မာတိကာဆီ ကျော်သွား

ဂျပန်နိုင်ငံက ညီအစ်မ မီအဲကို ယိုရှီနာရီက မျက်စိမကောင်းလို့ မှတ်ချက်အတွက် စာလုံးအကြီးကြီး ရေးထား

ဧပြီ ၂၈၊ ၂၀၂၁
ကမ္ဘာတစ်ဝန်းက သတင်းများ

ပထမဆုံးအကြိမ် အွန်လိုင်းနဲ့ ကျင်းပတဲ့ ရှေ့ဆောင်သင်တန်း

ပထမဆုံးအကြိမ် အွန်လိုင်းနဲ့ ကျင်းပတဲ့ ရှေ့ဆောင်သင်တန်း

ကပ်ရောဂါကာလအတွင်း ကမ္ဘာတစ်ဝန်းမှာ ၂၀၂၁ လုပ်ငန်းတော်နှစ်အတွက် ရှေ့ဆောင်သင်တန်းကို ပထမဆုံးအကြိမ် ဗီဒီယို ချိတ်ဆက်မှုနဲ့ ကျင်းပခဲ့တယ်။ ဘုရားရေးရာ ပြင်ဆင်ပေးမှုတွေကို တန်ဖိုးထားတဲ့အတွက် ကျောင်းသားတွေဟာ တက်ရောက်ဖို့ ကြိုးစားခဲ့ကြတယ်။ အခက်အခဲတွေကြား ရှေ့ဆောင်သင်တန်း တက်ဖို့ ယေဟောဝါ ကူညီပေးတဲ့ တွေ့ကြုံမှုတွေကို ဖတ်ကြည့်ပါ။

ဂျပန်နိုင်ငံက ညီအစ်မ မီအဲကို ယိုရှီနာရီက မှန်မှန်ရှေ့ဆောင်သက်တမ်း နှစ်ပေါင်း ၃၀ ရှိပါပြီ။ (အဖွင့်ရုပ်ပုံ။) အီလက်ထရောနစ်ပစ္စည်းတွေ သိပ်မသုံးတတ်သလို အမြင်အာရုံလည်း မကောင်းပေမဲ့ အွန်လိုင်းနဲ့ ကျင်းပတဲ့ ရှေ့ဆောင်သင်တန်း တက်ဖို့ ဆုံးဖြတ်ထားတယ်။ “မှတ်ချက်တွေကို စာလုံးကြီးကြီးနဲ့ ရေးထားလို့ မှတ်ချက်ပေးရ လွယ်တယ်။ ရှေ့ဆောင်သင်တန်းကတစ်ဆင့် ကျွန်မကို ယေဟောဝါ အားပေးထောက်မပေးနေတယ်” လို့ သူ ပြောတယ်။

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့နားက တီကာရွာမှာ နေတဲ့ ညီအစ်မ အဲနီထာ ကရီအူကီက အလှဖန်တီးရှင် အလုပ်တစ်ဖက်နဲ့ ရှေ့ဆောင် လုပ်နေတယ်။ ရှေ့ဆောင်သင်တန်း တက်နိုင်ဖို့ တစ်ပတ်လုံး အလုပ်နားမှ ဖြစ်မယ်။ အစပိုင်းမှာ စိတ်ပူပေမဲ့ ယေဟောဝါကို အကြွင်းမဲ့ အားကိုးတယ်။ “ယေဟောဝါဆီ ဆုတောင်းအသနားခံပြီး ဘုရားလက်ထဲ ပုံအပ်ထားလိုက်တယ်။ အမှုဆောင်မှာ ဆက်ပါဝင်တယ်” လို့ သူ ပြောပြတယ်။ သင်တန်းစဖို့ တစ်ပတ်အလို စနေတနင်္ဂနွေမှာ စရိတ်စက ကာမိဖို့ ငွေပိုငွေလျှံလေး ရလာတယ်။ ဒေါ်လာ ၃၀ လိုနေပေမဲ့ သင်တန်း တက်လိုက်တယ်။ ဗုဒ္ဓဟူးနေ့ သင်တန်းအပြီး ဖောက်သည်တစ်ယောက်က အကြွေးလာဆပ်တယ်။ လိုနေတဲ့ ငွေပမာဏ ကွက်တိ ဖြစ်နေတယ်။

