မာတိကာဆီ ကျော်သွား

ဘယ်မှညာ– ဂျာမနီ၊ မက္ကဆီကိုနဲ့ တောင်အာဖရိကက ကြေညာသူများ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

တစ်အိမ်မှတစ်အိမ် အမှုဆောင်လုပ်ငန်းကို ယေဟောဝါသက်သေတွေ ပြန်လည်စတင်

တစ်အိမ်မှတစ်အိမ် အမှုဆောင်လုပ်ငန်းကို ယေဟောဝါသက်သေတွေ ပြန်လည်စတင်

ယေဟောဝါသက်သေတွေရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ တစ်အိမ်မှတစ်အိမ် အမှုဆောင်လုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှာ ကမ္ဘာတစ်ဝန်း အားတက်သရော ပြန်လည်စတင်ခဲ့ကြတယ်။ ကျမ်းစာသင်အံမှု ကမ်းလှမ်းတဲ့ အထူးကင်ပိန်းလဖြစ်လို့လည်း ပိုစိတ်လှုပ်ရှားရပါတယ်။ ညီအစ်ကို၊ ညီအစ်မအများစုအတွက်ဆိုရင် သူတို့နှစ်သက်မြတ်နိုးတဲ့ လုပ်ဆောင်နေကျ အမှုဆောင်လုပ်ငန်းကို ပြန်လုပ်ဆောင်ကြတာ ဖြစ်တယ်။ တချို့သူတွေအတွက်ကျတော့ အိမ်နီးနားချင်းတွေဆီ လူကိုယ်တိုင်သွားပြီး ကျမ်းစာသတင်းစကား ပြောပြရတာ ဦးဆုံး အတွေ့အကြုံဖြစ်တယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ၂၀၂၃ ခုနှစ် လုပ်ငန်းတော်နှစ်အစနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းက တွေ့ကြုံမှုတချို့ကို ဝေမျှလိုက်ပါတယ်။

ဂျာမနီ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂ ရက်မှာ မြောက်ပိုင်း ရိုင်း-ဝက်စ်ဖာလီရာပြည်နယ်၊ ပီတာဟေဂန်မြို့က ညီအစ်မ နီကိုးလ်နဲ့ တီနာတို့ တိုက်ခန်းတွဲတစ်ခုမှာ အမှုဆောင်ထွက်ကြတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ဘူး။ ပြန်ထွက်လာတဲ့အခါ အမျိုးသမီးတစ်ယောက် လှမ်းခေါ်တာကို ကြားလိုက်ရတယ်။ ညီအစ်မတွေ တံခါးခေါက်နေတုန်း လာမဖွင့်ဖြစ်တဲ့အကြောင်း ရှင်းပြပြီး ကျမ်းစာဆွေးနွေးဖို့ ပြန်လာပါလို့ တောင်းဆိုတယ်။ တိုက်ခန်းထဲဝင်သွားတော့ သူဖတ်နေကျ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို စားပွဲပေါ်မှာ တွေ့ရတယ်။ လွန်ခဲ့တဲ့သုံးနှစ်၊ အီတလီမှာနေတုန်းက ကျမ်းစာအုပ်ကို ရခဲ့တာလို့ ပြောပြတယ်။ ကပ်ရောဂါကာလအတွင်း ဂျာမနီကို ပြောင်းလာပြီးတဲ့နောက် ယေဟောဝါသက်သေတွေနဲ့ အဆက်ပြတ်သွားခဲ့တာ။ ဆက်သွယ်နိုင်တဲ့ အချက်အလက်တွေကို အပြန်အလှန် ပေးကြတယ်။ အမျိုးသမီးကို အစည်းအဝေး ဖိတ်လိုက်တယ်။ နှစ်ရက်ကြာပြီးနောက် အမျိုးသမီးနဲ့ ကလေးနှစ်ယောက် အစည်းအဝေး လာတက်ကြတယ်။ သူ့ကို ကျမ်းစာသင်ပေးဖို့ စီစဉ်ခဲ့တယ်။

