မတ် ၃၁၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ
ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေမှာ ဆက်ပါဝင်နိုင်အောင် သက်ကြီးရွယ်အိုတွေကို ကူညီပေး
သက်ကြီးပိုင်းတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေ မြင့်မားတယ်ဆိုတာ သိထားတဲ့အတွက် ကျွန်တော်တို့ရဲ့ သက်ကြီးရွယ်အို ညီအစ်ကို/မတွေဟာ ကျန်းမာရေးဌာန ညွှန်ကြားချက်တွေနဲ့အညီ အိမ်ထဲမှာပဲ နေကြတယ်။ ဒီလိုအိမ်တွင်းအောင်းနေရလို့ ပျင်းရိငြီးငွေ့ မနေကြပါဘူး။ ဆက်သွယ်ရေး နည်းပညာအမျိုးမျိုး သုံးပြီး အစည်းအဝေးနဲ့ အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေကြပါတယ်။
အီတလီနိုင်ငံ၊ ရောမမြို့မှာ ၁၉၅၂ တုန်းက နှစ်ခြင်းခံခဲ့တဲ့ ၉၄ နှစ်အရွယ် ညီအစ်မတစ်ယောက် ရှိတယ်။ ကျန်းမာရေး မကောင်းလို့ ကပ်ရောဂါ မကျရောက်ခင်ကတည်းက အိမ်တွင်းအောင်းနေရသူပါ။ JW Stream ကလွှင့်တဲ့ အစည်းအဝေးတွေကို ကြည့်ရပေမဲ့ သူ့အသင်းတော် အစည်းအဝေးတွေကို မမြင်ရတာ အတော်လေး ကြာပြီ။ အခုတော့ အသင်းတော် အကြီးအကဲတွေက အစည်းအဝေးတွေကို ဗီဒီယိုချိတ်ဆက်ပြီး ကျင်းပနေကြလို့ ဒီညီအစ်မဟာ မိမိအသင်းတော်က ညီအစ်ကို/မ အားလုံးကို မြင်ရရုံမက အသံတွေကိုလည်း ကြားနိုင်ပြီ။
အမေရိကန်နိုင်ငံ၊ ယူတာပြည်နယ်၊ စပဲနစ်ဖော့ခ်မြို့က ညီအစ်မ စတက်ဖနီ အိုက်ကင်ဟာ အကြားအာရုံချို့ယွင်းသူ ဖြစ်တယ်။ သူနေထိုင်တဲ့ သက်ကြီးဂေဟာက လောလောဆယ် ဧည့်သည် လက်မခံဘူး။ အကြီးအကဲမောင်နှံတစ်စုံက ညီအစ်မရဲ့ တက်ဘလက်မှာ ဗီဒီယို ဘယ်လို ချိတ်ဆက်ရမလဲဆိုတာ ဂေဟာရဲ့ မှန်တံခါး အပြင်ဘက်ကနေ လက်ဟန်ပြပြီး သင်ပေးတယ်။ အဲဒီ app ကို တင်လို့လည်း ပြီးသွားရော ညီအစ်မ အိုက်ကင် ဝမ်းသာအားရနဲ့ တက်ဘလက်ကို ရင်ခွင်ထဲ ပွေ့ပိုက်ထားတယ်။ အသင်းတော်နဲ့ ဆက်သွယ်နိုင်တုန်းမို့လို့ ပျော်ရွှင်နေတယ်။
အခုလို ကျန်းမာရေး အကျပ်အတည်း ဆိုက်နေချိန်မှာ သက်ကြီးရွယ်အိုတွေအပါအဝင် ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေဟာ နည်းပညာတွေ သုံးပြီး အခြေအနေနဲ့အညီ အလိုက်သင့် နေထိုင်နေကြပါတယ်။ ဒီအခြေအနေက မိမိလူမျိုးတွေ “လူမျိုးခြားတွေရဲ့ နို့ကို” သောက်လိမ့်မယ်ဆိုတဲ့ ယေဟောဝါရဲ့ကတိ ပြည့်စုံနေကြောင်း ဖော်ပြတယ်။ (ဟေရှာယ ၆၀:၁၆) ဒီလို ဒုက္ခကြုံနေရချိန်မှာ ဘုရားက မြေကြီးပေါ်ရှိ မိမိလူတွေရဲ့ လိုအပ်ရာကို အမြဲဖြည့်ဆည်းပေးမယ်ဆိုတာ စိတ်ချနေပါတယ်။
ဆွီဒင်နိုင်ငံက မောင်နှံစုံ (ဘယ်ဘက် ထိပ်)၊ ပြင်သစ်က ညီအစ်ကို (ဘယ်ဘက် အောက်)၊ တောင်ကိုရီးယားက မောင်နှံစုံ (ညာ) တို့ အသင်းတော်အစည်းအဝေးမှာ ပါဝင်နေကြ။
နော်ဝေက မောင်နှံစုံ ဖုန်းနဲ့ သက်သေခံနေကြ
အီတလီက မောင်နှံစုံ သိုးထိန်းလည်ပတ်မှုကနေ အကျိုးရရှိ