥပုသ်စောင့်ခြင်း။ ကျမ်းစာ ရေးသားပြီးစီးလို့ အနှစ် ၂၀၀ ကျော်၊ “စတုတ္ထရာစုမှာ” နောင်တရတဲ့အနေနဲ့ အစာရှောင်တဲ့ကာလကို အစပြုခဲ့ကြတယ်လို့ ကက်သလစ် စွယ်စုံကျမ်းသစ်က ဆိုတယ်။ ဥပုသ်ကာလ ပထမနေ့၊ “ပြာခံပွဲ ဗုဒ္ဓဟူးနေ့မှာ ဘာသာရေးကိုင်းရှိုင်းသူတွေ ပြာခံယူတဲ့ဓလေ့ကို ၁၀၉၁ ခုနှစ်၊ ဘယ်နီဗင်တိုမြို့မှာ ကျင်းပတဲ့ သာသနာရေးစည်းဝေးပွဲက စပြီး ကျင့်သုံးလာကြတယ်” လို့လည်း စွယ်စုံကျမ်းမှာ ဖော်ပြထားတယ်။

    •  မာစကာလ် (Meskel or, Maskal)။ “စစ်မှန်သောကားတိုင် (ခရစ်တော်ကို တင်သတ်ခဲ့တဲ့ ကားတိုင်) ကို ရှာဖွေတွေ့ရှိခြင်း” အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ဒီအီသီယိုးပီးယားပွဲတော်မှာ “မီးပုံပွဲ ပြုလုပ်ပြီး ပတ်လည်မှာ ကခုန်ကြတယ်” လို့ Encyclopedia of Society and Culture in the Medieval World မှာ ဖော်ပြထားတယ်။ ယေဟောဝါသက်သေတွေကတော့ ဝတ်ပြုကိုးကွယ်မှုမှာ လက်ဝါးကားတိုင်ကို မသုံးကြဘူး။

  •   ဒီပွဲနေ့က လူ၊ အဖွဲ့အစည်း ဒါမှမဟုတ် နိုင်ငံတစ်ခုရဲ့ အထိမ်းအမှတ်ကို ဂုဏ်တင်ချီးမြှောက်သလား။

     ကျမ်းစာအခြေခံမူ။ “ယေဟောဝါ ပြောတာက “လူတွေကို ယုံကြည်ကိုးစားတဲ့သူ၊ လူ့အစွမ်းတန်ခိုးကို အားကိုးတဲ့သူ၊ ယေဟောဝါဆီကနေ စိတ်နှလုံးလမ်းလွဲသွားတဲ့သူ ကျိန်စာသင့်ပါစေ။”​—ယေရမိ ၁၇:၅

     ယေဟောဝါသက်သေတွေဟာ လူလူချင်းကို ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့အပြင် ဆုလည်း တောင်းပေးကြတယ်။ ဒါပေမဲ့ အောက်ပါပွဲနေ့တွေမှာတော့ မပါဝင်ကြဘူး။

     အစိုးရမင်း ဒါမှမဟုတ် အထင်ကရပုဂ္ဂိုလ်တစ်ဦးကို ဂုဏ်ပြုတဲ့ ပွဲနေ့များ။ “နှာခေါင်းနဲ့ အသက်ရှူမှ ရှင်သန်နိုင်မယ့်လူကို ယုံကြည်ကိုးစားမနေနဲ့တော့။ လူကိုများ ဘာလို့ အရေးတယူ လုပ်နေမှာလဲ” လို့ ကျမ်းစာက ဆိုထားတယ်။ (ဟေရှာယ ၂:၂၂) ဒါကြောင့် နိုင်ငံဦးသျှောင်ရဲ့ မွေးနေ့မှာ ယေဟောဝါသက်သေတွေ မပါဝင်ကြဘူး။

