၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ
နွေးထွေးမှု ဆောင်ကြဉ်းပေးတဲ့ နိုင်ငံတော်သတင်းကောင်း ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံ မြောက်ဖျားပိုင်းဒေသအထိ ပျံ့နှံ့
၂၀၂၃ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို မာ့ခ် ဆန်ဒါစန်က ကနေဒါနိုင်ငံ၊ နုနဗွတ်ပြည်နယ်၊ အီခါလဝစ်မြို့က နိုင်ငံတော်ခန်းမအသစ်ရဲ့ ဆက်ကပ်အပ်နှံပွဲ ဟောပြောချက်ပေးခဲ့တယ်။ အစီအစဉ်ကို လူကိုယ်တိုင် တက်ယောက်သူ ၄၄ ယောက်၊ ဗီဒီယိုချိတ်ဆက် တက်ရောက်သူ ၃၈၈ ယောက် ရှိတယ်။ စတုရန်းမိုင် ၇၀၉,၂၇၀ လောက်ကျယ်တဲ့ နုနဗွတ်ပြည်နယ်ဟာ နေထိုင်သူ လူဦးရေ ၄၀,၀၀၀ တောင် မပြည့်လို့ ကမ္ဘာပေါ်မှာ လူနေ အကျဲဆုံးဒေသလို့ သတ်မှတ်ခံထားရတာပါ။ jw.org သတင်းမှာ ဖော်ပြခဲ့တဲ့အတိုင်း ညီအစ်ကို၊ ညီအစ်မတွေက နိုင်ငံတော်ခန်းမကို ခက်ခက်ခဲခဲ ဆောက်လုပ်ခဲ့ကြတယ်။ ဝေးလံခေါင်သီပြီး ရာသီဥတုကြမ်းတမ်းတဲ့ ဒီလိုနေရာမှာ သတင်းကောင်းဟောပြောဖို့ ဦးဆုံးရောက်လာခဲ့ကြတဲ့ သစ္စာရှိ ယေဟောဝါသက်သေတွေရဲ့ သတ္တိ၊ ဇွဲထက်သန်မှုအကြောင်း အပ်နှံပွဲ အစီအစဉ်မှာ တင်ဆက်ခဲ့တယ်။
၁၉၇၆ ခုနှစ်မှာ ညီအစ်မ မာဂရက် ဂေလီက ကွီဘက်ပြည်နယ်၊ မွန်ထရီအောမြို့ကနေ ၁,၂၇၅ မိုင်ဝေးတဲ့ နုနဗွတ်ပြည်နယ်၊ အီခါလဝစ်မြို့လို့ အခုသိကြတဲ့ နေရာလေးဆီ ပြောင်းရွှေ့ခဲ့တယ်။ သူဟာ လူသူအရောက်အပေါက်နည်းတဲ့ လွင်တီးခေါင်ဒေသကြီးမှာ ဦးဆုံး သတင်းကောင်း ဟောပြောခဲ့သူပါ။ အဲဒီနှစ်မှာပဲ တိုက်နယ်ကြီးကြပ်မှူး ညီအစ်ကို ဟန်စ် ပင်တာနဲ့ ဇနီး မီနာဗာတို့က အထူးအစီအစဉ်အဖြစ် ညီအစ်မ ဂေလီကို သွားရောက် အားပေးပြီး သူနဲ့ တစ်ပတ်လုံး အမှုဆောင် တွဲထွက်ပေးကြတယ်။
နောက်တော့ ၁၉၈၃ ခုနှစ်မှာ အီခါလဝစ်မြို့ကို ဇွဲထက်သန်တဲ့ သက်သေခံအုပ်စုလေးတစ်စု ရောက်လာကြတယ်။ အမှုဆောင်မှာ သူတို့တွေ အားကြိုးမာန်တက် လုပ်ဆောင်ကြလို့ ပထမဆုံး နယ်ခံ မိသားစုတစ်စု နှစ်ခြင်းခံခဲ့တယ်။ သတ္တိရှိတဲ့ နိုင်ငံတော်သတင်း ကြေညာသူတွေက ဝေးလံတဲ့ ဒီဒေသဆီ အခေါက်ခေါက်အခါခါ လာပြီး အနှစ် ၂၀ ကျော် ဟောပြောခဲ့ကြတယ်။ ၂၀၀၈ ခုနှစ်ရောက်တော့ အီခါလဝစ်မြို့မှာ အုပ်စုတစ်ခု တည်ထောင်တယ်။ ၂၀၁၀ မှာ အသင်းတော်ဖြစ်လာပြီး အစည်းအဝေးတွေကို ကျောင်းအားကစားရုံမှာ ကျင်းပတယ်။ ၂၀၂၂၊ အောက်တိုဘာလမှာ ညီအစ်ကို/မတွေက ဆောက်ပြီးခါစ နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတွေ တက်နိုင်လို့ ဝမ်းသာမဆုံးဖြစ်ကြတယ်။
