မာတိကာဆီ ကျော်သွား

ဆွစ်ဇာလန်က အယ်မလီယာ

ဧပြီ ၁၅၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

ကပ်ရောဂါကာလမှာ သက်သေခံ လူငယ်လေးတွေ နည်းလမ်းရှာပြီး ဟောပြောကြ

ကပ်ရောဂါကာလမှာ သက်သေခံ လူငယ်လေးတွေ နည်းလမ်းရှာပြီး ဟောပြောကြ

ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေမှာ ဆက်ပါဝင်ချင်ကြတဲ့ ကမ္ဘာတစ်ဝန်းက သက်သေခံ လူငယ်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေချိန်အတွင်း နည်းလမ်းရှာပြီး သက်သေခံကြတယ်။ ဝတ်ပြုသူချင်းတွေကို အားပေးနေကြပါတယ်။

နယူးဇီလန်နိုင်ငံမှာ တချို့အိမ်ရှင်တွေက ကစားစရာတွေ၊ ဝက်ဝံရုပ်တွေ၊ ရုပ်ပုံတွေကို ပြတင်းပေါက်ဘောင်ပေါ် တင်ထားလေ့ရှိတယ်။ ရပ်ကွက်ထဲက ကလေးတွေ အိမ်ပတ်ဝန်းကျင် လမ်းလျှောက်ရင်း ကြည့်နိုင်ဖို့ပါ။ အသင်းတော်တချို့က လူငယ်တွေ ဒီနည်းကို သုံးပြီး သက်သေခံကြတယ်။ အောင်အောင်နဲ့ ရွှေစင်ပုံကို ကပ်ပြီး “jw.org မှာ ကြည့်ပါ” ဆိုတဲ့ စာတမ်းကို ကပ်ထားကြတယ်။

နယူးဇီလန်က ပြတင်းပေါက်မှာ အောင်အောင်နဲ့ ရွှေစင်ပုံ

ဆွစ်ဇာလန်နိုင်ငံက ကိုးနှစ်သမီး အယ်မလီယာဟာ ကိုယ်ခံအားနည်းတဲ့ ကလေးတစ်ယောက်ပါ။ လောလောဆယ် ဧည့်သည် လက်မခံတဲ့ ဘိုးဘွားရိပ်သာတစ်ခုက ဘိုးဘွားတွေဆီ သူ စာရေးသက်သေခံတယ်။ အယ်မလီယာက နောဧနဲ့ သင်္ဘောပုံကို စာနဲ့အတူ ထည့်ပို့ပေးတယ်။ နောဧနဲ့ သူ့မိသားစုလည်း တစ်ချိန်တုန်းက လူတွေနဲ့ သီးခြားဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ဒီလို သီးခြားနေခဲ့လို့ အသက်ချမ်းသာရာ ရကြတယ်။ ဒါကြောင့် ဘိုးဘွားတွေလည်း “နောဧလို အထဲမှာပဲ နေကြပါ” လို့ အယ်မလီယာ အားပေးတယ်။ ကပ်ရောဂါ ပြီးဆုံးသွားရင်တော့ အဲဒီဘိုးဘွားရိပ်သာကို အယ်မလီယာ သွားလည်ပတ်ချင်တယ်။

အယ်မလီယာဆီ စာပြန်သူတွေ ရှိတဲ့အတွက် နောက်ထပ် စာတွေ ရေးပို့နိုင်ခဲ့တယ်။ ဒါကို ကြားသိသွားတဲ့ သတင်းထောက်တစ်ယောက်က သတင်းစာဆောင်းပါးတစ်ခုမှာ အယ်မလီယာအကြောင်း ဖော်ပြတယ်။

