မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဖေဖော်ဝါရီ ၂၆
ကမ္ဘာတစ်ဝန်းက သတင်းများ

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ယေဟောဝါသက်သေတွေ ကယ်ဆယ်ရေး အထောက်အပံ့တွေ ထောက်ပံ့

ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ယေဟောဝါသက်သေတွေ ကယ်ဆယ်ရေး အထောက်အပံ့တွေ ထောက်ပံ့

၂၀၂၀ ပြည့်နှစ်မှာ အဖွဲ့အစည်းရဲ့ အကြီးမားဆုံး ကမ္ဘာချီ ကယ်ဆယ်ရေး လုပ်ငန်း စတင်ပြီး ဆက်လုပ်နေဆဲ ဖြစ်တယ်။ ကမ္ဘာတစ်ဝန်း သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRCs) ၉၅၀ ကျော် ဖွဲ့စည်းထားတယ်။ ၂၀၂၀ အတွင်းမှာ ကပ်ရောဂါသာမက ပျက်စီးမှု များတဲ့ အရေးပေါ် ကိစ္စတွေ၊ သဘာဝဘေးတွေလည်း တိုးများလာတယ်။ DRCs ဟာ ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်တွေကို လိုက်နာပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ကြတယ်။ ဒီလုပ်ငန်းမှာ ပါဝင်ရတာက သူတို့ရဲ့ ယုံကြည်ခြင်းကို ပိုခိုင်မာလာစေတယ်လို့ ပါဝင်ကြတဲ့ ညီအစ်ကို ညီအစ်မတွေ ပြောကြတယ်။ ညီအစ်ကိုတွေ ကြုံခဲ့ရတဲ့ အခြေအနေတချို့ကို ဖော်ပြလိုက်ပါတယ်-

မုန်တိုင်းများ

၂၀၂၀ လုပ်ငန်းတော်နှစ်အတွင်း အင်အားပြင်း မုန်တိုင်း ၁၂၆ ခု ကြုံခဲ့ရပြီး ၂၀၁၉ ထက် ၁၁.၅ ရာခိုင်နှုန်း တိုးများလာတယ်။ အဲဒီမုန်တိုင်းတွေကြောင့် ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တယ်။

ဥပမာ၊ ဖိလစ်ပိုင်မှာ အပူပိုင်း မုန်တိုင်း အကြိမ်ကြိမ် ဝင်ရောက်လို့ ကြေညာသူတွေ ဘေးလွတ်ရာကို ပြောင်းခဲ့ရတယ်။

အင်အားအပြင်းဆုံး စူပါ တိုင်ဖွန်းမုန်တိုင်း ဂိုနီ တိုက်ခတ်ပြီး သီတင်းပတ် အနည်းငယ် အကြာမှာ တိုင်ဖွန်းမုန်တိုင်း ဗမ်ကို တိုက်ခတ်မှုကြောင့် ရေကြီးမှုဖြစ်

နိုင်ဂျီးရီးယားမှာ မိုးသည်းထန်တဲ့အတွက် ညီအစ်ကိုတွေရဲ့ ကောက်ပဲသီးနှံတွေ ပျက်စီးသွားတယ်။

နိုင်ဂျီးရီးယားမှာ မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ရေကြီး

တောင်ကိုရီးယားမှာလည်း မုတ်သုံရာသီ ကြာရှည်တဲ့အတွက် ပျက်စီးမှုတွေ များခဲ့တယ်။

တောင်ကိုရီးယား သမိုင်းမှာ အချိန်အကြာဆုံး မုတ်သုံရာသီကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်

တောမီးလောင်ခြင်း

နိုင်ငံအတော်များများမှာ တောမီးလောင်တာတွေ ဖြစ်ပေါ်ခဲ့ပြီး တချို့က အကြီးမားဆုံး တောမီးလောင်မှုတွေ ဖြစ်တယ်။

ဥပမာ၊ အမေရိကန်မှာ ဖြစ်ခဲ့တဲ့ တောမီးကြီးကြောင့် အနည်းဆုံး ဧက တစ်သန်းကျော် လောင်ကျွမ်းခဲ့ပြီး တောမီးဒဏ်ကို ညီအစ်ကိုများစွာ ခံခဲ့ရတယ်။