ဟွန်ဒူးရပ်စ်၊ ယိုရိုမြို့က ညီအစ်မ လောရန် မာဒရီးဂလပ်ရဲ့ အိမ်ဟာ ရေကြီးမှုအပြင် အီတာနဲ့ လိုတာ မုန်တိုင်းတွေကြောင့် ရွှံ့နွံ သုံးပေလောက် မြှုပ်သွားတယ်။မိသားစု ပိုင်ဆိုင်ရာ အားလုံးနီးပါး ဆုံးရှုံးပြီး ယာယီ ရွှေ့ပြောင်းနေထိုင်ရတယ်။ အဲဒီအချိန်မှာပဲ ရှေ့ဆောင်သင်တန်း တက်ဖို့ ဖိတ်ခေါ်စာ ရတယ်။ ဖိတ်ခေါ်ခံရလို့ ပျော်ပေမဲ့ သင်တန်းအမီ အိမ်ကို ရှင်းနိုင်ပါ့မလားလို့ တွေးပူမိတယ်။ “မနက်စောစောကနေ မိုးချုပ်တဲ့အထိ သန့်ရှင်းရေးလုပ်ကြတယ်။ ရက်အတော်ကြာတယ်။ ပင်ပန်းသလား မပြောနဲ့။ သင်တန်းအတွက် ပြင်ဆင်ဖို့ အားတောင် ကျန်ပါ့မလား၊ သင်တန်း မတက်ဘဲ နေရင် ကောင်းမလားလို့ တွေးမိတယ်” လို့ သူ ပြောတယ်။ သူ ခံစားရသမျှ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတယ်။ ဖြစ်ချင်တော့ သင်တန်းစဖို့ ရက်ပိုင်းအလိုမှာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီက အိမ်ကို လာရှင်းပေးတယ်။ ဒါကြောင့် သင်တန်းအတွက် ပြင်ဆင်ဖို့၊ အိမ်ကနေ သင်တန်းတက်ဖို့ အဆင်ပြေသွားတယ်။

ဟွန်ဒူးရပ်စ်၊ ယိုရိုမြို့က ညီအစ်မ လောရန် မာဒရီးဂလပ်၊ မုန်တိုင်းသင့် အိမ်ကို မရှင်းလင်းမီ

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်အို၊ ကလိဗ်လန်းက ညီအစ်ကို စပန်ဆာ စတက်နဲ့ ဇနီး အလက်ဇန်ဒရာတို့ဟာ မှန်မှန်ရှေ့ဆောင်တွေပါ။ သင်တန်း မစခင် စပန်ဆာရဲ့ ဖခင်၊ မုဆိုးဖို ရောဘတ် ဆေးရုံတင်ရတယ်။ ဒါကြောင့် ရှေ့ဆောင်သင်တန်း တက်နိုင်ပါ့မလားလို့ သူတို့ စိတ်ပူကြတယ်။ ရောဘတ်ကတော့ တက်ဖို့ အားပေးတယ်။ သင်တန်းစခါနီး နှစ်ရက်အလိုမှာ ရောဘတ် ဆုံးသွားတယ်။ စိတ်ထိခိုက်ရပေမဲ့ သင်တန်းပထမနေ့တစ်ရက်ပဲ လွတ်သွားတယ်။ သင်တန်းတက်နိုင်ဖို့ ထက်ထက်သန်သန် ဆုတောင်းတယ်။ ဖခင်ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့လို့ စိတ်သက်သာရတယ်လို့ စပန်ဆာ ပြောတယ်။ “အဖေ့ကို သင်တန်းတက်နိုင်ခဲ့တယ်လို့ ပြောပြီး သိခဲ့တာတွေကို ပြန်ဝေမျှနိုင်မယ့် အချိန်ကို စောင့်မျှော်နေတယ်။ သင်တန်းသားတွေ၊ နည်းပြတွေလည်း လိုအပ်သလို ထောက်မပေးခဲ့တယ်။”

တောင်ကိုးရီးယားက ညီအစ်ကို ချန်ဒယ်ရှစ်က ဘိုးဘွားရိပ်သာမှာ နေတာ ဆယ်နှစ် ရှိပါပြီ။ လေဖြတ်သွားလို့ ဘီးတပ်ကုလားထိုင်နဲ့ သွားလာရတယ်။ ပြီးခဲ့တဲ့ ရှေ့ဆောင်သင်တန်းကို တက်ဖို့ ကြိုးစားပေမဲ့ ကျန်းမာရေးကြောင့် တစ်ရက်ပဲ တက်လိုက်ရတယ်။ အခုတစ်ခါ အွန်လိုင်းနဲ့ ကျင်းပတဲ့ ရှေ့ဆောင်သင်တန်း တက်ဖို့ ဖိတ်ခေါ်စာ ရလို့ ပျော်သွားတယ်။ “ကျေးဇူးတင်လွန်းလို့ မျက်ရည်မဆည်နိုင်အောင်ပဲ။ အွန်လိုင်းသင်တန်း မဟုတ်ရင် တက်ဖို့ မဖြစ်နိုင်ဘူးလေ။ သင်တန်း တက်လိုက်ရလို့ သိပ်ပျော်တာပဲ” ဆိုပြီး သူ ပြောတယ်။