     နိုင်ငံတော်အလံအတွက် ကျင်းပတဲ့ပွဲများ။ အလံတော်နေ့ကို ယေဟောဝါသက်သေတွေ မကျင်းပကြဘူး။ ဘာကြောင့်လဲ။ “ရုပ်တုဆင်းတုကို ဝေးဝေးရှောင်ကြပါ” ဆိုပြီး ကျမ်းစာ ဆိုထားလို့ပဲ။ (၁ ယောဟန် ၅:၂၁) အခုခေတ် လူတချို့က အလံဟာ ဝတ်ပြုကိုးကွယ်ရာတစ်ခု ဖြစ်တယ်လို မယူဆကြဘူး။ ဒါပေမဲ့ သမိုင်းဆရာ ကာလ်တန်ဟေးက “အလံသည် မျိုးချစ်စိတ် အမှတ်အသားကြီးတစ်ခု၊ ဝတ်ပြုကိုးကွယ်ရာ အထိမ်းအမှတ်ကြီး ဖြစ်သည်” လို့ ရေးခဲ့တယ်။

     သူတော်စင်တစ်ဦးကို ဂုဏ်ပြုတဲ့ ပွဲနေ့များ။ ဘုရားသခင်ကို ကြောက်ရွံ့သူတစ်ဦး တမန်တော်ပေတရုကို ဦးညွှတ်အရိုအသေပေးတဲ့အခါ ဘာဖြစ်ခဲ့သလဲ။ “ပေတရုက သူ့ကို ဆွဲထူပြီး ‘ထပါ။ ကျွန်တော်လည်း လူပါပဲ’ လို့ပြောတယ်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (တမန်တော် ၁၀:၂၅၊ ၂၆) အထူးဂုဏ်ပြု အရိုအသေပေးတာကို ပေတရုသာမက တမန်တော်တစ်ဦးမှ လက်မခံခဲ့ကြတဲ့အတွက် သူတော်စင်ဆိုသူတွေကို ဂုဏ်ပြုတဲ့ အောက်ပါပွဲနေ့တွေမှာ ယေဟောဝါသက်သေတွေ မပါဝင်ကြဘူး။

    •  သူတော်စင်များနေ့။ “သူတော်စင်အားလုံးကို ဂုဏ်ပြုတဲ့ ပွဲနေ့ ဖြစ်တယ်။ . . . ဒီပွဲတော် အစပြုလာပုံအကြောင်း အသေအချာ မသိပါ။”​—ကက်သလစ် စွယ်စုံကျမ်းသစ်။

    •  ဂွာဒါလုနတ်သမီးပွဲတော်။ “မက္ကဆီကိုနိုင်ငံကို စောင့်ရှောက်ပေးတဲ့ သူတော်စင်” ကို ဂုဏ်ပြုတဲ့ ပွဲတော် ဖြစ်ပြီး ယေရှုရဲ့မိခင် မာရိ ဖြစ်မယ်လို့ ယုံကြည်ကြတယ်။ အဲဒီအမျိုးသမီးဟာ ၁၅၃၁ ခုနှစ်မှာ ဆင်းရဲသားတစ်ဦးရှေ့ ပေါ်လာတယ်လို့ ဆိုကြတယ်။​—The Greenwood Encyclopedia of Latino Literature.

      ဂွာဒါလုနတ်သမီးပွဲတော်

    •  နာမည်ပေးတဲ့နေ့။ “ကလေးကို နှစ်ခြင်းပေးချိန် ဒါမှမဟုတ် အသင်းဝင်ခွင့်ပြုတဲ့ အခမ်းအနားမှာ နာမည်ပေးကြပြီး ကလေးနဲ့ နာမည်တူတဲ့ သူတော်စင်ရဲ့ ပွဲနေ့ ဖြစ်တယ်” လို့ Celebrating Life Customs Around the World​—From Baby Showers to Funerals စာအုပ်က ဆိုတယ်။ ကလေးကို နာမည်ပေးတဲ့နေ့မှာ “ဘာသာရေးထုံးတမ်းစဉ်လာတွေကို” လိုက်နာဆောင်ရွက်ရတယ်လို့လည်း ဖော်ပြထားတယ်။

     နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားမှု ပွဲတော်များ။ “လူတွေကို အားကိုးတာထက် ယေဟောဝါဆီမှာ ခိုလှုံတာ ပိုကောင်းတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ဆာလံ ၁၁၈:၈၊ ၉) ကမ္ဘာ့ပြဿနာတွေ ဖြေရှင်းဖို့ လူတွေထက် ယေဟောဝါကို အားကိုးကြတဲ့အတွက် လူငယ်များနေ့ ဒါမှမဟုတ် အမျိုးသမီးများနေ့စတဲ့ နိုင်ငံရေး၊ လူမှုရေး ကင်ပိန်းတွေမှာ မပါဝင်ကြဘူး။ လွတ်မြောက်ရေးနေ့ ဒါမှမဟုတ် အလားတူနေ့မျိုးတွေမှာလည်း မပါဝင်ကြဘူး။ လူမျိုးရေးပြဿနာတွေ၊ မမျှတမှုတွေကို ဖြေရှင်းပေးမယ့် ဘုရားသခင့်နိုင်ငံကိုပဲ စောင့်မျှော်ကြတယ်။​—ရောမ ၂:၁၁။ ၈:၂၁

  •   ဒီပွဲနေ့က ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးစုကို တခြားနိုင်ငံ၊ လူမျိုးစုတွေထက် ချီးမြှောက်သလား။

     ကျမ်းစာအခြေခံမူ။ ‘ဘုရားသခင် မျက်နှာမလိုက်ဘူး။ ဘယ်လူမျိုးဖြစ်ဖြစ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မှန်ရာလုပ်မယ်ဆိုရင် ဘုရားရဲ့ နှစ်သက်လက်ခံမှုကို ရတာပဲ။’​—တမန်တော် ၁၀:၃၄၊ ၃၅

     ယေဟောဝါသက်သေတွေဟာ ကိုယ့်နိုင်ငံကို နှစ်သက်မြတ်နိုးကြပေမဲ့ အောက်ပါနည်းတွေနဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးစု ချီးမြှောက်တဲ့ပွဲတွေမှာ မပါဝင်ကြဘူး။

     စစ်တပ်ကို ဂုဏ်ပြုတဲ့ အခမ်းအနားများ။ စစ်ကို အားပေးထောက်ခံမယ့်အစား မိမိရဲ့နောက်လိုက်တွေကို ယေရှုက “ရန်သူကို ချစ်မြဲချစ်ပါ။ ကိုယ့်ကို နှိပ်စက်သူတွေအတွက် အမြဲဆုတောင်းပေးပါ” လို့မှာခဲ့တယ်။ (မဿဲ ၅:၄၄) ဒါကြောင့် စစ်သည်တွေကို ဂုဏ်ပြုတဲ့ အခမ်းအနားတွေ၊ အောက်ပါအားလပ်ရက်တွေကို ယေဟောဝါသက်သေတွေ မကျင်းပကြဘူး။

    •  အန်ဇက်နေ့။ “အန်ဇက်ဆိုတာ ဩစတြေးလျနဲ့ နယူးဇီလန်တပ်ဖွဲ့ဝင်တွေကို ဆိုလိုတယ်။ ကြာလာတော့ အန်ဇက်နေ့ဟာ စစ်အတွင်း ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အောက်မေ့ရာနေ့ ဖြစ်လာတယ်။”​—Historical Dictionary of Australia.

    •  စစ်ပြန်များနေ့ (အောက်မေ့ဖွယ်နေ့၊ အမှတ်တရ အောက်မေ့ဖွယ်နေ့)။ “စစ်ပြန်စစ်မှုထမ်းဟောင်းတွေ၊ စစ်အတွင်း ကျဆုံးခဲ့သူတွေကို” ဂုဏ်ပြုတဲ့နေ့တွေ ဖြစ်တယ်။​—Encyclopædia Britannica.

