မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

နှစ်ရက်အတွင်း ဘာသာစကား ၁၃ မျိုးနဲ့ ကျမ်းစာထုတ်ဝေပြီး ဘာသာပြန်မှတ်တိုင်သစ် စိုက်ထူ

နှစ်ရက်အတွင်း ဘာသာစကား ၁၃ မျိုးနဲ့ ကျမ်းစာထုတ်ဝေပြီး ဘာသာပြန်မှတ်တိုင်သစ် စိုက်ထူ

၂၀၂၂ ခုနှစ်၊ ဇွန် ၂၅-၂၆ ရက်မှာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဘာသာစကား ၁၃ မျိုးနဲ့ ထုတ်ဝေပြီး ဘာသာပြန်မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပါတယ်။ အရင်တုန်းကတော့ နှစ်ရက်အတွင်း ဘာသာစကားခြောက်မျိုးအထိပဲ ထုတ်ဝေခဲ့ဖူးတာ။ ဒီအထူးအခါသမယအကြောင်း အောက်ပါမှတ်တမ်းတွေမှာ အသေးစိတ်ဖတ်ကြည့်ပါ။

တဇယ်တယ်

ဗဟိုအမေရိက ဌာနခွဲကော်မတီဝင် ညီအစ်ကို အမန်ဒို အိုခိုယာက တဇယ်တယ်ဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို ထုတ်ဝေခဲ့တယ်။ အစီအစဉ်ကို လူ ၁,၄၀၀ လောက် ကြည့်ရှုခဲ့ကြတယ်။ ကျမ်းစာကို ဒီဂျစ်တယ်ပုံစံနဲ့ကော ပုံနှိပ်စာအုပ်ပုံစံနဲ့ပါ ထုတ်ဝေခဲ့တယ်။

ဘာသာပြန်တစ်ယောက် အခုလိုပြောတယ် - “ပြန်တွေးကြည့်ရင် ဒီလုပ်ငန်းမှာ ယေဟောဝါရဲ့လက်တော်ပါတာကို အထင်အရှားမြင်ခဲ့ရတယ်။ ပြီးမြောက်ခဲ့ရာအတွက် ယုံတောင်မယုံနိုင်ဘူး။ ယေဟောဝါရဲ့စွမ်းအားတော် အကူအညီကြောင့်သာ ပြီးမြောက်ခဲ့တာ။”

ဝေယူနာအီကီ

ကိုလံဘီယာဌာနခွဲကိုယ်စားလှယ် ညီအစ်ကို ကားလို့ မိုရန်နိုက ဝေယူနာအီကီ ဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာ (မဿဲ-တမန်တော်) ကို ထုတ်ဝေခဲ့တယ်။ ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်ကို ကိုလံဘီယာနဲ့ ဗင်နီဇွဲလားနိုင်ငံက ပရိသတ် ၂,၀၀၀ လောက် ကြည့်ရှုခဲ့ကြတယ်။ ကျမ်းစာကို ဒီဂျစ်တယ်အသွင်နဲ့ ထုတ်ဝေခဲ့ပြီး ပုံနှိပ်ကျမ်းစာကိုတော့ နောက်ပိုင်းမှာ ရရှိမယ်။

ဘောင်းလယ်

ကို့ဒီဗွားဌာနခွဲကော်မတီဝင် ညီအစ်ကို ခရစ်တိုဖီ ကိုလော့ဟာ ကမ္ဘာသစ်ဘာသာပြန်ကျမ်းတစ်အုပ်လုံးကို ဘောင်းလယ်ဘာသာစကားနဲ့ ထုတ်ဝေခဲ့တယ်။ ကြိုတင်ရိုက်ကူးထားတဲ့အစီအစဉ်ကို ပရိသတ် ၁၂,၀၀၀ ကျော် ကြည့်ရှုခဲ့တယ်။ ဒီဂျစ်တယ်ပုံစံနဲ့ ထုတ်ဝေခဲ့တာဖြစ်ပြီး ပုံနှိပ်ကျမ်းစာတွေကိုတော့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလောက်မှာ ရကြမယ်။ ကို့ဒီဗွားဌာနခွဲနယ်မြေအတွင်းက ဒေသခံဘာသာစကားနဲ့ ဦးဆုံးထုတ်ဝေခဲ့တဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းလည်း ဖြစ်တယ်။

အလုပ်မှာ စိတ်နှစ်ထားနိုင်အောင် ဘာက ကူညီပေးတယ်ဆိုတာကို ဘာသာပြန်အဖွဲ့ဝင်တစ်ယောက် အခုလိုပြောပြတယ်- “အလုပ်မှာ ကျွန်တော်တို့ ဘာအခက်အခဲပဲကြုံရကြုံရ လူတွေ၊ ညီအစ်ကို/မတွေသာ သူတို့ဘာသာစကားနဲ့ ကျမ်းစာရရင် ဘယ်လောက်ပျော်လိုက်ကြမလဲဆိုတာကို တွေးလိုက်တော့ ယေဟောဝါရဲ့အကူအညီနဲ့ ရှေ့ဆက်လုပ်နိုင်ဖို့ ခွန်အားရသွားတယ်။”

