မာတိကာဆီ ကျော်သွား

ညီအစ်မ ဖူမီကို တာကီဟာရာနဲ့ သား နာအိုကီဟာ မိသားစု ဝတ်ပြုမှုမှာ JW သတင်းဆောင်းပါးတွေ လေ့လာနေ

၂၀၂၁၊ မတ် ၈
ကမ္ဘာတစ်ဝန်းက သတင်းများ

စမ်းသပ်မှုတွေကို သားသမီးတွေ သတ္တိရှိရှိ ရင်ဆိုင်နိုင်ဖို့ JW သတင်းဆောင်းပါးတွေ သုံးပြီး မိဘတွေ ကူညီပေး

စမ်းသပ်မှုတွေကို သားသမီးတွေ သတ္တိရှိရှိ ရင်ဆိုင်နိုင်ဖို့ JW သတင်းဆောင်းပါးတွေ သုံးပြီး မိဘတွေ ကူညီပေး

သားသမီးတွေရဲ့ ယုံကြည်ခြင်း ခိုင်ခံ့လာစေဖို့ JW သတင်းဆောင်းပါးတွေကို သက်သေခံ မိဘများစွာ သုံးနေကြတယ်။

ဂျပန်နိုင်ငံက မိခင် ညီအစ်မ ဖူမီကို တာကီဟာရာက ၁၂ နှစ်အရွယ် သား နာအိုကီနဲ့အတူ JW သတင်းမှတ်တမ်းတွေ ဖတ်ပြီး ဆွေးနွေးတယ်။ ဆောင်းပါးတွေမှာ ပါတဲ့ ညီအစ်ကို ညီအစ်မတွေရဲ့ ဓာတ်ပုံကို ပရင့်ထုတ်ပြီး နံရံမှာ ကပ်ထားတယ်။ “တစ်ယောက်ချင်းအတွက် ဆုတောင်းပေးတယ်။ ထောင်ကျနေချိန်မှာတောင် မိမိလူမျိုးကို ယေဟောဝါ ပျော်ရွှင်စေမှန်း သိရလို့ နှစ်သိမ့်မှု ရတယ်၊ ပျော်ရွှင်နေတယ်ဆိုတာ ညီအစ်ကိုတွေရဲ့ မျက်နှာမှာ ပေါ်တယ်။ သူတို့ရဲ့ ပုံသက်သေကောင်းက ကျောင်းမှာ ယေဟောဝါအပေါ် သစ္စာစောင့်သိဖို့ သားလေးကို ကူညီပေးတယ်” လို့ ဖူမီကို ပြောတယ်။

ဇန်နို မိသားစုဟာ ဟောပြောရဲတဲ့ သတ္တိ ရှိလာအောင် JW သတင်းဆောင်းပါးတွေ လေ့လာနေ

“jw.org မှာ တင်တဲ့ JW သတင်းဆောင်းပါးတွေကို နေ့တိုင်း ကြည့်တယ်” လို့ ကို့ဒီဗွားနိုင်ငံက ကလေးနှစ်ယောက် ဖခင် ညီအစ်ကို ကီလန်ကို ဇန်နို ပြောတယ်။ အဲဒီဆောင်းပါးတွေကို မိသားစု ဝတ်ပြုမှုမှာ သုံးလေ့ ရှိတယ်။ နှိပ်စက်ညှဉ်းပန်းမှုကို သတ္တိရှိရှိ ခံရပ်နေတဲ့ ညီအစ်ကိုတွေဆီကနေ ခုနစ်နှစ်အရွယ် သား မက်သီးယက်စ် အပါအဝင် မိသားစုတစ်စုလုံး အများကြီး သင်ယူရကြောင်း ကီလန်ကို သိလာတယ်။

ကျောင်းနေဖက်တွေကို မက်သီးယက်စ် မဟောရဲဘူး။ “မိသားစု ဝတ်ပြုမှုလည်း ပြီးရော ‘သား ဟောဖို့ မကြောက်တော့ဘူး’ လို့ မက်သီးယက်စ် ထပြောတယ်” ဆိုပြီး ကီလန်ကို ပြောတယ်။