     နိုင်ငံရဲ့ သမိုင်းဝင်နေ့ ဒါမှမဟုတ် လွတ်လပ်ရေးနေ့။ “ကျွန်တော်က ဒီလောကနဲ့ မပတ်သက်သလို သူတို့လည်း လောကနဲ့ မပတ်သက်ကြပါဘူး” ဆိုပြီး မိမိရဲ့နောက်လိုက်တွေအကြောင်း ယေရှု ပြောခဲ့တယ်။ (ယောဟန် ၁၇:၁၆) ယေဟောဝါသက်သေတွေဟာ နိုင်ငံရဲ့ သမိုင်းကြောင်းကို လေ့လာလိုစိတ် ရှိကြပေမဲ့ အောက်ပါနေ့တွေမှာ မပါဝင်ကြဘူး။

    •  ဩစတြေးလျနေ့။ Worldmark Encyclopedia of Cultures and Daily Life စာအုပ်အရ “၁၇၈၈ ခုနှစ်၊ အင်္ဂလိပ်စစ်သည်တွေ အလံစိုက်ထူပြီး ဩစတြေးလျကို ကိုလိုနီနိုင်ငံအဖြစ် ကြေညာခဲ့ကြတဲ့နေ့” ကို အစွဲပြုပြီး ကျင်းပကြတဲ့နေ့ ဖြစ်တယ်။

    •  ဂိုင်းဖော့စ်နေ့။ “၁၆၀၅ ခုနှစ်မှာ ပထမမြောက် ဂျိမ်းဘုရင်ကို သတ်ပြီး အင်္ဂလန်ပါလီမန်ကို ဗုံးခွဲဖို့ ဂိုင်းဖော့စ်နဲ့ အပေါင်းအပါတွေရဲ့ အကြံအစည် မအောင်မြင်ဘဲ ပျက်ပြယ်သွားတဲ့ဖြစ်ရပ်ကို အမှတ်တရ ကျင်းပတဲ့အမျိုးသားနေ့” ဖြစ်တယ်။​—A Dictionary of English Folklore.

    •  လွတ်လပ်ရေးနေ့။ နိုင်ငံအတော်များများမှာ ဒီနေ့ဟာ “တိုင်းတစ်ပါးလက်အောက်မှ မိမိတို့နိုင်ငံ လွတ်လပ်ရေး ရရှိတဲ့ နှစ်ပတ်လည်နေ့၊ အထိမ်းအမှတ်ပွဲ ကျင်းပတဲ့ နေ့တစ်နေ့ ဖြစ်တယ်။”​—Merriam-Webster’s Unabridged Dictionary.

  •   ဒီပွဲနေ့ဟာ ထိန်းမနိုင်သိမ်းမရ၊ အကျင့်ပျက်တယ်လို့ နာမည်ရသလား။

     ကျမ်းစာအခြေခံမူ။ “တစ်ချိန်တုန်းက လောကမှာရှိတဲ့လူတွေရဲ့ အလိုအတိုင်း ခင်ဗျားတို့ ကျင့်ကြံခဲ့တာတွေ တော်လောက်ပါပြီ။ အဲဒီတုန်းက ခင်ဗျားတို့ဟာ မျက်နှာပြောင်တိုက်တာ၊ ရမ္မက်အလိုကို မထိန်းနိုင်တာ၊ သောက်ကြူးတာ၊ အထိန်းအကွပ်မဲ့ ပွဲလုပ်တာ၊ အပြိုင်အဆိုင် သောက်စားတာ၊ ရွံမုန်းဖွယ်ကောင်းတဲ့ ရုပ်တုကိုးကွယ်တာတွေ လုပ်ခဲ့ကြတယ်။”​—၁ ပေတရု ၄:၃

     ဒီကျမ်းစာမူနဲ့အညီ ယေဟောဝါသက်သေတွေဟာ မူးယစ်သောက်စား၊ အထိန်းအကွပ်မဲ့ သောင်းကျန်းတတ်ကြတဲ့ ပွဲတွေကို ရှောင်ကြတယ်။ ယေဟောဝါသက်သေတွေဟာ မိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းစုဆုံတတ်ကြပါတယ်။ အရက်ယမကာတွေ ပါမယ်ဆိုရင်လည်း တော်သင့်ရုံဖြစ်ဖို့ ဂရုစိုက်ကြတယ်။ “စားတာဖြစ်ဖြစ်၊ သောက်တာဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် ဘုရားသခင်ရဲ့ ဘုန်းတော်ကိုထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ” ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကို အတတ်နိုင်ဆုံး လိုက်နာကြတယ်။​—၁ ကောရိန္သု ၁၀:၃၁

