မာတိကာဆီ ကျော်သွား

ညီအစ်ကို ဆာဂေး ဖီလာတို့ဗ်

မတ် ၂၊ ၂၀၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

ခရိုင်းမီးယားမှာ ပထမဆုံး ယေဟောဝါသက်သေ အမှုအတွက် စီရင်ချက်ကို စောင့်နေကြ

ခရိုင်းမီးယားမှာ ပထမဆုံး ယေဟောဝါသက်သေ အမှုအတွက် စီရင်ချက်ကို စောင့်နေကြ

၂၀၂၀၊ မတ် ၅ ရက်နေ့မှာ ခရိုင်းမီးယားသမ္မတနိုင်ငံ၊ ဂျန်ကွိုင်စကိုင် ခရိုင်တရားရုံးက ညီအစ်ကို ဆာဂေး ဖီလာတို့ဗ်ရဲ့အမှုကို စီရင်ချက် ချပါတော့မယ်။ လုံခြုံရေး တင်းကျပ်လွန်းတဲ့ ထောင်မှာ ထောင်ဒဏ် ခုနစ်နှစ် ချဖို့ ရှေ့နေက တောင်းဆိုထားပါတယ်။ ညီအစ်ကို ဖီလာတို့ဗ်ဟာ ရုရှား ရာဇဝတ်မှု ဥပဒေအရ စွဲချက်တင်ခံရတဲ့ ပထမဆုံး ယေဟောဝါသက်သေတစ်ဦးပါ။

အစောပိုင်းမှာ ဖော်ပြခဲ့သလိုပဲ မကြာသေးခင်နှစ်တွေအတွင်း ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို ဆန့်ကျင်တဲ့ အကြီးမားဆုံး အထူးလုပ်ဆောင်မှုတစ်ခုမှာ ညီအစ်ကို ဖီလာတို့ဗ် ဖမ်းဆီးခံခဲ့ရတယ်။ ၂၀၁၇၊ အောက်တိုဘာ ၁၀ တုန်းက ညီအစ်ကို ဖီလာတို့ဗ်ရဲ့ အိမ်မှာ မိတ်ဆွေတွေ၊ အသိအကျွမ်းတွေ စုဆုံရင်း ကျမ်းစာ ဆွေးနွေးပြီး ဘုရားကို ချီးမွမ်းတေးတွေ သီဆိုကြတယ်။ အဲဒီစုဝေးမှုကို ရုရှား ဖယ်ဒရယ် လုံခြုံရေးအဖွဲ့က လျှို့ဝှက် အသံသွင်းထားကြတယ်။ တစ်နှစ်ခန့်အကြာ ၂၀၁၈၊ နိုဝင်ဘာ ၁၅၊ ညဘက်မှာ အဲဒီဒေသက ယေဟောဝါသက်သေ နေအိမ် ရှစ်လုံးကို ရဲတပ်သားအယောက် ၂၀၀ ခန့် ဝင်ရောက်ရှာဖွေခဲ့ကြတယ်။ ညီအစ်ကို ဖီလာတို့ဗ်ရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေတဲ့ ရဲတပ်သား ၃၅ ဦးခန့်အနက် ထက်ဝက်လောက်ဟာ လက်နက်ကိုင် အထူးစစ်သားတွေ ဖြစ်တယ်။ ညီအစ်ကို ဖီလာတို့ဗ်ကို စစ်ကြောမေးမြန်းပြီးနောက် ပြန်လွှတ်ပေးကြတယ်။

ညီအစ်ကို ဆာဂေး ဖီလာတို့ဗ်နဲ့ ဇနီး နာတာရာတို့မှာ သားသမီး လေးယောက် ရှိပြီး နှစ်ယောက်က အရွယ်မရောက်သေးသူတွေပါ။ စီရင်ချက်ကို စောင့်နေကြစဉ် ညီအစ်ကို ဖီလာတို့ဗ်ရော မိသားစုပါ အခုလိုခက်ခဲချိန်မှာ ယေဟောဝါ ကူညီမယ်ဆိုတာ ယုံကြည်စိတ်ချရင်း ဘုရားကို ဆက်မျှော်ကိုးဖို့ ဆုတောင်းပေးနေပါတယ်။—ဆာလံ ၄၆:၁