ဩဂုတ် ၃၀၊ ၂၀၁၈
ကနေဒါ
နှင်ထုတ်ခြင်း အစီအစဉ်ကို ဝင်ရောက်စွက်ဖက်ဖို့ ကနေဒါတရားရုံးချုပ် ငြင်းဆန်
ယေဟောဝါသက်သေများရဲ့ ဟိုက်ဝုဒ် အသင်းတော် (တရားရေးကော်မတီ) နဲ့ ဝေါလ်အမှုနဲ့ပတ်သက်ပြီး ၂၀၁၈၊ မေလ ၃၁ ရက်နေ့တုန်းက “ဘာသာရေးအဖွဲ့တွေအနေနဲ့ မိမိတို့ရဲ့ အသင်းဝင်ဖြစ်ပိုင်ခွင့်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို လွတ်လပ်စွာ ချမှတ်ပိုင်ခွင့် ရှိတယ်” ဆိုပြီး ကနေဒါ တရားရုံးချုပ်က တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် နှင်ထုတ်ခြင်း အစီအစဉ်ကို တရားရုံးအနေနဲ့ ဝင်ရောက်မစွက်ဖက်သင့်ဘူးလို့ အသိအမှတ်ပြုရာရောက်ပါတယ်။
ကြီးလေးတဲ့အပြစ်ကို ပြန်လည်သုံးသပ်မှုအတွက် ယေဟောဝါသက်သေများရဲ့ အစီအစဉ်ဟာ “ရန်လိုတဲ့သဘော မဟုတ်ဘဲ အသင်းသားအဖြစ် ဆက်ရှိနိုင်အောင် ကူညီပေးမှုသာ ဖြစ်တယ်” လို့ တရားရုံးက ကောက်ချက်ချကာ တရားရုံးတွေအနေနဲ့ အသင်းတော်နဲ့ဆိုင်တဲ့ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်လို့ မရဘူးလို့ စီရင်ဆုံးဖြတ်ခဲ့ပါတယ်။
စီရင်ချက်အတွက် အကြောင်းရင်းတွေကို တရားရုံးချုပ် တရားသူကြီး မာလ်ကွမ် ရိုဝီက တရားသူကြီး ကိုးဦးအဖွဲ့ကိုယ်စား ရှင်းပြခဲ့ပါတယ်- “ဘာသာရေးအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတွေမှာ ဒီအမှုမျိုးလို ဘာသာရေးအယူဝါဒကိစ္စတွေ ပါဝင်နိုင်တယ်။ ဘာသာရေး အယူဝါဒကိစ္စမျိုးတွေမှာ တရားရုံးတွေအနေနဲ့ တရားဝင် လုပ်ဆောင်ပိုင်ခွင့်၊ ဖွဲ့စည်းသတ်မှတ်ပိုင်ခွင့် မရှိပါဘူး။”
ယေဟောဝါသက်သေများရဲ့ အထွေထွေ အကြံပေး ဖိလစ် ဘရွမ်လေ ဒီလိုပြောပါတယ်- “ကနေဒါတရားရုံးချုပ် ခုလိုဆုံးဖြတ်တာဟာ ယေဟောဝါသက်သေတစ်ယောက်အဖြစ် ဘယ်သူ အရည်အချင်း ပြည့်မီတယ်ဆိုတာကို ဆုံးဖြတ်ရာမှာ ကျမ်းစာအစဉ်အလာ လိုက်လျှောက်ပိုင်ခွင့်ကို အသိအမှတ်ပြုတဲ့ အာဂျင်တီးနား၊ ဘရာဇီး၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ အီတလီ၊ ပီရူး၊ ပိုလန်၊ အမေရိကန်ပြည်ထောင်စု အထက်တရားရုံးတွေနဲ့ ပူးပေါင်းလိုက်တဲ့သဘောပါပဲ။”—၁ ကောရိန္သု ၅:၁၁။ ၂ ယောဟန် ၉-၁၁။