၂၀၂၃ ခုနှစ်၊ ဇွန် ၇ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ
ကမ္ဘာတစ်ဝန်းမှာ ဗေသလ လည်ပတ်ကြည့်ရှုမှု အစီအစဉ် ပြန်လည်စတင်
၂၀၂၃ ခုနှစ်၊ ဇွန် ၁ ရက်နေ့ကစပြီး ကမ္ဘာတစ်ဝန်းက ဗေသလ အတော်များများမှာ ဧည့်သည်တွေကို ပြန်လည် ကြိုဆိုခဲ့တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လည်ပတ်ကြည့်ရှုတဲ့ အစီအစဉ် ရပ်လိုက်ရတာ သုံးနှစ်ကျော်ပြီ။ ကမ္ဘာချီ ဗေသလအိမ်သားတွေအတွက်ကော လာရောက်လည်ပတ်တဲ့ ဧည့်သည် ထောင်နဲ့ချီအတွက်ပါ စိတ်လှုပ်ရှားစရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။
ဗေသလအိမ်သားတွေက ရောက်လာတဲ့ ဧည့်သည်တွေကို ဆိုင်းဘုတ်တွေ၊ သီချင်းတွေ၊ အပြုံးတွေနဲ့ ပွေ့ဖက်ပြီး ကြိုဆိုခဲ့ကြတယ်။ ကပ်ရောဂါကာလအတွင်း ကမ္ဘာ့ဌာနချုပ်မှာ စအမှုဆောင်ခဲ့သူ အဲလစ် ဘော့ ဒီလိုပြောတယ်– “ဗေသလအိမ်သားတွေက ဆိုင်းဘုတ်တွေနဲ့ ဧည့်ခန်းရှေ့မှာ တန်းစီနေကြတာ တွေ့ရလို့ ဘယ်လို ပျော်မှန်းမသိဘူး။ ဝမ်းသာမျက်ရည် ကျနေကြတာကို မြင်တဲ့အခါ ဗေသလဟာ တကယ်ထူးခြားတဲ့နေရာပဲဆိုတာ ပြန်သတိရသွားတယ်။” ဗေသလမှာ အချိန်ပိုင်း လုပ်အားပေးတဲ့ ညီအစ်မ အလက်စစ် အလက်ဇန်းဒါးလည်း ဧည့်သည်တွေကို ကြိုဆိုဧည့်ခံခွင့်ရလို့ သိပ်ဝမ်းသာတယ်။ သူဒီလို ပြောတယ်– “ယေဟောဝါဘုရားနဲ့ ဘုရားအိမ်တော်ကို ညီအစ်ကို/မတွေ ချစ်တဲ့မေတ္တာကို တွေ့ရတာ ဘာနဲ့မှ မတူဘူး။”
ညီအစ်မ မီယွန်ဂျိုက ရှစ်နှစ်အရွယ် သားဖြစ်သူ ယွန်းကို နောက်ဆုံးတော့ တောင်ကိုးရီးယား ဌာနခွဲရုံးဆီ ခေါ်သွားနိုင်ပြီဖြစ်လို့ သိပ်စိတ်လှုပ်ရှားခဲ့တယ်။ ယွန်းလည်း စိတ်လှုပ်ရှားလွန်းလို့ မသွားခင်ညမှာ အိပ်လို့တောင် မပျော်ဘူး။ မီယွန် ဒီလိုပြောတယ်– “မနက်နိုးတာနဲ့ အောင်အောင်နဲ့ ရွှေစင် ဗေသလကို သွားလည်တဲ့ သီချင်း ဖွင့်တယ်။ ဌာနခွဲကို သွားတဲ့ လမ်းပေါ်မှာလည်း ဖွင့်နားထောင်ကြတယ်။” ယွန်းက လည်ပတ်ကြည့်ရှုမှု အစီအစဉ်ကို ကြိုက်လွန်းလို့ “ဗေသလမှာ တိရစ္ဆာန်ပဲ လိုတော့တာ။ ဒါဆိုရင် ပရဒိသု ဖြစ်ပြီ” ဆိုပြီး ပြောတယ်။