ဂွါတီမာလာ

မမ်စကားပြောလယ်ကွင်းမှာ အမှုဆောင်နေတဲ့ အထူးရှေ့ဆောင် မောင်နှံ မန်နျူဝယ်နဲ့ ကာရိုလ် ဂတ်စတာလန်တို့ဟာ ဖော်ရွေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ဆုံတယ်။ အိမ်ထဲ ဖိတ်ခေါ်ခံရတယ်။ ဘုရားမှာ နာမည်ရှိကြောင်း အဲဒီအမျိုးသမီး မသိဘူး။ ဒါနဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၄၊ “စစ်မှန်တဲ့ ဘုရားသခင်ဟာ ဘယ်သူလဲ” ကိုလေ့လာကြတယ်။ ဟေရှာယ ၄၂:၈ ကိုဖတ်ပြကြတယ်။ အမျိုးသမီးက သူ့ရဲ့ကျမ်းစာထဲမှာ ဘုရားနာမည် တွေ့ရလို့ အံ့ဩသွားတယ်။

ကျမ်းစာရှိရုံနဲ့ မလုံလောက်ဘူး၊ ကျမ်းစာကို လေ့လာဖို့လိုတယ်၊ ဒါမှ ဘုရားပညတ်အတိုင်း အသက်ရှင် နေထိုင်နိုင်မယ်လို့ ပြောပြီး ငိုပါလေရော။ သင်ခန်းစာကို လေ့လာပြီးသွားတဲ့အခါ သိလာတာတွေအတွက် ကျေးဇူးတင်မဆုံး ဖြစ်နေတယ်။ ဒီအကြောင်း အမျိုးသားကိုလည်း ပြန်ပြောပြမယ်လို့ ပြောတယ်။ မန်နျူဝယ်နဲ့ ကာရိုလ်က သူနဲ့ ကျမ်းစာဆက်လေ့လာဖို့ စီစဉ်ခဲ့တယ်။

ဂျပန်

ညီအစ်ကိုနဲ့ ညီအစ်မ နူကာမိုရီတို့ ယိုကိုဟားမားမြို့မှာ အမှုဆောင်ထွက်ကြတယ်။ အိမ်တစ်အိမ်ကို အင်တာကွန်းကနေ သက်သေခံတဲ့အခါ အမျိုးသမီးတစ်ယောက်ရဲ့ နှုတ်ဆက်သံကို ကြားတယ်။ ယေဟောဝါသက်သေတွေပါလို့ ပြောပြတော့ အိမ်ရှင်က ခဏစောင့်ပါလို့ ပြောတယ်။ ခဏကြာတော့ အမျိုးသမီးက တံခါးဖွင့်ပေးပြီး “ယေဟောဝါသက်သေတွေ ကျွန်မဆီ လာလည်ဖို့ စောင့်နေတာ” လို့ ပြောတယ်။

နာဂါဆာကီမြို့မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစတင်လေ့လာခဲ့ကြောင်း ပြောပြတယ်။ ကပ်ရောဂါဖြစ်တဲ့အခါ ယိုကိုဟားမားမြို့ကို ပြောင်းလာပြီး zoom နဲ့ ကျမ်းစာဆက်သင်တယ်။ ဒီအပတ် ကျမ်းစာသင်တုန်း ကျမ်းစာသင်ပေးသူက “စက်တင်ဘာလမှာ ကင်ပိန်းအစီအစဉ်ရှိတယ်။ ယေဟောဝါသက်သေ တစ်ယောက်ယောက် ကျိန်းသေ လာလိမ့်မယ်။ သူနဲ့ လူကိုယ်တိုင် တွေ့ဆုံပြီး ကျမ်းစာသင်ပါ” လို့ ပြောခဲ့တာ။ ဒီလောက်ထိ မြန်မြန်ဆန်ဆန် တွေ့မယ်လို့ မထင်ထားခဲ့ဘူး၊ အစည်းအဝေး တက်ချင်တယ်လို့လည်း ပြောတယ်။ နောက်တစ်ခေါက် ကျမ်းစာလေ့လာဖို့ ချိန်းဆိုခဲ့ကြတယ်။

ဂျပန်က ကြေညာသူတွေ တစ်အိမ်မှတစ်အိမ် အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေစဉ်

