ယေဟောဝါသက်သေတွေဟာ သားသမီးတွေကို ယေဟောဝါသက်သေလုပ်ဖို့ အတင်း ဖိအားပေးသလား
ဖိအား မပေးပါဘူး။ ဘုရားကို ဝတ်ပြုမယ်၊ မပြုဘူးဆိုတာ ကိုယ်ပိုင် ဆုံးဖြတ်ရမှာ ဖြစ်တယ်။ (ရောမ ၁၄:၁၂) ယေဟောဝါသက်သေတွေဟာ သားသမီးတွေကို ကျမ်းစာအခြေခံမူတွေ သင်ပေးတယ်။ ဒါပေမဲ့ သားသမီးတွေ ကြီးပြင်းလာတဲ့အခါ ယေဟောဝါသက်သေ လုပ်မလုပ်ဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ကြပါလိမ့်မယ်။—ရောမ ၁၂:၂။ ဂလာတိ ၆:၅။
မိဘအများစုလိုပါပဲ ယေဟောဝါသက်သေတွေလည်း သားသမီးတွေကို အကောင်းဆုံးဖြစ်စေချင်ကြတယ်။ သားသမီးတွေကို အကျိုးပြုမယ်လို့ ယူဆတဲ့ အသုံးဝင်တဲ့ အတတ်ပညာတွေ၊ ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ အခြေခံမူတွေ၊ ဘာသာရေးယုံကြည်ချက်တွေကို မိဘတွေ သင်ပေးကြတယ်။ ကျမ်းစာက အကောင်းဆုံး ဘဝလမ်းစဉ်ကို ပြညွှန်ပေးတယ်လို့ ယေဟောဝါသက်သေတွေ ယုံကြည်ပါတယ်။ ဒါကြောင့် သားသမီးတွေနဲ့အတူ ကျမ်းစာလေ့လာခြင်း၊ အစည်းအဝေးတက်ခြင်းအားဖြင့် ကျမ်းစာစံနှုန်းတွေကို သားသမီးတွေရဲ့ စိတ်နှလုံးထဲဝင်အောင် သွန်သင်ပေးကြတယ်။ (တရားဟောရာ ၆:၆၊ ၇) ဒါမှ ကလေးတစ်ယောက်စီ ကြီးပြင်းလာတဲ့အခါ မိဘတွေရဲ့ ယုံကြည်ချက်ကို လက်ခံမခံ အသိဉာဏ်ရှိရှိ ဆုံးဖြတ်နိုင်မယ်။
ယေဟောဝါသက်သေတွေဟာ ကလေးသူငယ်တွေကို နှစ်ခြင်းပေးသလား
မပေးပါဘူး။ ကလေးသူငယ် နှစ်ခြင်းပေးတာကို ကျမ်းစာ မထောက်ခံဘူး။ ဥပမာ၊ ပထမရာစု ခရစ်ယာန်တွေဟာ နှစ်ခြင်းမခံခင် သတင်းတရားကို ကြားပြီး “ဝမ်းသာအားရ လက်ခံ” တယ်၊ နောင်တရတယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ (တမန်တော် ၂:၁၄၊ ၂၂၊ ၃၈၊ ၄၁) ဒါကြောင့် လူတစ်ယောက် နှစ်ခြင်းခံဖို့ဆိုရင် ကျမ်းစာသွန်သင်ချက်တွေကို နားလည်နိုင်လောက်တဲ့ အသက်အရွယ် ရှိရမယ်။ ကျမ်းစာသွန်သင်ချက်တွေကို ယုံကြည်ပြီး အဲဒီသွန်သင်ချက်တွေနဲ့အညီ နေထိုင်ဖို့ ဆုံးဖြတ်ရမယ်။ အဲဒါတွေကို ကလေးသူငယ်တွေ မလုပ်နိုင်ဘူး။
ကလေးတွေ ကြီးလာတဲ့အခါ နှစ်ခြင်းခံဖို့ သူတို့ဘာသာ ဆုံးဖြတ်ပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ သူတို့ပြုရမယ့် ကတိသစ္စာကို နားလည်ဖို့လိုတယ်။
ယေဟောဝါသက်သေတွေဟာ နှစ်ခြင်းမခံဖို့ ရွေးချယ်တဲ့ သားသမီးတွေကို ကြဉ်ထားသလား
မကြဉ်ထားပါဘူး။ ကိုယ့်ယုံကြည်ချက်ကို သားသမီး လက်မခံတဲ့အခါ ယေဟောဝါသက်သေမိဘတွေ စိတ်မကောင်းဖြစ်ကြတယ်။ ဒါပေမဲ့ သားသမီးကို ဆက်ချစ်နေဆဲပါ။ ယေဟောဝါသက်သေ မလုပ်တာနဲ့ပဲ မိဘနဲ့ သားသမီး ဆက်ဆံရေးကို မဖြတ်တောက်ကြပါဘူး။
ယေဟောဝါသက်သေတွေဟာ ဟောပြောခြင်းလုပ်ငန်းမှာ သားသမီးတွေကို ဘာကြောင့် ခေါ်သွားသလဲ
