မာတိကာဆီ ကျော်သွား

ဧပြီ ၃၀၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

ကပ်ရောဂါကြောင့် ထိခိုက်သူများကို အပြည်ပြည်ဆိုင်ရာ ညီအစ်ကို အသင်းအပင်း နှစ်သိမ့်ပေး

ကပ်ရောဂါကြောင့် ထိခိုက်သူများကို အပြည်ပြည်ဆိုင်ရာ ညီအစ်ကို အသင်းအပင်း နှစ်သိမ့်ပေး

ယေဟောဝါရဲ့ လူတွေဟာ ဒီကပ်ရောဂါ ဖြစ်ပွားချိန်အတွင်း ကြိုတင်ကာကွယ်မှုတွေ အတတ်နိုင်ဆုံး လုပ်ဆောင်ပေမဲ့ ကြုံရနိုင်တဲ့ ဆိုးကျိုးတွေကိုတော့ မရှောင်လွှဲနိုင်ကြဘူး။ (ဒေသနာ ၉:၁၁) ဝမ်းနည်းစရာက ကမ္ဘာတစ်ဝန်းမှာ ညီအစ်ကို/မ ၈၇၂ ယောက်ဟာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရလို့ သေဆုံးခဲ့ရတယ်။ ယုံကြည်သူချင်းတွေက ဝမ်းနည်းပူဆွေးသူတွေကို ချက်ချင်း ထောက်မ နှစ်သိမ့်ကြတယ်။ (၁ ကောရိန္သု ၁၂:၂၆) “ဘုရားသခင့်ငြိမ်သက်ခြင်း” ပေးမယ်ဆိုတဲ့ ဖိလိပ္ပိ ၄:၇ ပါ ကတိနဲ့အညီ အမြဲလုပ်ဆောင်တဲ့ ယေဟောဝါကို မှီခိုအားထားကြတယ်။

ညီအစ်ကိုနဲ့ ညီအစ်မ အူနျုဇာ

ယေဟောဝါအဖွဲ့အစည်းရဲ့ ထောက်မမှု ခံစားရသူတစ်ယောက်က အီတလီမြောက်ပိုင်း ဘိုလ်ဇန်နိုမြို့နေ အထူးရှေ့ဆောင် ညီအစ်မ ဟန်ချန် အူနျုဇာပါ။ ခင်ပွန်းဖြစ်သူ ညီအစ်ကို မန်ဖရက် အူနျုဇာက ၂၀၂၀၊ မတ်လ ၂၈ မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်သွားတယ်။ ညီအစ်ကို အူနျုဇာက အထူးအချိန်ပြည့်လုပ်ငန်းမှာ ၅၈ နှစ်နီးပါး အမှုဆောင်ခဲ့တယ်။ ဇနီးနဲ့အတူ ၅၄ နှစ်ကြာ လက်တွဲ အမှုဆောင်ခဲ့ကြတယ်။ တိုက်နယ်လုပ်ငန်းမှာ ၂၅ နှစ်ကြာ အတူ ပါဝင်ခဲ့ကြတယ်။ စျာပနအစီအစဉ်ကို နိုင်ငံများစွာက ညီအစ်ကို/မ ၁,၀၀၀ နီးပါး ဗီဒီယိုချိတ်ဆက်ပြီး ကြည့်ရှုခဲ့ကြတယ်။

ညီအစ်မ အူနျုဇာ ဒီလိုပြောတယ်- “ညီအစ်ကို/မတွေကို သိပ်ကျေးဇူးတင်တယ်။ ကျွန်မကို တစ်နာရီလေးတောင် ပစ်မထားကြဘူး။ သူတို့ရဲ့မေတ္တာတွေ တစ်ပွေ့တစ်ပိုက် ခံစားလိုက်ရတယ်။ ကျွန်မကို စိတ်ပိုင်း၊ ကာယပိုင်း၊ ဘုရားရေးရာပိုင်းမှာ ဂရုစိုက်ခဲ့ကြတယ်။ သူတို့အားလုံးကို ကျွန်မ သိပ်ချစ်တယ်။”

ဝမ်းနည်းကြေကွဲရချိန်မှာ ထောက်မမှု ခံစားရတဲ့ နောက်မောင်နှံစုံကတော့ မာရီးယာ ဂျို့စ် မွန်ကဒါနဲ့ ခင်ပွန်း ဒါဝင်ပါ။ သူတို့က အီကွေဒေါတောင်တန်းဒေသတစ်လျှောက် ကစ်ချူဝါစကားပြော လယ်ကွင်းမှာ အမှုဆောင်တယ်။ ညီအစ်မ မွန်ကဒါရဲ့ အမေက ၅၆ နှစ်အရွယ် မှန်မှန်ရှေ့ဆောင် ညီအစ်မ ဖဘီအိုလာ စန်တနာ ဂျော်ဒန်။ အဖေက အသက် ၆၀ အရွယ် ဂွါယာကီးမြို့၊ ပရာဒီရက်စ် အသင်းတော်က အမှုထမ်းပါ။ မိဘတွေ ခြောက်ရက်အတွင်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးသွားတယ်။ ညီအစ်မ မွန်ကဒါရဲ့ မောင်နှစ်ယောက်လည်း COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရပေမဲ့ ပြန်သက်သာလာတယ်။

