မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေ ကျမ်းစာအကြောင်း ဟောပြောတတ်အောင် လေ့ကျင့်ပေးတဲ့ ဘယ်လိုအစီအစဉ်တွေ ရှိသလဲ

ယေဟောဝါသက်သေတွေ ကျမ်းစာအကြောင်း ဟောပြောတတ်အောင် လေ့ကျင့်ပေးတဲ့ ဘယ်လိုအစီအစဉ်တွေ ရှိသလဲ

 ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်တစ်ယောက်အနေနဲ့ ဘယ်လိုအသက်ရှင်ရမလဲဆိုတာ ပုံမှန် သင်ကြားခံရပါတယ်။ ကျမ်းစာအကြောင်း လူအများကို ဟောပြောသွန်သင်တတ်အောင်လည်း လေ့ကျင့်ခံရတယ်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောသွန်သင်ဖို့ နောက်လိုက်တွေကို ယေရှုကိုယ်တိုင် မိန့်မှာထားလို့ပါ။ (မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀) ကျွန်တော်တို့ဟာ ပတ်စဉ်အစည်းအဝေးတွေမှာကော နှစ်စဉ်အစည်းအဝေးကြီးတွေမှာပါ ဟောပြောသွန်သင်တတ်အောင် လေ့ကျင့်မှု ရရှိကြတယ်။ ဒါ့အပြင် အသင်းတော်မှာ၊ အဖွဲ့အစည်းမှာ တာဝန်ရှိတဲ့ ယေဟောဝါသက်သေတွေက အထူးကျမ်းစာသင်တန်းကျောင်းတွေမှာ ထပ်ဆင့်လေ့ကျင့်မှု ခံယူကြပါတယ်။

ဒီဆောင်းပါးမှာ သိရမှာက

 ယေဟောဝါသက်သေတွေဟာ ဘယ်လို လေ့ကျင့်ပေးတဲ့အစီအစဉ်တွေ ခံယူကြသလဲ

 အသင်းတော် အစည်းအဝေးများ။ ကျွန်တော်တို့ရဲ့ အစည်းအဝေးခန်းမတွေမှာ ပတ်တိုင်း အစည်းအဝေးနှစ်ခု ကျင်းပတယ်။ တစ်ခုကို ကြားရက်၊ နောက်တစ်ခုကို စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျင်းပပါတယ်။ ဒီအစည်းအဝေးတွေကို ဘယ်သူမဆိုတက်ရောက်နိုင်ပြီး အလှူငွေကောက်ခံတာလည်း မရှိဘူး။

  •   ကြားရက် အစည်းအဝေး။ စာဖတ်စွမ်းရည်နဲ့ စကားပြောစွမ်းရည် တိုးတက်အောင်၊ ဟောပြောချက်ပေးတတ်အောင်၊ ကျမ်းစာအကြောင်း ဟောပြောသွန်သင်တတ်အောင် လေ့ကျင့်သင်ကြားခံရပါတယ်။ ဟောပြောချက်တွေ၊ ဆွေးနွေးခန်းတွေ၊ သရုပ်ပြခန်းတွေ၊ ဗီဒီယို တင်ဆက်မှုတွေနဲ့ လေ့ကျင့်ပေးတယ်။ ဒီအစီအစဉ်က တခြားသူတွေကို ကျမ်းစာသတင်းစကားတွေ မျှဝေရှင်းပြရာမှာ၊ စိတ်ဝင်စားသူတွေကို ကျမ်းစာသင်ပေးရာမှာ ပိုထိရောက်လာအောင် ကူညီပေးပါတယ်။ အစည်းအဝေး တက်ရောက်သူတိုင်း ဒီလေ့ကျင့်မှုကနေ အကျိုးရရှိတယ်။ အရေးကြီးဆုံးက ဘုရားကို ချစ်တဲ့ မေတ္တာ တိုးများလာတယ်၊ ယုံကြည်ခြင်း ခိုင်မာလာတယ်၊ အချင်းချင်း ရင်းနှီးချစ်ခင်လာစေပါတယ်။