ဟောပြောခြင်းလုပ်ငန်းမှာ သားသမီးတွေကို ခေါ်သွားရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ a
သားသမီးတွေကို ဘုရားအကြောင်း သင်ပေးရမယ်၊ ဘုရားကို ဝတ်ပြုကိုးကွယ်ဖို့ လေ့ကျင့်ပေးရမယ်လို့ ကျမ်းစာမှာ မိဘတွေကို ညွှန်ကြားထားတယ်။ (ဧဖက် ၆:၄) ဝတ်ပြုကိုးကွယ်မှုမှာ ကိုယ့်ယုံကြည်ခြင်းကို လူသိရှင်ကြား ကြေညာခြင်း ပါဝင်လို့ သားသမီးကို ဘုရားအကြောင်း သွန်သင်ပေးရာမှာ ဟောပြောခြင်းလုပ်ငန်းက အရေးကြီးတဲ့ ကဏ္ဍတစ်ခု ဖြစ်တယ်။—ရောမ ၁၀:၉၊ ၁၀။ ဟီဘရူး ၁၃:၁၅။
“ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြ” ဖို့ လူငယ်တွေကို ကျမ်းစာက တိတိကျကျ အားပေးထားတယ်။ (ဆာလံ ၁၄၈:၁၂၊ ၁၃၊ ယုဒသန်ကျမ်း) ဘုရားကို ချီးမွမ်းနိုင်တဲ့ အဓိကနည်းလမ်းက တခြားသူတွေကို ဘုရားအကြောင်း ပြောပြခြင်းပါပဲ။ b
မိဘတွေနဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် သားသမီးတွေ လက်တွေ့ကျ အကျိုးကျေးဇူး ရရှိကြတယ်။ ဥပမာ၊ လူအမျိုးမျိုးနဲ့ ပြောဆိုဆက်ဆံတတ်လာတယ်။ သနားညှာတာမှု၊ ကြင်နာမှု၊ လေးစားမှု၊ တစ်ကိုယ်ကောင်း မဆန်မှု စတဲ့ အရည်အသွေးကောင်းတွေ ရှိလာတယ်။ ဟောပြောခြင်းလုပ်ငန်းက ယုံကြည်ချက်ရဲ့ အခြေခံဖြစ်တဲ့ သမ္မာကျမ်းစာနဲ့ ပိုအကျွမ်းတဝင်ရှိဖို့လည်း သားသမီးတွေကို ကူညီပေးတယ်။
ယေဟောဝါသက်သေတွေဟာ အခါကြီးရက်ကြီးနဲ့ ပွဲနေ့တွေမှာ ပါဝင်သလား
ယေဟောဝါသက်သေတွေဟာ ဘုရားမနှစ်သက်တဲ့ ဘာသာရေးပွဲနေ့တွေ၊ အခါကြီးရက်ကြီးတွေမှာ မပါဝင်ကြပါဘူး။ c (၂ ကောရိန္သု ၆:၁၄-၁၇။ ဧဖက် ၅:၁၀) ဥပမာ၊ ခရစ်ယာန်မဟုတ်သူတွေဆီကနေ အစပြုခဲ့တဲ့ မွေးနေ့ပွဲ၊ ခရစ္စမတ်ပွဲတွေမှာ မပါဝင်ကြဘူး။
ဒါပေမဲ့ မိသားစုနဲ့ အတူရှိတာ၊ သားသမီးတွေကို လက်ဆောင်ပေးရတာကို ကျွန်တော်တို့ နှစ်သက်ပါတယ်။ ကျွန်တော်တို့ဟာ သတ်မှတ်ထားတဲ့ ပြက္ခဒိန်ရက်တစ်ရက်ကျမှ မိသားစု စုဆုံတာ၊ လက်ဆောင်ပေးတာမျိုးမဟုတ်ဘဲ တစ်နှစ်တာရဲ့ ဘယ်အချိန်မှာမဆို စုဆုံပေါင်းသင်းဖို့၊ လက်ဆောင်တွေပေးဖို့ စီစဉ်ကြတယ်။
a ယေဘုယျအနေနဲ့ ပြောရရင် ယေဟောဝါသက်သေ ကလေးတွေဟာ မိဘ ဒါမှမဟုတ် တာဝန်ယူပေးတဲ့ လူကြီးတစ်ယောက်မပါဘဲ ဟောပြောခြင်းလုပ်ငန်းမှာ မပါဝင်ကြပါဘူး။
b ကိုယ်ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့် ဘုရားရဲ့နှစ်သက်မှု ရခဲ့တဲ့ လူငယ်များစွာအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။—၂ ဘုရင်များ ၅:၁-၃။ မဿဲ ၂၁:၁၅၊ ၁၆။ လုကာ ၂:၄၂၊ ၄၆၊ ၄၇။
c “ယေဟောဝါသက်သေတွေ ဘာကြောင့် ပွဲနေ့တွေ မကျင်းပကြသလဲ” ဆောင်းပါးကို ကြည့်ပါ။
d နာမည်တချို့ အမည်လွှဲတွေ သုံးထားတယ်။