မက္ကဆီကို

မောင်နှံတစ်စုံက အမျိုးသမီးတစ်ယောက်ကို ကျမ်းစာသင်အံမှု ကမ်းလှမ်းတယ်။ အဲဒီအခါ အမျိုးသမီးက ယေဟောဝါသက်သေတွေနဲ့ အရင်တုန်းက ကျမ်းစာလေ့လာဖူးကြောင်း၊ အစည်းအဝေးတောင် တက်ဖူးကြောင်း ပြောပြတယ်။ သက်သေခံတွေနဲ့ အဆက်အသွယ် ပြတ်သွားပြီးနောက် ပြန်မရှာဖြစ်ဘူး။ ကျမ်းစာအခြေခံမူတွေအတိုင်း မနေထိုင်တော့ သက်သေခံတွေနဲ့ ပြန်တွေ့ရမှာ ရှက်လွန်းလို့ပါဆိုပြီး ပြောပြတယ်။ ပြီးတော့ ငိုပါလေရော။ သက်သေခံမောင်နှံက ဆာလံ ၁၀:၁၇ ကို ဖတ်ပြပြီး ယေဟောဝါဘုရား သူ့ကို ဘယ်တော့မှ မမေ့ဘူးလို့ ပြောပြတယ်။ ယေဟောဝါဘုရားရဲ့ စံနှုန်းတွေအတိုင်း နေထိုင်ချင်စိတ်ရှိတဲ့အတွက် ချီးကျူးတယ်။ အမျိုးသမီးက ကျမ်းစာလေ့လာဖို့ သဘောတူပြီး ၁၆ နှစ်အရွယ်သားလည်း ကျမ်းစာအကြောင်း သိချင်တယ်လို့ ပြောပြတယ်။

နောက်တစ်နေ့ သူတို့ဆီ ပြန်လည်ပတ်တဲ့အခါ အမျိုးသမီးနဲ့ သူ့သားက စောင့်နေတယ်။ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်၊ သင်ခန်းစာ ၁ ကို လေ့လာကြတယ်။ တနင်္ဂနွေ အစည်းအဝေးတက်ဖို့ ဖိတ်တော့ လာတက်ကြတယ်။ သားအမိနှစ်ယောက်စလုံး ကျမ်းစာ ဆက်လေ့လာပြီး အစည်းအဝေးတွေတက်ဖို့ ဆုံးဖြတ်ထားပါတယ်။

ပွာတိုရီကို

ပွာတိုရီကိုက ဇနီးမောင်နှံ အမျိုးသမီးတစ်ယောက်ကို ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင် ဝေငှနေစဉ်

တစ်အိမ်မှတစ်အိမ် အမှုဆောင်လုပ်ငန်းကို ပြန်လုပ်တဲ့ ဦးဆုံးနေ့မှာပဲ ရေမွန်က သတင်းကောင်း ကြားချင်သူတစ်ယောက်ကို ရှာတွေ့နိုင်ဖို့ ဆုတောင်းခဲ့တယ်။ ဦးဆုံးအိမ်ကို ခေါ်တဲ့အခါ အမျိုးသမီးတစ်ယောက် တံခါးလေးဟပြီး ချောင်းကြည့်တယ်။ ရေမွန်က နှုတ်ဆက်စကားပြောပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တယ်။ စတောင်မဟောရသေးဘူး၊ အမျိုးသမီးက “အခုလိုနေ့မျိုးရောက်ဖို့ အချိန်အကြာကြီး စောင့်ခဲ့ရတာ။ ကျွန်မအိမ်ကို ယေဟောဝါသက်သေတွေလာလည်ဖို့ ဆုတောင်းနေခဲ့တာ” လို့ ပြောတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က သက်သေခံတွေနဲ့ တွေ့ဆုံပြီး အစည်းအဝေးတွေ တက်ဖူးကြောင်း ပြောပြတယ်။ ဒါပေမဲ့ အိမ်ပြောင်းသွားတော့ သက်သေခံတွေနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ကပ်ရောဂါကာလအတွင်း တစ်အိမ်မှတစ်အိမ် အမှုဆောင်လုပ်ငန်းကို ခဏရပ်နားခဲ့ကြောင်း ရေမွန် ပြောပြတယ်။ ပြီးတော့ ဆာလံ ၃၇:၂၉ ကိုဖတ်ပြီး ကျမ်းစာလေ့လာမှု အစီအစဉ်အကြောင်း ရှင်းပြတယ်။ အမျိုးသမီးလည်း ကျမ်းစာလေ့လာဖို့ ဝမ်းမြောက်ဝမ်းသာ လက်ခံတယ်။ သူ့ဆီလည်ပတ်ဖို့ ညီအစ်မတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တယ်။