  •   စနေ/တနင်္ဂနွေ အစည်းအဝေး။ ဒီအစည်းအဝေးမှာ အပိုင်းနှစ်ပိုင်း ပါရှိတယ်။ ပထမအပိုင်းက စိတ်ဝင်စားသူတွေအတွက် အထူးရည်ရွယ်တဲ့ ကျမ်းစာအခြေခံ ဟောပြောချက်။ ဒုတိယအပိုင်းက ကင်းမျှော်စင် လေ့လာရန်စာစောင်ထဲက ဆောင်းပါးတစ်ပုဒ်ကို အမေးအဖြေ ဆွေးနွေးခန်း။ a ဒီဆောင်းပါးတွေမှာ ကျမ်းစာအခြေခံ အကြောင်းအရာတွေ၊ ကျင့်ဝတ်တွေ သင်ပေးတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းမှာရော ဘဝအသက်တာမှာပါ အထောက်အကူပြုပါတယ်။

 တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေး။ အသင်းတော် အတော်များများ စုဝေးကျင်းပတဲ့ အစည်းအဝေးကြီးတွေ တစ်နှစ်ကို သုံးကြိမ် ရှိတယ်။ အစည်းအဝေးကြီး ခေါင်းစဉ်က ကျမ်းစာအပေါ်အခြေခံပြီး ရွေးချယ်တာပါ။ ဒီပျော်စရာ အခါသမယတွေမှာ ဟောပြောချက်တွေ၊ သရုပ်ပြတွေ၊ လူတွေ့မေးမြန်းခန်းတွေနဲ့ ဗီဒီယိုတွေ ကြည့်ရှုနိုင်တယ်။ တိုက်နယ်အစည်းအဝေး၊ ခရိုင်အစည်းအဝေးတွေက အသင်းတော် အစည်းအဝေးတွေလိုပါပဲ၊ ကျွန်တော်တို့ကို ကျမ်းစာအကြောင်း သင်ပေးတယ်၊ သတင်းကောင်းကို ပိုထိထိရောက်ရောက် ဟောပြောနိုင်အောင် လေ့ကျင့်ပေးတယ်။ အသင်းတော် အစည်းအဝေးတွေလိုပဲ ဘယ်သူမဆိုတက်ရောက်နိုင်ပြီး အလှူငွေကောက်ခံတာလည်း မရှိဘူး။

 ယေဟောဝါသက်သေတွေအတွက် ကျမ်းစာသင်တန်းများ

 ယေဟောဝါသက်သေတချို့ကို ကျမ်းစာသင်တန်းတွေ တက်ရောက်ဖို့ ဖိတ်ခေါ်ပြီး ထပ်ဆင့်လေ့ကျင့်ပေးပါတယ်။ ဘယ်လို သင်တန်းကျောင်းတွေလဲ။ ဘာရည်ရွယ်ချက်နဲ့ ကျင်းပသလဲ။ သင်တန်းကြာချိန်က ဘယ်လောက်လဲ။ ဘယ်သူတွေ တက်ရောက်နိုင်သလဲ။

ရှေ့ဆောင်လုပ်ငန်းသင်တန်း

  •   ရည်ရွယ်ချက်– ရှေ့ဆောင်တွေ b (အချိန်ပြည့် ကျမ်းစာဟောပြောသူတွေ) ကို ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာ ပိုမို ထိရောက်စေဖို့ပါ။ ဒီသင်တန်းမှာ ဆွေးနွေးခန်းတွေ၊ သရုပ်ပြခန်းတွေ၊ ဟောပြောချက်တွေနဲ့ လက်တွေ့လေ့ကျင့်တဲ့ အစီအစဉ်တွေ ပါရှိတယ်။

  •   သင်တန်းကာလ– ခြောက်ရက်။

  •   တက်ရောက်နိုင်သူများ– ရှေ့ဆောင်အနေနဲ့ အမှုဆောင်တာ တစ်နှစ်ပြည့်တဲ့သူတွေ ဖိတ်ခေါ်ခံရပါတယ်။ နှစ်ကြာရှေ့ဆောင်တွေက သင်တန်းမတက်တာ ငါးနှစ်ရှိပြီဆိုရင် ပြန်တက်ဖို့ ဖိတ်ခေါ်ခံရပါတယ်။