အထူးရှေ့ဆောင်တွေလည်း ညီအစ်ကို/မတွေနဲ့အတူ အီခါလဝစ်မြို့မှာကော နုနဗွတ်ပြည်နယ်အနှံ့က သီးခြားနေရာတွေမှာပါ ဟောပြောကြတယ်။ ညီအစ်ကို ဂျိုဝယ်လ် တယ်ရီယန်နဲ့ ဇနီး ရှယ်ရွယ်တို့လည်း ပါတယ်။ သူတို့က အီခါလဝစ်မြို့ရဲ့ အနောက်ဘက် ၈၂၆ မိုင် ဝေးတဲ့ ဘိတ်ကာလိတ်ဒေသဆီ ပြောင်းရွှေ့ခဲ့ကြတာ။ ညီအစ်ကို ဂျိုဝယ်လ် အခုလို ပြန်ပြောင်းပြောပြတယ်– “ရာသီဥတုကလည်း အေး၊ အကုန်အကျကလည်း များ၊ ဝေးကလည်းဝေး ဆိုပေမဲ့ လုပ်ရကျိုးနပ်ပါတယ်။ ဒေသခံတွေ သတင်းကောင်းကို လှိုက်လှိုက်လှဲလှဲ လက်ခံကြတာ ယေဟောဝါရဲ့ ကောင်းချီးပါပဲ။ သူတို့ကို ကျမ်းစာသတင်း ဝေမျှခွင့်ရတာ အခွင့်ထူးပါ။”
ဘိတ်ကာလိတ် နယ်ခံတစ်ယောက်ဖြစ်တဲ့ ဂျိုးဇက် ယူထာနက်ဟာ နိုင်ငံတော် သတင်းကောင်းကို ဝမ်းပန်းတသာ လက်ခံခဲ့သူပါ။ ညီအစ်ကို ဂျိုဝယ်လ်နဲ့ ကျမ်းစာလေ့လာပြီး ၂၀၂၁ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ လက်ရှိမှာတော့ ညီအစ်ကို ဂျိုးဇက်ဟာ ဘိတ်ကာလိတ်ဒေသရဲ့ တစ်ဦးတည်းသော ကြေညာသူပဲ။ ၂၀၂၃ ခုနှစ်၊ မေလမှာ အီခါလဝစ်မြို့က နိုင်ငံတော်ခန်းမ အပ်နှံမယ့်အကြောင်း ကြားတော့ လူကိုယ်တိုင် သွားတက်နိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရှာတယ်။ သူ့အတွက်တော့ နှစ်ခြင်းခံပြီးကတည်းက နိုင်ငံတော်ခန်းမမှာ ညီအစ်ကို/မတွေနဲ့ ဦးဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံရတာပါပဲ။ သူ အခုလို ပြောပြတယ်– “နိုင်ငံတော်ခန်းမကို သဘောကျလိုက်တာ။ ဆောက်လုပ်ရေး လုပ်သားအများစုက နယ်ခံတွေ မဟုတ်တော့ ဒီဒေသရဲ့ ရာသီဥတု၊ အခြေအနေနဲ့ စိမ်းနေမှာ။ ယေဟောဝါနဲ့ လူလူချင်းကို ချစ်တဲ့ မေတ္တာကြောင့်သာ သူတို့ ဒီကို ရောက်လာတယ်ဆိုတာ ရှင်းနေပါတယ်။”
မြောက်ပိုင်းဒေသက အသင်းတော်လေးခုမှာ အမှုဆောင်နေတဲ့ ညီအစ်ကို/မ စုစုပေါင်း ၁၇၈ ယောက် ရှိတယ်။ နုနဗွတ်မြို့မှာ အသင်းတော်တစ်ခု၊ အနောက်မြောက်ဒေသမှာ အသင်းတော် နှစ်ခုနဲ့ ယူကွန်ဒေသမှာ အသင်းတော်တစ်ခုရှိတယ်။ ဒီမြောက်ပိုင်းဒေသတစ်ခုလုံးရဲ့ အရွယ်အစားဟာ ကနေဒါနိုင်ငံရဲ့ ၄၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ကနေဒါနိုင်ငံရဲ့ မြောက်ဖျားပိုင်းဒေသက တအားအေးပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲကြမ်းတမ်းတယ်။ အဲဒီလိုဝေးလံခေါင်သီတဲ့ နေရာတွေအထိတောင် သတင်းကောင်း ပျံ့နှံ့သွားဖို့ ညီအစ်ကို/မတွေ လိုလိုလားလား ကြိုးစားအားထုတ်နေတာကို ကျွန်တော်တို့ လေးမြတ်တန်ဖိုးထားပါတယ်။—တမန်တော် ၁:၈။
အမေရိကန်နိုင်ငံ၊ အလာစကာပြည်နယ်ရဲ့ သီးခြားရပ်ကွက်များ