အလံ အလေးမပြုလို့ ကျောင်းထုတ်ခံရတဲ့ အင်ဒိုနီးရှား လူငယ် သက်သေခံတွေအကြောင်း ဆောင်းပါး နှစ်ပုဒ်ကို အင်ဒိုနီးရှားနိုင်ငံက ဖခင် ညီအစ်ကို ဟိုးမ် စီမာတူပန်ဟာ သားသမီးတွေနဲ့အတူ ဖတ်တယ်။

စီမာတူပန် မိသားစုဟာ ကျောင်းမှာ သစ္စာစောင့်သိတဲ့ လူငယ်တွေအကြောင်း JW သတင်းဆောင်းပါးတွေ ဆွေးနွေးနေ

ညီအစ်ကို စီမာတူပန် ဒီလိုပြောတယ်– “ကျွန်တော့်ကလေးနှစ်ယောက်လည်း ကျောင်းမှာ အဲဒီလို ပြဿနာတွေ ကြုံရတယ်။ အလံ အလေးပြုဖို့၊ အမျိုးသားသီချင်း ဆိုဖို့၊ ဘာသာရေး လုပ်ဆောင်မှုတွေမှာ ပါဖို့ ဆရာတွေ၊ အတန်းဖော်တွေရဲ့ ဖိအားပေးမှု မပြတ် ခံနေရတယ်။ ဒါကြောင့် သူတို့ခမျာ ကျောင်းသွားရမှာတောင် ကြောက်နေတယ်။

“မိသားစု ဝတ်ပြုမှုမှာ အဲဒီဆောင်းပါး နှစ်ပုဒ် ဆွေးနွေးပြီးနောက် အလံ အလေးမပြုရတဲ့ အကြောင်းရင်းကို သူတို့ သတ္တိရှိရှိ ရှင်းပြနိုင်ပြီ။ ကျောင်းထုတ်ခံရမှာကို တအား မစိုးရိမ်ကြတော့ဘူး။”

ဘရာဇီးနိုင်ငံမှာ နေတဲ့ ညီအစ်မ လေဒီ နေရီ ပက်စိုက “သားလေး ပီဒရို အသက် ငါးနှစ် ခြောက်နှစ်လောက်တုန်းက ကျောင်းမှာ မွေးနေ့ပွဲကိစ္စ ကြုံခဲ့ရတယ်” လို့ ပြောတယ်။ စမ်းသပ်မှုတွေအတွက် အသင့်ပြင်ခဲ့ကြတဲ့ ညီအစ်ကို ညီအစ်မတွေအကြောင်း JW သတင်းဆောင်းပါးတွေကို သတိရမိတယ်။ အဲဒါတွေ သုံးပြီး သားလေးကို အကောင်းဆုံး ကူညီပေးခဲ့တယ်။ “ကြုံရနိုင်တဲ့ အခြေအနေတွေအတွက် မိသားစု ဝတ်ပြုမှုမှာ အစမ်းလေ့ကျင့်ကြတယ်။ ဒါက ကျောင်းမှာ မွေးနေ့ပွဲတွေ ရှိတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ သိဖို့ သားလေးကို ကူညီပေးတယ်” လို့ လေဒီ ပြောတယ်။ အဲဒီလို အစမ်းလေ့ကျင့်မှုတွေက ယုံကြည်ချက်တွေကို ခုခံကာကွယ်ဖို့ ပီဒရိုကို အသင့်ပြင်ပေးတယ်။

ညီအစ်ကိုနဲ့ ညီအစ်မ ပက်စိုဟာ ယုံကြည်ချက်တွေကို ဘယ်လို ခုခံကာကွယ်ရမယ်ဆိုတာ သားလေးကို သင်ပေးဖို့ JW သတင်းဆောင်းပါးတွေ သုံးနေ

သစ္စာစောင့်သိသူတွေကို ယေဟောဝါ ဘယ်လောက် ခွန်အားပေးကြောင်း၊ ဂရုစိုက်ကြောင်း JW သတင်းဆောင်းပါးတွေက ဖော်ပြတယ်။ စမ်းသပ်မှုတွေ ကြုံရချိန်မှာ “သန့်ရှင်းသောစွမ်းအားတော် ပြည့်ပြီး ဝမ်းမြောက်ဝမ်းသာ” ဖြစ်နေမယ်ဆိုတဲ့ အထောက်အထားတွေပါပဲ။—တမန်တော် ၁၃:၅၀-၅၂