ကနေဒါက ကမ့်မိသားစု

ကနေဒါနိုင်ငံ၊ အွန်တာရီအိုပြည်နယ်က ပေတင်နဲ့ အဲလာ ကမ့်တို့ ညီအစ်မနှစ်ယောက်ဟာ အသင်းတော်က ညီအစ်ကို/မတွေကို ဖုန်းနဲ့ အဆက်အသွယ်လုပ်ကြတယ်။ ဖခင် ဂျဲရက်က “မိသားစုဝတ်ပြုချိန်မှာ သမီးတွေက ဖုန်းဆက်ရမယ့်သူတွေကို စာရင်း ချရေးတယ်” လို့ပြောတယ်။ မိခင် ဂျက်ဆီကာက “ညီအစ်ကို/မတွေကိုရော မိသားစုဝင်တွေ၊ သူငယ်ချင်းတွေကိုပါ သတိရကြောင်း အသိပေးဖို့ အရေးကြီးတယ်ဆိုတာ သမီးတွေကို သင်ပေးချင်တယ်” လို့ပြောပြတယ်။

အမေရိကန်ပြည်ထောင်စုက စတယ်လာ

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်က ကိုးနှစ်သမီး စတယ်လာတို့ သားအမိကျတော့ အသင်းတော်က သက်ကြီးပိုင်း ညီအစ်ကို/မတွေကို ဆက်သွယ်ဖို့ စီစဉ်ကြတယ်။ နာမည်စာရင်း လုပ်ပြီး တစ်ယောက်စီကို ဖုန်းဆက် စကားပြောကြတယ်။

၁၂ နှစ်နဲ့ ၁၅ နှစ်အရွယ် ဂျော်နသန်နဲ့ ရှောန် မက်ကန်စင်တို့ ညီအစ်ကိုနှစ်ယောက်ဟာ မိဘတွေနဲ့အတူ အရီဇိုးနားပြည်နယ်၊ တရုတ်စကားပြောအသင်းတော်မှာ အမှုဆောင်နေကြတယ်။ မနက် ကျောင်းမသွားခင် တရုတ်လို စာရေးသက်သေခံကြတယ်။ တရုတ်စကား သင်ယူနေကြတုန်းမို့လို့ စာရေးဖို့ တော်တော်လေး အချိန်ယူကြိုးစားရတယ်။ ဒါပေမဲ့ တရုတ်စကားပြောသူတွေကို ကျမ်းစာသတင်းတရား ဝေမျှဖို့ သူတို့ စိတ်ပိုင်းဖြတ်ထားကြတယ်။

အမေရိကန်ပြည်ထောင်စုက ဂျော်နသန်နဲ့ ရှောန်

အသက် ၂ နှစ်ကနေ ၁၅ နှစ် အသီးသီးရှိတဲ့ ကလေးခြောက်ဦးဟာ မိခင်နဲ့ ရှေ့ဆောင်ညီအစ်မတစ်ယောက်တို့နဲ့အတူ မစ်ရှီဂန်အနောက်ပိုင်းက ဘိုးဘွားရိပ်သာတစ်ခုကို မှန်မှန် လည်ပတ်ကြတယ်။ ကိုရိုနာကပ်ရောဂါကြောင့် ဘိုးဘွားရိပ်သာကို ဧည့်သည်ဝင်ခွင့် မပြုတော့ဘူး။ ဒါကြောင့် မိဘတွေက ဝတ်ပြုသီချင်း ဆိုထားတဲ့၊ ကျမ်းချက်ဖတ်ပြတဲ့ ကလေးတွေရဲ့ ဗီဒီယိုဖိုင်ကို ဘိုးဘွားတွေဆီ ပို့ပေးကြတယ်။ ကိုရိုနာကူးစက်မှုကြောင့် လူသေဆုံးတဲ့သတင်းတွေ ကြည့်ပြီး စိတ်ထိခိုက်အားငယ်နေသူတစ်ဦးဟာ ကလေးတွေရဲ့ ဗီဒီယိုကြောင့် တည်ငြိမ်လာတဲ့အကြောင်း သူနာပြုတစ်ဦးက ကလေးတွေရဲ့ဖခင်ကို ပြောပြတယ်။

လူလူချင်းချစ်တဲ့ မေတ္တာပြကြတဲ့၊ နည်းလမ်းရှာ သက်သေခံခြင်းအားဖြင့် ယေဟောဝါကို ချီးမွမ်းနေကြတဲ့ ဒီလူငယ်လေးတွေရဲ့ ကြိုးစားမှုကို ဘုရား တန်ဖိုးထားမှာ သေချာပါတယ်။—ဆာလံ ၁၄၈:၁၂၊ ၁၃