တောင်ကိုးရီးယားက ညီအစ်ကို ချန်ဒယ်ရှစ်က ဘိုးဘွားရိပ်သာကနေ ရှေ့ဆောင်သင်တန်း တက်နေ

သြစတြေးလျက မှန်မှန်ရှေ့ဆောင် ညီအစ်ကို အက်ဒီ အယ် ဘေးရက်နဲ့ ဇနီး ရှရစ်

ညီအစ်ကို အက်ဒီ အယ် ဘေးရက်နဲ့ ဇနီး ရှရစ်က သြစတြေးလျ၊ နယူးဆောက်ဝေးမှာ နေတယ်။ “ကျွန်မရဲ့ အမှုဆောင်စွမ်းရည် မတိုးတက်ဘူးလို့ ခံစားမိတယ်။ လုပ်ရိုးလုပ်စဉ်လို ဖြစ်လာတယ်။ တိုးတက်ဖို့ ဘာလုပ်ရမယ်မှန်း မသိဘူး” လို့ ရှရစ် ပြောတယ်။ ရှေ့ဆောင်သင်တန်းက သူ လိုနေတဲ့အရာပဲ။ “အခြေအနေ အကန့်အသတ် ဖြစ်နေရင်တောင် အမှုဆောင်မှာ တိုးချဲ့လုပ်ဆောင်နိုင်တဲ့ အချက်တွေကို သိလာတယ်။”

အက်ဒီက သင်တန်းကြောင့် အားရှိသွားကြောင်း အခုလို ပြောတယ်။ “ယေဟောဝါကိုယ်တိုင် ပွေ့ဖက်ထားသလို ခံစားရတယ်။ ကျွန်တော့်ပခုံးကို ဖွဖွလေး ပုတ်ပြီး ‘ဆက်ကြိုးစားပါ။ မင်းနဲ့အတူ ငါရှိနေမယ်။ မင်းကို ချစ်တယ်။ မင်းကို ဂရုစိုက်တယ်’ လို့ ပြောနေသလိုပဲ။”

နောက်လည်း အွန်လိုင်းသင်တန်းတွေ ရှိပါမယ်။ ယေဟောဝါရဲ့ လူတွေ အခက်အခဲကြားမှာ သွန်သင်မှုတွေ ရရှိနေတာ အလွန် အားရှိစရာကောင်းတယ်။ “ကြည့်ပါဦး။ ဘုရားသခင်ဟာ တန်ခိုး သိပ်ကြီးမားတယ်။ ဘုရားလို သွန်သင်နိုင်သူ ဘယ်သူ ရှိသလဲ” ဆိုတဲ့ ယောဘရဲ့ စကားကို ပြန်အမှတ်ရစေတယ်။—ယောဘ ၃၆:၂၂

အောက်ပါ ဓာတ်ပုံတွေက အွန်လိုင်း ရှေ့ဆောင်သင်တန်းကနေ အကျိုးရရှိခဲ့ကြတဲ့ တခြားနိုင်ငံက နည်းပြတွေ၊ သင်တန်းသားတွေရဲ့ ပုံတွေပါ။

အာဂျင်တီးနား။ လိုင်းကားပေါ် အလွတ်သဘော သက်သေခံပုံကို နောက်ခံမြင်ကွင်းတု သုံးပြီး သရုပ်ပြနေတဲ့ သင်တန်းသား

ကင်မရွန်း။ ကင်မရွန်းမှာ သာသနာပြုအဖြစ် ၁၂ နှစ်ကြာ အမှုဆောင်ခဲ့သူ ရှေ့ဆောင်သင်တန်း နည်းပြ၊ ညီအစ်ကို ဂီလက်တွန် ကျမ်းစာဘာသာပြန်ခြင်းအကြောင်း သင်ခန်းစာမှာ ပင်လယ်သေ ကျမ်းလိပ်ကို ပြနေစဉ်

ဂရိ။ ဂရိအလယ်ပိုင်း အသင်းတော်တွေမှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်တဲ့ ညီအစ်ကို တာကက်စ် ပါဒူလာ့ ရှေ့ဆောင်သင်တန်းမှာ သင်ကြားနေ

အီတလီ။ အီတလီမှာ ကျင်းပတဲ့ အင်္ဂလိပ်ရှေ့ဆောင်သင်တန်း ငါးခုအနက် တစ်ခု

မက္ကဆီကို။ ချီယာပတ်စ်ပြည်နယ်ရဲ့ ရုံးသုံး တဇိုဇီဘာသာစကားနဲ့ စာအုပ်သစ် သုံးပြီး ရှေ့ဆောင်သင်တန်း တက်နေသူတချို့။ တဇိုဇီစကားနဲ့ ပထမဆုံး ကျင်းပတဲ့ သင်တန်းလည်း ဖြစ်

သီရိလင်္ကာ။ အထူးရှေ့ဆောင် ညီအစ်ကို နစ်ရှန်တာ ဂန်နဝါဒန်နဲ့ ဇနီး ရှီရိုမာလာ သင်တန်းတက်နေ

တန်ဇန်းနီးယား။ ဇန်ဇီဘာမြို့က အကြီးအကဲ ညီအစ်ကို ဝီလျံ ဘန်ဒါလာ ဝိုင်ဖိုင်လိုင်းမိတဲ့ အိမ်ခြံဝန်းမှာ ထိုင်နေ