၂၀၂၃ ခုနှစ်၊ ဇူလိုင် ၅ ရက်
ကင်ညာ
တရားရုံး ဆုံးဖြတ်ချက်က ကင်ညာနိုင်ငံက ယေဟောဝါသက်သေ ကျောင်းသားတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ပေး
၂၀၂၃ ခုနှစ်၊ မေ ၁၂ ရက်နေ့မှာ ကင်ညာနိုင်ငံ၊ အယူခံတရားရုံးက ကျောင်းသူကျောင်းသားတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ကာကွယ်ပေးတဲ့ အရေးကြီး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့တယ်။ တစ်ဦးတစ်ယောက်ကို သူ့ဘာသာရေး ခံယူချက်နဲ့ ဆန့်ကျင်တဲ့ ကိစ္စရပ်တွေမှာပါဝင်ဖို့ ဘယ်သူမှ ဖိအားမပေးရဆိုပြီး ကင်ညာနိုင်ငံရဲ့ဥပဒေမှာ ပြဋ္ဌာန်းထားပေမဲ့ ၂၀၁၅ ခုနှစ်ကစပြီး ယေဟောဝါသက်သေ ကလေး ၄၁ ယောက်ဟာ တခြားဘာသာရေးကိစ္စတွေမှာ မပါဝင်တဲ့အတွက် ကျောင်းထုတ်ခံရ၊ ကျောင်းကနေ ရပ်နားခံခဲ့ရတယ်။
ယေဟောဝါသက်သေတွေကို အနိုင်ပေးဆုံးဖြတ်ခဲ့တဲ့ အယူခံတရားရုံးရဲ့ စီရင်ချက်ဟာ ၂၀၁၇ ခုနှစ်က အဖြစ်အပျက်တစ်ခုနဲ့ အစပြုခဲ့တာပါ။ ယေဟောဝါသက်သေ ကျောင်းသူ/သား ကိုးယောက်က ကျောင်းမှာကျင်းပတဲ့ ဘာသာရေးလုပ်ဆောင်မှုတွေမှာ မပါဝင်နိုင်ကြောင်း ရိုရိုသေသေ ရှင်းပြကြတယ်။ နောက်ဆုံး အဲဒီကိစ္စ တရားရုံးကို ရောက်သွားတယ်။ ယေဟောဝါသက်သေ ကျောင်းသားတွေကို ကျောင်းအာဏာပိုင်တွေ ဖိအားပေးတာဟာ ကျောင်းသားတွေရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်ရာမကျဘူးလို့ ၂၀၁၉ ခုနှစ်မှာ အောက်တရားရုံးက ဆုံးဖြတ်တယ်။ ဒါပေမဲ့ အဲဒီလိုဖိအားပေးတာဟာ “[ကျောင်းသူ/သားရဲ့] ပညာသင်ယူခွင့်နဲ့ ဂုဏ်သိက္ခာကို ချိုးဖောက်” ရာရောက်တယ်လို့ ၂၀၂၃၊ မေ ၁၂ ရက်မှာ ကင်ညာနိုင်ငံ၊ အယူခံတရားရုံးက ဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင် ဘာသာရေးအခမ်းအနားတွေမှာ ယေဟောဝါသက်သေတွေ ပါဝင်ရမယ်လို့ စည်းမျဉ်းထုတ်တာဟာ “ခွဲခြားဆက်ဆံခြင်းဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်၊ တရားမဝင်ပျက်ပြယ်တယ်” လို့လည်း အယူခံတရားရုံးက ဆုံးဖြတ်ခဲ့တယ်။ “ဒီစီရင်ချက် ချမှတ်ရတဲ့ရည်ရွယ်ချက်က ကျောင်းသူ/သားတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ကျောင်းတိုင်းကို လမ်းညွှန်ချက်ပေးဖို့ပါ” ဆိုပြီး အမှုမှာ ပါဝင်ဆုံးဖြတ်ခဲ့တဲ့ တရားသူကြီးတစ်ဦး ဆိုတယ်။
ကျောင်းသူ/သားတိုင်းရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ကျောင်းအာဏာပိုင်တွေ ကာကွယ်ပေးရမယ်လို့ ကင်ညာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်၊ မတ်လတုန်းကလည်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့တယ်။ အဲဒီညွှန်ကြားချက်ကို ဒီစီရင်ချက်က ထပ်မံအတည်ပြုပေးတယ်။ အခုဆိုရင် ကင်ညာနိုင်ငံလည်း မာလာဝီ၊ ရဝမ်ဒါနဲ့ တခြားအာဖရိကနိုင်ငံတွေလို ယေဟောဝါသက်သေ ကျောင်းသူ/သားတွေရဲ့ အခြေခံလွတ်လပ်ခွင့်ကို ကာကွယ်ပေးတဲ့ တရားရုံးစီရင်ချက် ချမှတ်ပေးခဲ့ပါပြီ။
ကင်ညာနိုင်ငံသာမက ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေလူငယ်တွေ စစ်မှန်တဲ့ ဝတ်ပြုမှုဘက် သတ္တိရှိရှိ အခိုင်အမာ ရပ်တည်ကြတာကို ယေဟောဝါ မြင်ပြီး ဂုဏ်ယူမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ပညာအလိမ္မာ ၂၉:၂၅။