     ဒါကြောင့် ယေဟောဝါသက်သေတွေဟာ ကာနီဗယ်ပွဲတွေ ဒါမှမဟုတ် ကျမ်းစာ တားမြစ်ထားတဲ့၊ မဖွယ်မရာ အမူအကျင့်တွေကို အားပေးအားမြှောက်ပြုတဲ့ အလားတူပွဲနေ့တွေမှာ မပါဝင်ကြဘူး။ အဲဒီထဲမှာ ဂျူးပွဲတော် ပုရိမ်လည်း ပါတယ်။ ပုရိမ်ကို ဘီစီ ငါးရာစု၊ ဂျူးတွေ လွတ်မြောက်မှု အထိမ်းအမှတ်ပွဲတော်အဖြစ် ကျင်းပလာခဲ့ကြပေမဲ့ အခုတော့ “ဂျူးတွေရဲ့ မာဒီဂရာစ် ဒါမှမဟုတ် ဂျူးတွေရဲ့ ကာနီဗယ်ပွဲအဖြစ် သတ်မှတ်လာကြပြီ” လို့ Essential Judaism စာအုပ်က ဖော်ပြတယ်။ ရွှင်မြူးနေသူတွေဟာ “ဆန်းပြားတဲ့ဝတ်စုံတွေ (ယောက်ျားတွေက မိန်းမလို) ဝတ်ဆင်ကြ၊ အထိန်းအကွပ် မရှိ၊ သောက်စားမြူးထူးပြီး ဆူဆူညံညံ ပွဲခံကြတယ်။”

 ပွဲနေ့တွေ မကျင်းပတဲ့ ယေဟောဝါသက်သေတွေဟာ ကိုယ့်မိသားစုဝင်တွေကိုရော ချစ်ကြသေးရဲ့လား။

 ချစ်ကြပါတယ်။ ကိုယ့်မိသားစုဝင်တွေ ယုံကြည်သူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူတို့ကို ချစ်ခင်လေးစားဖို့ ကျမ်းစာ သွန်သင်ထားတယ်။ (၁ ပေတရု ၃:၁၊ ၂၊) ယေဟောဝါသက်သေ မိသားစုဝင်တစ်ဦး ပွဲနေ့တွေမှာ မပါဝင်တော့တဲ့အခါ ဆွေမျိုးတွေ စိတ်ထိခိုက်နိုင်တယ်။ သူတို့ကို သစ္စာဖောက်တယ်လို့တောင် ခံစားမိနိုင်တယ်။ ဒါကြောင့် ယေဟောဝါသက်သေ အများစုက ဆွေမျိုးတွေကို ချစ်ကြောင်း ပြောပြရုံမက ပွဲနေ့တွေမှာ မပါဝင်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းရင်းကို လိမ္မာပါးနပ်စွာ ရှင်းပြပြီး တခြားအချိန်အခါတွေမှာ သူတို့အိမ်ကို သွားလည်ကြတယ်။

 တခြားသူတွေလည်း ပွဲနေ့တွေ မကျင်းပရဘူးလို့ ယေဟောဝါသက်သေတွေ တားမြစ်ကြသလား။

 မတားမြစ်ကြပါဘူး။ ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ကိစ္စပါ။ (ယောရှု ၂၄:၁၅) ဘာသာရေးယုံကြည်ချက် ဘယ်လိုပဲ ရှိပါစေ “လူအမျိုးမျိုးကို” ယေဟောဝါသက်သေတွေ “လေးစားကြပါ” တယ်။​—၁ ပေတရု ၂:၁၇

a ယေဟောဝါသက်သေတွေ ရှောင်တဲ့ ပွဲနေ့အားလုံးကို ဒီဆောင်းပါးမှာ မဖော်ပြထားသလို သက်ဆိုင်ရာ ကျမ်းစာမူအားလုံးကိုလည်း ဖော်ပြမထားပါဘူး။

b Mithra, Mithraism, Christmas Day & Yalda, by K. E. Eduljee, pages 31-33.