ဝေလ

ဝေလပြည်နယ်က နိုင်ငံတော်ခန်းမတစ်ခုမှာ ဗြိတိန်ဌာနခွဲကော်မတီဝင် ညီအစ်ကို ပီတာဘဲလ်က တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်အတွင်း ဝေလဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန် ခရစ်ယာန်ဂရိကျမ်းစာကို ထုတ်ဝေခဲ့တယ်။ ဝေလပြည်နယ်နဲ့အာဂျင်တီးနားနိုင်ငံက နိုင်ငံတော်ခန်းမတွေမှာ တက်ရောက်သူ ၂,၀၅၇ ယောက်ရှိခဲ့တယ်။ ကျမ်းစာကို ဒီဂျစ်တယ်အသွင်နဲ့ ထုတ်ဝေခဲ့ပြီး ပုံနှိပ်ကျမ်းစာကိုတော့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ရရှိပါမယ်။

ဘာသာပြန်အဖွဲ့ဝင်တစ်ယောက် အခုလိုပြောတယ် - “ယေဟောဝါရဲ့နာမည်ကို ဦးဆုံးဘာသာပြန်ခဲ့တဲ့အချိန်ကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး။ ဘုရားရဲ့နာမည်ကို မူရင်းအတိုင်း ပြန်ထားခွင့်ရတာ မထိုက်တန်တဲ့အခွင့်အရေးပါပဲ။”

မန်ယာဝါနဲ့ တေဝေ

မိုဇမ်ဘစ်ဌာနခွဲကော်မတီဝင် ညီအစ်ကို မာစီလို စန်တိုက ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်နှစ်ခုအတွင်း မဿဲကျမ်းစောင်ကို မန်ယာဝါ၊ တေဝေ ဘာသာစကားတွေနဲ့ ထုတ်ဝေခဲ့တယ်။ အစီအစဉ်ကို JW တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြသခဲ့သလို တီဗီနဲ့ ရေဒီယိုမှာလည်း ထုတ်လွှင့်ခဲ့တယ်။ ကျမ်းစောင်ကို ဒီဂျစ်တယ်ပုံစံနဲ့ ကူးယူနိုင်ပြီး အသံဖိုင်ကိုလည်း နားထောင်နိုင်တယ်။ ပုံနှိပ်ကျမ်းစောင်ကိုတော့ ၂၀၂၂၊ စက်တင်ဘာလမှာ ရရှိပါမယ်။

မဿဲကျမ်းစောင်ဟာ မန်ယာဝါဘာသာစကားနဲ့ ဦးဆုံးရရှိတဲ့ ကျမ်းစာစောင်ဖြစ်တယ်။ တေဝေ ဘာသာစကားနဲ့တော့ ကျမ်းစာစောင်အနည်းငယ်ပဲ ရှိတယ်။ အခုထုတ်ဝေလိုက်တဲ့ကျမ်းစာစောင်ကို ဖတ်ရှုနားဆင်သူတွေ အကျိုးများစွာ ရပါလိမ့်မယ်။

ကီချူဝါ (အန်းကက်)၊ ကီချူဝါ (အိုင်ယာကူချို)၊ ကီချူဝါ (ကူဇ်ကို)

ပီရူးဌာနခွဲကော်မတီဝင် ညီအစ်ကို မာစီလို မိုယာနိုက ပီရူးနိုင်ငံရဲ့ အဓိကဘာသာစကားသုံးမျိုးဖြစ်တဲ့ ကီချူဝါ (အန်းကက်)၊ ကီချူဝါ (အိုင်ယာကူချို)၊ ကီချူဝါ (ကူဇ်ကို) ဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွေကို ဒီဂျစ်တယ်အသွင်နဲ့ ထုတ်ဝေခဲ့တယ်။ ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်ကို ပရိသတ် ၇,၀၀၀ ကျော် ကြည့်ရှုခဲ့ကြတယ်။ ပုံနှိပ်ကျမ်းစာတွေကိုတော့ ၂၀၂၂၊ အောက်တိုဘာလမှာ ရပါမယ်။

ဘာသာစကားသုံးမျိုးစလုံးဟာ ကီချူဝါစကားဖြစ်ပေမဲ့ ဒေသအလိုက် အသုံးအနှုန်းတွေ အတော်လေးကွဲပြားတဲ့အတွက် သတ်သတ်စီ ဘာသာမပြန်ဆိုရင် စာဖတ်သူတွေ ကျမ်းစာကို ရှင်းရှင်းလင်းလင်း နားမလည်နိုင်ဘူး။ ဘာသာပြန်အဖွဲ့တစ်ဖွဲ့စီဟာ ဒေသအလိုက် ပြောဆိုသုံးနှုန်းကြသူတွေ အလွယ်တကူ နားလည်နိုင်မယ့် စကားလုံးတွေကို ရွေးချယ်ကြတယ်။

