၂၀၂၂ ခုနှစ်၊ ဇွန် ၇ ရက်
ကင်ညာ
ကျောင်းသားအခွင့်အရေး ကာကွယ်ပေးတဲ့ ညွှန်ကြားချက်ကို ကင်ညာအစိုးရ ထုတ်ပြန်
ကျောင်းသားတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ကျောင်းအာဏာပိုင်တွေ ကာကွယ်ပေးရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို မကြာသေးမီက ကင်ညာနိုင်ငံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၂ ခုနှစ်၊ မတ် ၄ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်တယ်။ အဲဒီညွှန်ကြားချက်က နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံခံနေရတဲ့ ယေဟောဝါသက်သေ ကျောင်းသားတွေကို ကာကွယ်ပေးမယ်လို့ မျှော်လင့်ပါတယ်။
၂၀၁၅ ခုနှစ်ကစလို့ ယေဟောဝါသက်သေ ကျောင်းသား ၃၆ ယောက်ဟာ ကျောင်းက ထုတ်ပြန်ထားတဲ့ ဘာသာရေးအခမ်းအနားမှာ မပါဝင်တဲ့အတွက် ကျောင်းထုတ်ခံရ၊ ကျောင်းတက်ဖို့ ဆိုင်းငံ့ထားခံရတယ်။ ၂၀၁၈ ခုနှစ်မှာ နိုင်ရိုဘီမြို့၊ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးက ကိုယ်စားလှယ်တွေဟာ ကင်ညာနိုင်ငံ ပညာရေးအရာရှိတွေနဲ့ တွေ့ဆုံပြီး မတရားဆက်ဆံခံရမှုအကြောင်း တင်ပြခဲ့ကြတယ်။ ဥပမာ၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှာ ပညာရေးဝန်ကြီးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ အမီနာ မိုဟမ်းနဲ့ တွေ့ဆုံခဲ့တယ်။
ကင်ညာနိုင်ငံက တချို့ “ကျောင်းအုပ်တွေ၊ မန်နေဂျာတွေဟာ ခြေမြစ်ခိုင်လုံမှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ ကျောင်းသားတွေ ကျောင်းမတက်နိုင်အောင် လုပ်နေကြတယ်” လို့ အစိုးရရဲ့ ညွှန်ကြားချက်မှာ ပွင့်ပွင့်လင်းလင်း အသိအမှတ်ပြုထားတယ်။ “အထူးသဖြင့် . . . တချို့ကျောင်းတွေဟာ ကျောင်းသားတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်နေကြတယ်။ ကျောင်းသားတွေရဲ့ ဘာသာရေးကြောင့် ကျောင်းတက်ခွင့် မပြုတာ၊ ကျောင်းထုတ်တာတွေ လုပ်ဆောင်နေတယ်” လို့လည်း သတ်သတ်မှတ်မှတ် ဖော်ပြထားတယ်။
ဒီညွှန်ကြားချက်အကြောင်း ကင်ညာ သတင်းဌာနတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြတယ်။ “ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်တာဟာ ပြဋ္ဌာန်းဥပဒေတွေ၊ ဒေသဆိုင်ရာနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေ၊ . . . အထူးသဖြင့် ကင်ညာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီ” ကြောင်း ညွှန်ကြားချက်မှာ အတည်ပြုပြောကြားထားတယ်လို့ သတင်းဌာနတွေက ဖော်ပြခဲ့တယ်။ ဒါကြောင့် ယေဟောဝါသက်သေ ကလေးတွေနဲ့ တခြားကလေးတွေကို “သူတို့ရဲ့ ဘာသာရေးနဲ့ ဆန့်ကျင်တဲ့အရာကို လုပ်ဖို့၊ ပါဝင်ဖို့” မတောင်းဆိုသင့်ဘူး။ ညွှန်ကြားချက်ကို ချက်ချင်းလိုက်နာဖို့ ကျောင်းအာဏာပိုင်အားလုံးကို တောင်းဆိုချက်နဲ့ ညွှန်ကြားစာကို နိဂုံးချုပ်ထားတယ်။
နိုင်ရိုဘီက အသက် ၁၇ နှစ်အရွယ် ညီအစ်မ ကင်ဘာလေ ညန်ငေ့ ဒီလိုပြောတယ်– “ကျွန်မရဲ့ ဘာသာရေးရပ်တည်ချက်ကြောင့် မိဘတွေ ကျောင်းကို ငါးကြိမ်မက ဆင့်ခေါ်ခံရတယ်။ ဒီညွှန်ကြားချက်က ကျွန်မတို့ကို ကျမ်းစာရပ်တည်ချက်အတိုင်း နေနိုင်အောင် ကူညီပေးမှာမို့လို့ ဝမ်းသာလိုက်တာ။”
ကင်ညာနိုင်ငံက ကျွန်တော်တို့ရဲ့ကျောင်းသားတွေ သူတို့ရဲ့ဘာသာရေးခံယူချက်အတိုင်း ဆက်လက်နေထိုင်နိုင်ဖို့ အကျိုးသင့်အကြောင်းသင့်ရှိတဲ့ အရာရှိတွေက အခုလို ညွှန်ကြားချက်ထုတ်ပြန်ပေးတာ ကျေးဇူးတင်ပါတယ်။—၁ ကောရိန္သု ၁၅:၅၈။