ညီအစ်ကိုနဲ့ ညီအစ်မ မွန်ကဒါ အောက်မေ့ရာပွဲ ကျင်းပနေစဉ်

ပူဆွေးဝမ်းနည်းနေတဲ့ ညီအစ်မ မွန်ကဒါက မိသားစုကို နှစ်သိမ့်ဖို့၊ စျာပနအစီအစဉ်မှာ ပါဝင်ကူညီဖို့ ဂွါယာကီးမြို့ကို လေးနာရီခရီး သွားချင်တယ်။ ဒါပေမဲ့ အကြိမ်ကြိမ် ဆုတောင်းပြီးတဲ့နောက် မသွားတော့ဖို့ ဆုံးဖြတ်ပြီး ဗီဒီယိုချိတ်ဆက်မှုနဲ့ပဲ ဆက်သွယ်ကြတယ်။ “ကျွန်မတို့သာ မိသားစုဆီ သွားခဲ့ရင် ကိုယ်တိုင်ရော တခြားသူတွေအတွက်ပါ ကျန်းမာရေးအရ အန္တရာယ် ရှိတယ်” လို့ ညီအစ်မ မွန်ကဒါ ပြောတယ်။

“စိတ်ထဲနာကျင်ပြီး သောကရောက်ရတယ်” လို့ ညီအစ်မ မွန်ကဒါ ပြောတယ်။ ဒါပေမဲ့ သူတို့ဇနီးမောင်နှံ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေကို ဆက်လုပ်ဆောင်တယ်။ “လမ်းညွှန်ပေးပါလို့ ယေဟောဝါဆီ အမြဲ ဆုတောင်းတယ်။” သူတို့က ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲအတွက် ပြင်ဆင်ပြီး ကျမ်းစာသင်သားတွေကို ဖိတ်ခေါ်တယ်။ ကျမ်းစာမှာပါတဲ့ ယေရှုရဲ့ နောက်ဆုံးနေ့ရက်တွေအကြောင်း ဖတ်တယ်။ စာရေးသက်သေခံတယ်။ ဗီဒီယိုချိတ်ဆက်ပြီး အစည်းအဝေးတွေ တက်တယ်။ ညီအစ်မ မွန်ကဒါရဲ့ သက်သေခံမဟုတ်တဲ့ ဆွေမျိုး ကိုးယောက်က စပိန်လိုဟောတဲ့ အောက်မေ့ရာပွဲကို တက်ဖို့ လက်ခံတယ်။

ညီအစ်မ မွန်ကဒါ ဒီလိုပြောတယ်­- “အစည်းအဝေးကို အီလက်ထရောနစ်နည်းနဲ့ တက်ဖို့ ကျမ်းစာသင်သားတွေ စီစဉ်ကြတာ အားရှိစရာပဲ။ တကယ်တော့ သူတို့အတွက် မလွယ်ဘူး။ ကျွန်မရဲ့ မိသားစုဝင်တွေလည်း တခြားနိုင်ငံမှာ နေပေမဲ့ ဗီဒီယိုချိတ်ဆက်ပြီး ပါဝင်လို့ ပီတိဖြစ်မိတယ်။”

“ခက်ခဲတဲ့ အခြေအနေမှာတောင် ယေဟောဝါအတွက် တက်တက်ကြွကြွ အမှုဆောင်တာက နာကျင်မှုကို ကုစားနိုင်တဲ့ အကောင်းဆုံးနည်း ဖြစ်မှန်း၊ ယေဟောဝါ ကောင်းချီး ခံစားရစေမှန်း ကိုယ်တွေ့ သိလိုက်ရတယ်။”

အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းလည်း အခုလို ကပ်ရောဂါကာလမှာ ချစ်ရသူ ဆုံးပါးသွားလို့ ဝမ်းနည်းပူဆွေးနေသူတွေနဲ့အတူ ပူဆွေးပါတယ်။ သူတို့အတွက် ဆက်ဆုတောင်းပေးနေပါတယ်။ ကပ်ရောဂါလိုမျိုး နာကျင်ခံစားရစေတဲ့အရာမှန်သမျှကို ယေဟောဝါ ဖယ်ရှားပေးမယ့်အချိန်၊ သေဆုံးသွားသူတွေကို ပြန်အသက်ရှင်စေမယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေပါတယ်။—၁ ကောရိန္သု ၁၅:၂၁၊ ၂၂