မာတိကာဆီ ကျော်သွား

ဂိလဒ်ကျောင်းဆင်းတွေ ပရိသတ်ကို လက်ဝှေ့ယမ်း နှုတ်ဆက်နေစဉ်

၂၀၂၀၊ မတ်လ ၂၀
ကမ္ဘာတစ်ဝန်းက သတင်းများ

တစ်မူထူးတဲ့ ဂိလဒ်ကျောင်းဆင်းပွဲ

တစ်မူထူးတဲ့ ဂိလဒ်ကျောင်းဆင်းပွဲ

၁၄၈ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်း ကျောင်းဆင်းပွဲဟာ တခြားကျောင်းဆင်းပွဲတွေနဲ့ ဘာမှ မကွာခြားပေမဲ့ တစ်မူထူးခြားတာ တစ်ခုတော့ ရှိတယ်။ ခန်းမမှာ ပရိသတ်တစ်ယောက်မှ မရှိတာပဲ။ တက်ရောက်သူအားလုံးက အင်တာနက်နဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး အစီအစဉ်ကို ကြည့်ရှုခဲ့ကြတယ်။ ကမ္ဘာချီ ကပ်ရောဂါ ဖြစ်နေချိန်မှာ ဒီကျောင်းဆင်းပွဲက အခြေအနေ အပြောင်းအလဲတွေကို အဖွဲ့အစည်း အလိုက်သင့် လုပ်ဆောင်ပုံကို ဖော်ပြတဲ့ နောက်ဆုံးနမူနာပါပဲ။

ဒီအစီအစဉ်ကို ၂၀၂၀၊ မတ်လ ၁၄ ရက်၊ နယူးယောက်မြို့၊ ပက်တာစင်မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ပညာပေးဌာနမှာ ကျင်းပတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို စတီဗင်လက်က အစီအစဉ် ဘဘာပတိဖြစ်တယ်။ ကျောင်းသား စုစုပေါင်း ၅၅ ယောက် ရှိတယ်။ a

ကျောင်းဆင်းပွဲ မတိုင်ခင်အပတ်တွေမှာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ပြန့်ပွားတဲ့ သတင်းတွေ တက်လာတယ်။ jw.org သတင်းကဏ္ဍမှာ ဖော်ပြခဲ့တဲ့အတိုင်း ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့ဌာနချုပ်က အခြေအနေကို အနီးကပ် စောင့်ကြည့်ပြီး အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်နဲ့အညီ အသင်းတော်အားလုံးကို လမ်းညွှန်ချက်တွေ ပေးခဲ့တယ်။

ထုတ်ပြန်ချက်တစ်ခုကတော့ လူစုလူဝေးကို ရှောင်ဖို့ ဖြစ်တယ်။ ဒီအချက်နဲ့ တခြားအချက်တွေကို သုံးသပ်ပြီးနောက် အုပ်ချုပ်ရေးအဖွဲ့က ပြင်ပ ဧည့်သည်တွေကို မဖိတ်ဖို့၊ ခန်းမထဲမှာ ပရိသတ်တစ်ယောက်မှ ရှိမနေစေဖို့ ဆုံးဖြတ်လိုက်တယ်။ လမ်းညွှန်ချက်ကို လိုက်နာရာမှာ ဗေသလမိသားစုနဲ့ ဂိလဒ်ကျောင်းဆင်းတွေ စံနမူနာကောင်း ပြခဲ့ကြတယ်။—ယောဟန် ၁၃:၃၄၊ ၃၅

ဒါပေမဲ့ အစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှုကို ဂိလဒ်ကျောင်းဆင်းတွေရဲ့ ဧည့်သည်တွေနဲ့ ဗေသလမိသားစု ကြည့်ရှုနိုင်ဖို့ စီစဉ်ပေးတယ်။ ဂိလဒ်ကျောင်းဆင်းတွေရဲ့ မိသားစု၊ မိတ်ဆွေတွေအပါအဝင် ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မ ၁၀,၀၀၀ ကျော် တိုက်ရိုက် ကြည့်ရှုကြတယ်။

COVID-19 ကပ်ရောဂါဘေး ကြုံနေရပေမဲ့ အုပ်ချုပ်ရေးအဖွဲ့က စုဝေးဝတ်ပြုမှုတွေ၊ အထူးသဖြင့် ပတ်စဉ် အသင်းတော် အစည်းအဝေးတွေကို ပုံမှန် ဆက်လုပ်သွားစေချင်တယ်။ ဒါကြောင့် အသင်းတော် အစည်းအဝေးတွေကို ဒေသအခြေအနေနဲ့အညီ အလိုက်သင့် လုပ်ဆောင်နိုင်ပုံကို ကမ္ဘာတစ်ဝန်းက ဌာနခွဲတွေဆီ သတ်သတ်မှတ်မှတ် လမ်းညွှန်ချက်တွေ ပို့ထားတယ်။ ဒေသတချို့မှာ ကြေညာသူတွေဟာ အုပ်စုငယ်လေးအဖြစ် စုဝေးနိုင်တယ်။ ဒါမှမဟုတ် ဗီဒီယိုနဲ့ ချိတ်ဆက်ပြီး “တွေ့ဆုံ” နိုင်တယ်။ အသင်းတော်အားလုံးကို ပို့ပေးတဲ့ ဘုရားရေးရာ လမ်းညွှန်အားပေးချက်တွေကနေ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်း အကျိုးရယူကြမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချနေပါတယ်။

အခက်အခဲမှန်သမျှ ကျော်လွှားနိုင်အောင် အဖွဲ့အစည်းကို ကူညီပေးနေတဲ့ ယေဟောဝါရဲ့ တန်ခိုးတော်ကို ဘာကမှ မတားဆီးနိုင်ဘူးဆိုတာ သေချာပါတယ်။—ဆာလံ ၁၈:၂၉

a ၁၄၈ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းပွဲ အစီအစဉ် အပြည့်အစုံကို ၂၀၂၀၊ ဇွန်လ jw.org မှာ တင်ပေးပါမယ်။