သတင်းကောင်းဟောပြောသူများအတွက် သင်တန်း

  •   ရည်ရွယ်ချက်– အတွေ့ကြုံရှိ အချိန်ပြည့် ဟောပြောသွန်သင်သူတွေကို ထပ်ဆင့်လေ့ကျင့်ပေးဖို့ပါ။ သင်တန်းသူ၊ သင်တန်းသားတွေဟာ ကျမ်းစာအကြောင်း ထဲထဲဝင်ဝင် လေ့လာကြတယ်။ ဟောပြောခြင်းနဲ့ သွန်သင်ခြင်းစွမ်းရည် ပိုကျွမ်းကျင်တတ်မြောက်လာကြတယ်။ သင်တန်းဆင်း အများစုက ဟောပြောဖို့ ပိုလိုအပ်တဲ့ ဒေသတွေမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။

  •   သင်တန်းကာလ– နှစ်လ။

  •   တက်ရောက်နိုင်သူများ– တောင်းဆိုချက်ပြည့်မီတဲ့၊ ပိုလိုအပ်တဲ့ ဘယ်နေရာကိုမဆို ပြောင်းရွှေ့အမှုဆောင်နိုင်တဲ့ ရှေ့ဆောင်တွေ လျှောက်လွှာ တင်နိုင်ပါတယ်။


အသင်းတော်အကြီးအကဲများအတွက် သင်တန်း

  •   ရည်ရွယ်ချက်– သွန်သင်ခြင်း၊ သိုးထိန်းလည်ပတ်ခြင်း စတဲ့ အသင်းတော်တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အကြီးအကဲတွေ cကို လေ့ကျင့်ပေးတယ်။ ဘုရားနဲ့ ယုံကြည်သူချင်းတွေကို ချစ်တဲ့စိတ် တိုးပွားလာအောင်လည်း ကူညီပေးတယ်။—၁ ပေတရု ၅:၂၊ ၃

  •   သင်တန်းကာလ– ငါးရက်။

  •   တက်ရောက်နိုင်သူများ– အသစ်ခန့်အပ်ခံရတဲ့ အကြီးအကဲတွေနဲ့ သင်တန်းမတက်ရတာ ငါးနှစ်ရှိပြီဖြစ်တဲ့ အတွေ့အကြုံရှိ အကြီးအကဲတွေ တက်ရောက်ဖို့ ဖိတ်ခေါ်ခံရပါတယ်။


တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးများအတွက် သင်တန်း

  •   ရည်ရွယ်ချက်– တိုက်နယ်ကြီးကြပ်မှူးတွေ d (နယ်လှည့်ဓမ္မအမှုဆောင်တွေ) ကို တာဝန်တွေ ထိထိရောက်ရောက် ထမ်းဆောင်နိုင်ဖို့ လေ့ကျင့်ပေးတယ်။ (၁ တိမောသေ ၅:၁၇) ဒါ့အပြင် ကျမ်းစာအကြောင်း ပိုနက်နက်နဲနဲ သိအောင် သူတို့နဲ့ သူတို့ဇနီးတွေကို သင်ကြားပေးတယ်။

  •   သင်တန်းကာလ– တစ်လ။

  •   တက်ရောက်နိုင်သူများ– အသစ်ခန့်အပ်ခံရတဲ့ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ သူတို့ရဲ့ ဇနီးတွေက အမှုဆောင်တာ တစ်နှစ်ပြည့်ရင် တက်ရောက်ဖို့ ဖိတ်ခေါ်ခံရပါတယ်။ ပြီးနောက် ငါးနှစ်တစ်ခါ တက်ရောက်ဖို့ ပြန်ခေါ်ဖိတ်ခံရပါတယ်။


နိုင်ငံတော်ဓမ္မအမှုသင်တန်း

  •   ရည်ရွယ်ချက်– အကြီးအကဲတွေ၊ အသင်းတော်အမှုထမ်းတွေ e အနေနဲ့ လက်ရှိအခြေအနေတွေ၊ ခေတ်အပြောင်းအလဲတွေ၊ လိုအပ်ရာတွေနဲ့အညီ အသင်းတော်တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ ကူညီပေးတယ်။ (၂ တိမောသေ ၃:၁) ဒီသင်တန်းကို နှစ်အနည်းငယ်ကြာ တစ်ကြိမ် ကျင်းပတယ်။