အလာစကာဟာ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးနဲ့ မြောက်ဘက်အစွန်ဆုံး ပြည်နယ်ဖြစ်ပြီး စတုရန်းမိုင် ၁,၇၂၃,၀၀၀ လောက် ကျယ်ဝန်းတယ်။ တက္ကဆက်ပြည်နယ်ထက် နှစ်ဆကျော် ကြီးတဲ့ ဒီနေရာမှာ လူဦးရေ ၇၃၀,၀၀၀ လောက် နေထိုင်တယ်။ ၁၈၉၇ ခုနှစ်မှာ အလာစကာပြည်နယ်ဆီ နိုင်ငံတော်သတင်းကောင်း စတင် ရောက်ရှိခဲ့တယ်။ ဒီနေ့အချိန်မှာ အသင်းတော် ၃၀ ခုနဲ့ အုပ်စု ၈ ခုမှာ အမှုဆောင်နေတဲ့ ကြေညာသူ ၂,၄၀၀ လောက်ရှိတယ်။ အလာစကာပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အန်းခါးရေ့ဂျ်မြို့မှာ အသင်းတော် ဆယ်ခု၊ အုပ်စု ငါးခု ရှိပြီး ဘာသာစကားအမျိုးမျိုးနဲ့ အစည်းအဝေးတွေ ကျင်းပနေတယ်။ မုံ (အဖြူ)၊ ကိုရီးယား၊ ရုရှား၊ ဆာမိုအာနဲ့ တိုင်းရင်းသားစကားတစ်ခုဖြစ်တဲ့ ဗဟို အလာစကာ ယူပစ်ခ် ဘာသာစကားတွေနဲ့ပါ။ ဖဲဘန့်ခ်၊ ဂျူနိုနဲ့ ဝီဆီလာမြို့တွေမှာလည်း ဘာသာစကားအမျိုးမျိုးနဲ့ အသင်းတော်တွေ၊ အုပ်စုတွေ ရှိတယ်။ ဘယ်သယ်၊ ရဲန်ဂယ်နဲ့ ဟိန်းစ် စတဲ့ သီးခြားမြို့ငယ်လေးတွေမှာလည်း သတင်းကောင်း ပျံ့နှံ့ရောက်ရှိနေပါပြီ။
၂၀၁၄ ခုနှစ်၊ ဩဂုတ်လမှာ အန်းခါးရေ့ဂျ်မြို့ရဲ့ အရှေ့တောင်ပိုင်း ၅၁၃ မိုင် အကွာက ဟိန်းစ်မြို့ဆီ အထူးရှေ့ဆောင်နှစ်ယောက်ဖြစ်တဲ့ ညီအစ်ကို ဆဘာဘီ လဘာလိုနဲ့ ညီအစ်ကို ဒက်စတင်း ဝက်ဆန်တို့ကို လွှတ်လိုက်တယ်။ တစ်နှစ်အတွင်းမှာပဲ နယ်ခံထဲက စိတ်ဝင်စားသူ အယောက် ၄၀ နဲ့ ကျမ်းစာသင်အံမှု ကျင်းပနိုင်ခဲ့ပြီး သင်သားအများစု နှစ်ခြင်းခံတဲ့အထိ တိုးတက်လာတယ်။ ၂၀၁၈ ရောက်တော့ အသင်းတော်ငယ်တစ်ခု ဖြစ်လာတယ်။ အစည်းအဝေးတွေကို စာကြည့်တိုက်တစ်ခုမှာ ကျင်းပတယ်။ ၂၀၂၁ မှာ နိုင်ငံတော်ခန်းမအဖြစ် အသုံးပြုဖို့ အဆောက်အအုံတစ်ခုကို ဝယ်လိုက်တယ်။ ၂၀၂၂၊ စက်တင်ဘာလမှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ကဲနက် ကွတ်က အပ်နှံပွဲ ဟောပြောချက် လာပေးတယ်။ ၄၈ ယောက် လူကိုယ်တိုင် တက်ရောက်ပြီး ၈၆ ယောက်က ဗီဒီယိုနဲ့ ချိတ်ဆက်ကြည့်ရှုကြတယ်။ ဒီအသင်းတော်လေးမှာရှိတဲ့ ကြေညာသူ ၂၁ ယောက်က ဟိန်းစ်မြို့နဲ့ ဝေးလံတဲ့ဒေသတွေမှာ သတင်းကောင်း ဝေမျှနေကြပါတယ်။
ဟိန်းစ်မြို့က နိုင်ငံတော်ခန်းမ အပ်နှံပွဲကို တက်ပြီးတဲ့နောက် ညီအစ်ကို လဘာလို အခုလို ပြောတယ်– “ကျွန်တော် ဒီကို စရောက်တဲ့ လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက ဒီလိုနေရာမျိုးမှာ အခုလို အသင်းတော်တစ်ခုနဲ့ နိုင်ငံတော်ခန်းမတစ်လုံး ရှိလာမယ်လို့ လုံးဝ ထင်မထားခဲ့ဘူး။ ဒီလောက် ဝေးလံတဲ့နေရာအထိတောင် ယေဟောဝါအကြောင်း “လူအမျိုးမျိုး” သိလာဖို့ ဘုရားပြင်ဆင်ပေးနေတာကို တွေ့ရလို့ အားရှိလိုက်တာ။”—၁ တိမောသေ ၂:၄။