အင်ဒက်ဘယ်လီ၊ ဆက်ဆိုသို (လီဆိုသို)၊ ဆက်ဆိုသို (တောင်အာဖရိက)

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ကဲနက်ကွတ်က အင်ဒက်ဘယ်လီ၊ ဆက်ဆိုသို (တောင်အာဖရိက) ဘာသာစကားတွေနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ထုတ်ဝေခဲ့တယ်။ ဆက်ဆိုသို (လီဆိုသို) စကားနဲ့ ပြန်လည်တည်းဖြတ်ထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ကိုလည်း ထုတ်ဝေခဲ့တယ်။ ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်ကို နိုင်ငံတစ်ဝန်း ရွေးချယ်ထားတဲ့ နိုင်ငံတော်ခန်းမနဲ့ နေအိမ်တွေမှာ ပရိသတ် ၂၈,၀၀၀ ကျော် ကြည့်ရှုခဲ့တယ်။ ကျမ်းစာကို ဒီဂျစ်တယ်ပုံစံနဲ့ ချက်ချင်းကူးယူနိုင်ခဲ့ပြီး ပုံနှိပ်ကျမ်းစာကိုတော့ ၂၀၂၂၊ ဒီဇင်ဘာလမှာ ရနိုင်ဖို့ စီစဉ်ထားတယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း အစအဆုံးကို အင်ဒက်ဘယ်လီ၊ ဆက်ဆိုသို (တောင်အာဖရိက) ဘာသာစကားတွေနဲ့ ဦးဆုံးရရှိခဲ့တာ ဖြစ်တယ်။

အင်ဒက်ဘယ်လီကျမ်းစာနဲ့ ပတ်သက်ပြီး ဘာသာပြန်အဖွဲ့ဝင်တစ်ဦး အခုလို ပြောတယ် - “ယေဟောဝါရဲ့နာမည်ကို ပြန်လည်ထည့်သွင်းထားတဲ့ ဒီကျမ်းစာဟာ အင်ဒက်ဘယ်လီစကားပြောသူတွေအတွက် တကယ့်ကောင်းချီးတစ်ရပ်ပါပဲ။ ဘုရားနာမည်ကို သူတို့ရဲ့ကိုယ်ပိုင်ကျမ်းစာကနေ တိုက်ရိုက်ဖတ်ရှုခွင့် ရကြပါလိမ့်မယ်။”

အင်ဒက်ဘယ်လီ (ဇင်ဘာဘွေ)

ဇင်ဘာဘွေဌာနခွဲကော်မတီဝင် ညီအစ်ကို ရှင်ဂီရိုင် မက်ဖူမိုက အင်ဒက်ဘယ်လီ (ဇင်ဘာဘွေ) စကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဒီဂျစ်တယ်ပုံစံနဲ့ ထုတ်ဝေခဲ့တယ်။ ပုံနှိပ်ကျမ်းစာတွေကို ၂၀၂၂၊ ဇူလိုင်လမှာ ရပါမယ်။ ကြိုတင်ရိုက်ကူးထားတဲ့ အစီအစဉ်ကို ဇင်ဘာဘွေနိုင်ငံတစ်ဝန်းက နိုင်ငံတော်ခန်းမတွေမှာ ပရိသတ် ၈,၇၀၀ ကျော် ကြည့်ရှုခဲ့ကြတယ်။

အင်ဒက်ဘယ်လီ (ဇင်ဘာဘွေ) စကားနဲ့ ကျမ်းစာတွေ ရှိပေမဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းနဲ့မှပဲ ကျမ်းစာအမှန်တရားကို ရှင်းရှင်းလင်းလင်း နားလည်လာတယ်။ ဥပမာ၊ ယောဟန် ၁၇:၃ မှာ တခြားအင်ဒက်ဘယ်လီကျမ်းစာတွေက ယေရှုကို “စစ်မှန်တဲ့ဘုရားသခင်” လို့ သုံးနှုန်းထားတယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကတော့ ယေဟောဝါဘုရားသခင်နဲ့ ယေရှုခရစ်တို့ရဲ့ ကွာခြားချက်ကို သဲသဲကွဲကွဲ ဖော်ပြထားတယ်။ “ကျမ်းစာကို နားလည်ရလွယ်တဲ့ နေ့စဉ်သုံးစကားနဲ့ ဖတ်ရှုနိုင်ကြပြီ” လို့ ဘာသာပြန်တစ်ယောက် ဆိုတယ်။

ကမ္ဘာတစ်ဝန်း အမှန်တရား ရှာဖွေနေသူတွေ ဘုရားသခင့်တရားစကားတော်ကို ဖတ်ရှုပြီး “အသက်ရေကို အခမဲ့ယူ” နိုင်ပြီဖြစ်လို့ ဝမ်းသာမိပါတယ်။​—⁠ဗျာဒိတ် ၂၂:၁၇