  •   သင်တန်းကာလ– တစ်ကြိမ်နဲ့ တစ်ကြိမ် မတူဘူး။ တစ်ရက်တာ သင်တန်း ဖြစ်လေ့ရှိပါတယ်။

  •   တက်ရောက်နိုင်သူများ– တိုက်နယ်ကြီးကြပ်မှူးတွေ၊ အကြီးအကဲတွေနဲ့ အသင်းတော်အမှုထမ်းတွေ ဖိတ်ခေါ်ခံရပါတယ်။


ဗေသလလုပ်ငန်း သင်တန်း

  •   ရည်ရွယ်ချက်– ဗေသလ fမှာ အမှုဆောင်သူတွေ အလုပ်မှာ ထိရောက်အောင်မြင်ဖို့၊ ဘုရားနဲ့ရော အချင်းချင်းကိုပါ ပိုချစ်လာဖို့ သင်ပေးပါတယ်။

  •   သင်တန်းကာလ– ငါးရက်ခွဲ။

  •   တက်ရောက်နိုင်သူများ– ဗေသလအိမ်သား အသစ်တွေ တက်ရောက်ရပါတယ်။ ဗေသလမှာ နှစ်ရှည် အမှုဆောင်ပြီး သင်တန်း မတက်တာ ငါးနှစ်ရှိပြီဆိုရင် တက်ရောက်ဖို့ ပြန်ခေါ်ဖိတ်ခံရပါတယ်။


ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ သင်တန်းကျောင်း

  •   ရည်ရွယ်ချက်– ကျမ်းစာကို တန်ဖိုးထားလေးမြတ်စိတ် တိုးစေဖို့နဲ့ သင်ယူသိရှိတာတွေ လက်တွေ့ကျင့်သုံးဖို့ သင်ကြားပေးတယ်။ (၁ သက်သာလောနိတ် ၂:၁၃) ဂိလဒ်သင်တန်းကျောင်း တက်ရောက်တဲ့ သစ္စာရှိ ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးတွေ သင်တန်းဆင်းပြီးနောက် ယေဟောဝါအဖွဲ့အစည်းအတွက်၊ ကမ္ဘာချီ ကျမ်းစာပညာပေးလုပ်ငန်းအတွက် ပိုထိထိရောက်ရောက် အမှုဆောင်သူတွေ ဖြစ်လာကြတယ်။ သင်တန်းဆင်းတွေဟာ ကိုယ့်မိခင်နိုင်ငံ ဒါမှမဟုတ် တခြားတစ်နိုင်ငံမှာ တာဝန်ကျနိုင်ပါတယ်။ တာဝန်ကျရာနိုင်ငံရဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ဒါမှမဟုတ် ဗေသလမှာ ကူညီအမှုဆောင်ရပါတယ်။

  •   သင်တန်းကာလ– ငါးလ။

  •   တက်ရောက်နိုင်သူများ– ဌာနခွဲရုံးတွေက အချိန်ပြည့်အမှုဆောင်သူတချို့ကို သင်တန်းလျှောက်ဖို့ ရွေးချယ်ပါတယ်။ ဒီသင်တန်းကျောင်းဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်၊ ပက်တာစင် ကင်းမျှော်စင် ပညာပေးဌာနမှာ တည်ရှိတယ်။


ဌာနခွဲ ကော်မတီဝင်များနဲ့ ဇနီးများအတွက် သင်တန်း

  •   ရည်ရွယ်ချက်– ဌာနခွဲကော်မတီ g အဖွဲ့ဝင်တွေကို ဌာနခွဲလုပ်ငန်း စီမံကြီးကြပ်နိုင်ဖို့ လေ့ကျင့်ပေးတယ်။ ဌာနခွဲ ကွပ်ကဲမှုအောက်က နိုင်ငံ/တွေမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုတွေကို ကြီးကြပ်ဖို့ လေ့ကျင့်ပေးတယ်။

  •   သင်တန်းကာလ– နှစ်လ။

  •   တက်ရောက်နိုင်သူများ– ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့ဌာနချုပ်က သင်တန်းတက်မယ့် ဌာနခွဲကော်မတီဝင်တွေနဲ့ သူတို့ရဲ့ ဇနီးကို ရွေးချယ်ပါတယ်။ နယူးယောက်ပြည်နယ်၊ ပက်တာစင် ကင်းမျှော်စင် ပညာပေးဌာနမှာ သင်တန်း ပို့ချပါတယ်။