ကနေဒါနိုင်ငံ၊ အဲလ်ဘာတာမြို့က မွေးရာပါ ကျောရိုး ကြွက်သားရောဂါ ခံစားနေရသူ လူငယ် နိုဝါ ဂျွန်စင်ဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်မှာရှိတဲ့ ဗေသလကို အမြဲ သွားလည်ချင်ခဲ့တာ။ သူ့ရောဂါကြောင့် လေယာဉ် စီးလို့ မရလို့ မိဘတွေက မိုင်ပေါင်း ၂,၅၀၀ ဝေးတဲ့ နယူးယောက်၊ ဝေါလ်ကီးလ် ဌာနခွဲဆီ ကားမောင်းပြီး ခေါ်သွားတယ်။ ဗေသလကို လည်ပတ်တဲ့ အတွေ့အကြုံနဲ့ပတ်သက်ပြီး နိုဝါ အခုလို ပြောတယ်– “လည်ပတ်ကြည့်ရှုမှု အစအဆုံးကို စကားလုံး တစ်လုံးတည်းနဲ့ ခြုံပြောရမယ်ဆိုရင် မေတ္တာပါပဲ။ ယေဟောဝါရဲ့ မေတ္တာနဲ့ ညီအစ်ကို/မတွေရဲ့ မေတ္တာကို ကျွန်တော် ခံစားရတယ်။”
ခုနစ်ဆယ့်ခြောက်နှစ်အရွယ် ညီအစ်ကို ဖီယိုဒို ဇီနစ်ခိုနဲ့ ဇနီး ယူလီတာတို့ဟာ ကာဇက်စတန် ဗေသလမှာရှိတဲ့ ပြတိုက်ကို လည်ပတ်ကြည့်ရှုရလို့ ဝမ်းသာကြတယ်။ နှစ်ပေါင်းများစွာ သစ္စာရှိရှိ ခံရပ်လာခဲ့တဲ့ ညီအစ်ကို/မတွေအကြောင်း ပြခန်းတစ်ခုမှာ ပြသထားတယ်။ သူတို့အတော်များများနဲ့အတူ တွဲအမှုဆောင်ခဲ့တဲ့ ညီအစ်ကို ဖီယိုဒို အတွက်တော့ ဒီပြခန်းဟာ အထူးအဓိပ္ပာယ်ရှိတယ်။ ပြခန်းကို သေသေချာချာ ခင်းကျင်းပြင်ဆင်ပေးလို့ ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ ညီအစ်ကို ဖီယိုဒို အခုလိုပြောတယ်–“ညီအစ်ကိုတွေတောင် ကျွန်တော်တို့ရဲ့ သစ္စာရှိမှတ်တမ်းနဲ့ လုပ်ရပ်တွေကို နှစ်ပေါင်းများစွာ အခုလို ထိန်းသိမ်းပေးထားတာဆိုတော့ ယေဟောဝါဆိုရင် ကျွန်တော်တို့ တစ်ယောက်စီရဲ့ လုပ်ရပ်လေးတွေကို မှတ်မိပြီး ဘယ်လောက်တောင် တန်ဖိုးထားလိုက်မလဲ။”
ကမ္ဘာတစ်ဝန်းက ဗေသလအဆောက်အအုံတွေမှာ ဧည့်သည်တွေကို ပြန်လည်ကြိုဆိုခွင့်ရလို့ ကျွန်တော်တို့ ဝမ်းသာတယ်။ လာမယ့်နေ့တွေမှာ နောက်ထပ် ဧည့်သည်တွေကို ကြိုဆိုချင်ပါသေးတယ်။—ဆာလံ ၁၂၂:၁။
အောက်ပါ ဓာတ်ပုံတွေက ဗေသလ အဆောက်အအုံတွေနဲ့ ပြတိုက်တွေကို ညီအစ်ကို/မတွေ လည်ပတ်ကြည့်ရှုနေကြတဲ့ ပုံတွေပါ။
အာဂျင်တီးနား
ဘယ်လ်ဂျီယံ
ဘရာဇီး
ဒိုမီနီကန် သမ္မတနိုင်ငံ
အီကွေဒေါ
ပြင်သစ်
ကာဇက်စတန်
နယူး ကယ်လီဒိုးနီးယား
နိုင်ဂျီးရီးယား
တောင်ကိုးရီးယား
အမေရိကန် ပြည်ထောင်စု—နယူးယောက်ပြည်နယ်၊ ဝေါလ်ကီးလ်မြို့
အမေရိကန် ပြည်ထောင်စု—နယူးယောက်ပြည်နယ်၊ ဝေါဝစ်မြို့