အမေရိကန်၊ ကယ်လီဖိုးနီးယားမှာ တောမီးလောင်

ဩစတြေးလျမှာလည်း တောမီးကြောင့် ညီအစ်ကိုတွေ ထိခိုက်မှု ရှိခဲ့တယ်။

ဩစတြေးလျ တောမီး

ဘေးကင်းကင်းနဲ့ ထိရောက်တဲ့ ကယ်ဆယ်ရေး လုပ်ဆောင်မှုများ

အဖွဲ့အစည်းက ကယ်ဆယ်ရေးမှာ ပါဝင်သူတွေနဲ့ ကယ်ဆယ်ခံရသူတွေ ဘေးကင်းစေဖို့ ဘေးအန္တရာယ် ကင်းရှင်းရေး လမ်းညွှန်ချက်တွေ ပေးတယ်။

ညီအစ်ကို ဟန်ချန်ဟီး

ညီအစ်ကို ညီအစ်မတွေကို ကာကွယ်ပေးဖို့ လုပ်ဆောင်တာနဲ့ပတ်သက်ပြီး တောင်ကိုရီးယား DRC မှာ ကူညီပေးတဲ့ ညီအစ်ကို ဟန်ချန်ဟီး ဒီလို ပြောတယ်- “မနက်တိုင်း အားလုံးကို ကိုယ်ပူချိန် တိုင်းတယ်။ ခပ်ခွာခွာ နေတယ်။ အလုပ်မှာ စေတနာ့ဝန်ထမ်း အရေအတွက် ကန့်သတ်တယ်။ အစာစားချိန်နဲ့ အလုပ်နားချိန်မှာ အတူစုဝေးတာတွေကို ရှောင်ကြတယ်။ အလုပ်မလုပ်ခင်နဲ့ လုပ်ပြီးတိုင်း ကိုယ်အသုံးပြုတဲ့ ပစ္စည်းတွေကို ပိုးသတ်တယ်။”

ညီအစ်ကို ခရစ် ရှီရာ

သဘာဝဘေးတွေကြောင့် ညီအစ်ကိုတချို့ရဲ့ အိုးအိမ်တွေ ပျက်စီးသွားတယ်။ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား တောမီးလောင်ချိန် DRC မှာ ကူညီပေးခဲ့တဲ့ ညီအစ်ကို ခရစ် ရှီရာက “အိမ်တွေကို ကူညီပေးဖို့ လွှတ်တဲ့အခါ ကိုဗစ်-၁၉ ဘေးကင်းရေး လမ်းညွှန်ချက်နဲ့အညီ လူအရေအတွက်ကို ဂရုစိုက်တယ်” လို့ ပြောတယ်။

ညီအစ်ကို ဖိလစ် အာကင်ဒူရို

ဒေသများစွာမှာ ဘေးကင်းရေး အစီအစဉ်တွေ၊ ခရီးသွား ကန့်သတ်ချက်တွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင်မယ့်သူ အကန့်အသတ် ဖြစ်သွားတယ်။ နိုင်ဂျီးရီးယား DRC မှာ ပါဝင်ကူညီခဲ့တဲ့ ညီအစ်ကို ဖိလစ် အာကင်ဒူရို ဒီလို ပြောတယ်– “ကျွန်တော်တို့ ကြုံရတဲ့ အဓိက ပြဿနာကတော့ [အစိုးရရဲ့] ကန့်သတ်ချက်တွေပဲ။ ဒါကြောင့် စေတနာ့ဝန်ထမ်းတွေကို ရဖို့ သိပ်မလွယ်ဘူး။”

ညီအစ်ကို ကင် ဂျွန်ဟရောင်း

တောင်ကိုရီးယား DRC မှာ လုပ်ဆောင်ခဲ့တဲ့ ညီအစ်ကို ကင် ဂျွန်ဟရောင်းက ကယ်ဆယ်ရေး လုပ်သားတွေရဲ့ စိတ်ဓာတ်နဲ့ပတ်သက်ပြီး ဒီလိုပြောတယ်- “ဘုရားနဲ့ ညီအစ်ကို ညီအစ်မတွေကို ချစ်လို့ ကယ်ဆယ်ရေး လုပ်နေတာ။ ဒါကြောင့် အလုပ်လုပ်တဲ့အခါ အားလုံး အန္တရာယ်ကင်းအောင် အမြဲ ကြိုးစားကြတယ်။ ကြိုတင်ကာကွယ်မှုတွေကို အထူး ဂရုစိုက်သလို တစ်ချိန်တည်းမှာ ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ကြတယ်။”