 ယေဟောဝါသက်သေတွေရဲ့ လေ့ကျင့်ပေးတဲ့အစီအစဉ်တွေက ဘယ်အပေါ် အခြေခံသလဲ

 ယေဟောဝါသက်သေတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်တိုင်းအတွက် အဓိက သင်ရိုးစာအုပ်ဟာ ကျမ်းစာပါပဲ။ ကျမ်းစာဟာ ဘုရားသခင်ဆီက လာတယ်လို့ လက်ခံထားတဲ့အတွက် ခရစ်ယာန်အသက်တာလမ်းစဉ်အတွက် အကောင်းဆုံး လမ်းညွှန်ချက်တွေပါဝင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။—၂ တိမောသေ ၃:၁၆၊ ၁၇

 ယေဟောဝါသက်သေတွေ သင်တန်းကြေး ပေးဆောင်ရသလား

 မပေးဆောင်ရပါ။ သင်တန်းအားလုံးဟာ အခမဲ့ပါပဲ။ ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုမှန်သမျှဟာ အလှူငွေတွေနဲ့ လည်ပတ်တာ ဖြစ်တယ်။—၂ ကောရိန္သု ၉:၇

a ကျမ်းစာနဲ့ ကျမ်းစာအခြေပြု သင်ထောက်ကူပစ္စည်းတွေ၊ ဗီဒီယိုတွေကို ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ jw.org မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

b ရှေ့ဆောင်ဆိုတာ အမှုဆောင်လုပ်ငန်းမှာ သတ်မှတ်နာရီပြည့်မီအောင် ကြိုးစားပါဝင်တဲ့ နှစ်ခြင်းခံပြီးသား ယေဟောဝါသက်သေ အမျိုးသား/သမီးကို ရည်ညွှန်းတယ်။

c အကြီးအကဲဆိုတာ ယေဟောဝါရဲ့ လူမျိုးကို ကျမ်းစာနဲ့ သွန်သင်ပေး၊ ကူညီပေး၊ အားပေးနှစ်သိမ့်ပေးတဲ့ ရင့်ကျက်တဲ့ ခရစ်ယာန်အမျိုးသားတွေကို ရည်ညွှန်းပါတယ်။ အကြီးအကဲတွေဟာ လခစား အမှုဆောင်တွေ မဟုတ်ပါ။

d တိုက်နယ်ကြီးကြပ်မှူးဆိုတာ မိမိတာဝန်ကျရာ တိုက်နယ်ထဲက အသင်းတော်တွေဆီ တစ်ပတ်ကို တစ်ခု လည်ပတ်သူ ဖြစ်တယ်။ အသင်းသားတွေကို ကျမ်းစာအခြေပြု ဟောပြောချက်တွေနဲ့ အားပေးတယ်၊ သူတို့နဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ တွဲအမှုဆောင်တယ်။

e အသင်းတော်အမှုထမ်းတွေက အသင်းတော်အတွက် လိုအပ်တဲ့ ဝေယျာဝစ္စတွေကို ကူညီဆောင်ရွက်ပေးတယ်။ ဒီနည်းနဲ့ အကြီးအကဲတွေကို ဝန်ပေါ့စေတဲ့အတွက် အကြီးအကဲတွေအနေနဲ့ သွန်သင်ခြင်း၊ သိုးထိန်းလည်ပတ်ခြင်းအတွက် အချိန်ပိုပေးနိုင်တယ်။

f ဗေသလဆိုတာ ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးတွေကို ပေးထားတဲ့ နာမည်ပါ။ ဒီရုံးတွေမှာ အချိန်ပြည့်အမှုဆောင်သူတွေဟာ ဌာနခွဲကွပ်ကဲမှုအောက်မှာရှိတဲ့ နေရာဒေသက ယေဟောဝါသက်သေတွေရဲ့ လုပ်ဆောင်မှုတွေကို ပံ့ပိုးကူညီပေးပါတယ်။

g ဌာနခွဲကော်မတီအဖွဲ့တစ်ဖွဲ့ဟာ ကျမ်းစာတောင်းဆိုချက်တွေနဲ့ ပြည့်မီတဲ့ အမျိုးသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အနည်းဆုံး သုံးယောက် ရှိပါတယ်။