အခုလို တွေ့ကြုံခဲ့ရပြီးနောက် ရေမွန် ဒီလိုပြောတယ်– “ယေဟောဝါဘုရားနဲ့ ကောင်းကင်တမန်တွေက ကျွန်တော်တို့ကို နားထောင်ချင်တဲ့သူတွေဆီ လမ်းပြပေးနေတယ်ဆိုတာ သိလိုက်ပါတယ်။”

အမေရိကန်ပြည်ထောင်စု

ကန်တက်ကီပြည်နယ်က ညီအစ်မ ကိတ်လန် သောမ်ဆင်ဟာ အိမ်တစ်အိမ်ကို လည်ပတ်တဲ့အခါ ခြံဝက စာတိုက်ပုံးမှာ ကျမ်းချက်တွေရေးထားတာ၊ “သင့်ကို ယေရှု ချစ်တယ်” ဆိုတဲ့ စာတန်း ခြံထဲမှာ ရှိနေတာကို သတိထားမိတယ်။ အိမ်တံခါးခေါက်တော့ အမျိုးသမီးတစ်ယောက် ထွက်လာတယ်။ ကိတ်လန်က ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သက်သေခံတွေဟာ အိမ်နီးချင်းတွေဆီ မလည်ပတ်ဖြစ်တဲ့အကြောင်း ရှင်းပြတယ်။ ဒါပေမဲ့ ကပ်ရောဂါကာလအတွင်း တခြားသူတွေကို နှစ်သိမ့်အားပေးဖို့ စာရေးသားပေးပို့တာ၊ ဖုန်းခေါ်ဆိုတာတွေ လုပ်ခဲ့ကြောင်းလည်း ရှင်းပြတယ်။ အိမ်ရှင်အမျိုးသမီးနဲ့ မိသားစုကော အဆင်ပြေကြလားလို့ မေးတဲ့အခါ အမျိုးသမီးက ကပ်ရောဂါကာလအတွင်း အဖေဆုံးသွားကြောင်း ပြောပြတယ်။ “ရှင်တို့ဆီက စာတွေရတဲ့အခါ ကျွန်မလိုအပ်တဲ့အချိန်မှာ လိုအပ်ရာကို ဘုရားပေးတယ်လို့ ခံစားခဲ့ရတယ်” ဆိုပြီး ပြောတယ်။ ကိတ်လန်က နှစ်သိမ့်စကားဆိုပြီး ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင် သင်ခန်းစာ ၂ ကို ဆွေးနွေးတယ်။ သင်ခန်းစာထဲက ကျမ်းချက်တွေကိုဖတ်ပြီး ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း အလေးပေးပြောပြတယ်။ အိမ်ရှင်အမျိုးသမီး မျက်ရည်တွေ ကျလာတယ်။ ဒီနေ့က အဖေဆုံးတဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း ပြောတယ်။ သူ့ကိုဆက်သွယ်နိုင်တဲ့ အချက်အလက်တွေပေးပြီး ပြန်လာလည်ခွင့် ပေးခဲ့တယ်။ နောက်ပိုင်းမှာ ကိတ်လန်ကို သူအခုလို စာပို့တယ်– “အဲဒီနေ့မှာ ကျွန်မ အားပေးမှု တကယ်လိုအပ်နေတာ။ ကျေးဇူးတင်ပါတယ်။”

တစ်အိမ်မှတစ်အိမ် အမှုဆောင်လုပ်ငန်း ပြန်လည်စတင်ခြင်းနဲ့ ကျမ်းစာသင်အံမှု ကမ်းလှမ်းခြင်း ကင်ပိန်းကို ယေဟောဝါဘုရား ကောင်းချီးပေးနေတယ်ဆိုတာ သေချာပါတယ်။ ရလဒ်ကောင်းတွေကို ဆက်လက်စောင့်မျှော်နေပါတယ်။—ယောဟန် ၄:၃၅

 

ဗဟားမား

ကင်မရွန်း

ပနားမား

ဖိလစ်ပိုင်

တောင်ကိုရီးယား

အမေရိကန် ပြည်ထောင်စု