ကယ်ဆယ်ရေးလုပ်ငန်းက ယုံကြည်ခြင်းကို ခိုင်ခံ့စေ

အခက်အခဲတွေကြား ကယ်ဆယ်ရေး လုပ်ငန်းကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့လို့ ပါဝင်သူတွေရဲ့ ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။

ဥပမာ၊ ၂၄ နာရီအတွင်း ကယ်ဆယ်ရေး လုပ်ငန်း စနိုင်ဖို့ DRC အနေနဲ့ စေတနာ့ဝန်ထမ်း အလုံအလောက် ရနိုင်ပါ့မလားလို့ ညီအစ်ကို ဟန် စိုးရိမ်မိတယ်။ “မလိုအပ်ဘဲ စိုးရိမ်မိမှန်း အချိန်တိုအတွင်းမှာပဲ ကျွန်တော် သိလိုက်ရတယ်။ နိုင်ငံတစ်ဝန်းက ညီအစ်ကို ညီအစ်မတွေက စေတနာ့ဝန်ထမ်း လုပ်ကြတယ်။ များလွန်းလို့ တချို့ကို ချန်ခဲ့ရတယ်။ ကျွန်တော်တို့နဲ့အတူ ယေဟောဝါ ရှိမှန်း သိလိုက်ရတယ်။ သိပ်အားရှိစရာပဲ” လို့ ပြောတယ်။

ညီအစ်ကို ဘရတ် ဘန်နာ

ဟွန်ဒူးရပ်စ်နိုင်ငံ ဟာရီကိန်း ကယ်ဆယ်ရေး လုပ်ငန်းမှာ ကူညီခဲ့တဲ့ ညီအစ်ကို ဘရတ် ဘန်နာက “စိတ်ဖိစီးစရာ အခြေအနေ ဖြစ်ပေမဲ့ ညီအစ်ကိုတွေဟာ လိုအပ်နေတဲ့ စားစရာ၊ နေစရာနဲ့ ဘုရားရေးရာ နှစ်သိမ့်မှုတွေ ရခဲ့တယ်။ ကမ္ဘာချီ ကပ်ရောဂါနဲ့ ဟာရီကိန်း နှစ်ခုပေါင်းတာတောင် အဖွဲ့အစည်းမှာ ရှိတဲ့ မေတ္တာကို မဖျက်ဆီးနိုင်ဘူးဆိုတာ သိခဲ့ရတယ်” လို့ ပြောတယ်။

ညီအစ်ကို အာလ်ကွင်း ဒိုင်ရပ်

ဖိလစ်ပိုင် ကယ်ဆယ်ရေး လုပ်ငန်းမှာ ကူညီခဲ့တဲ့ ညီအစ်ကို အာလ်ကွင်း ဒိုင်ရပ်က “ဒီလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ဉာဏ်ပညာနဲ့ သာမန်ထက် ထူးကဲတဲ့ ခွန်အားကို ယေဟောဝါ ရက်ရက်ရောရော ပေးမှန်း ဒီအတွေ့အကြုံတွေကနေ ကျွန်တော် သိလာရတယ်” လို့ ပြောတယ်။—၂ ကောရိန္သု ၄:၇

ဌာနခွဲတွေ၊ DRCs နဲ့ ကယ်ဆယ်ရေး လုပ်ငန်းမှာ ပါဝင်ကြတဲ့ ညီအစ်ကို ညီအစ်မ အားလုံးရဲ့ ကြိုးစားမှုကို ကျွန်တော်တို့ ကျေးဇူးတင်လေးမြတ်ပါတယ်။ သဘာဝဘေးတွေ စံချိန်တင်များတဲ့ နှစ်မှာ စေတနာ့ဝန်ထမ်းတွေရဲ့ မေတ္တာပါပါ ကြိုးစားမှုတွေ၊ ရက်ရက်ရောရော လှူဒါန်းမှုတွေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းကို လုပ်ဆောင်နိုင်ခဲ့တယ်။—၁ သက်သာလောနိတ် ၁:၃