မာတိကာဆီ ကျော်သွား

၁၉၄၆ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်အို၊ ကလိဗ်လန်းမှာ ကျင်းပခဲ့တဲ့ “ပျော်ရွှင်သော လူမျိုး” အစည်းအဝေးကြီး အပေါ်စီး မြင်ကွင်းပုံ

ဩဂုတ် ၂၊ ၂၀၂၁
ကမ္ဘာတစ်ဝန်းက သတင်းများ

ပထမဆုံး အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့

“ပျော်ရွှင်သော လူမျိုး” သမိုင်းဝင် အစည်းအဝေးကြီးက နောက်ပိုင်း စုဝေးပွဲတွေအတွက် နမူနာဖြစ်လာ

ပထမဆုံး အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့

ယေဟောဝါသက်သေတွေရဲ့ “ပျော်ရွှင်သော လူမျိုး” ပထမဆုံး အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး ကျင်းပခဲ့တာ ၂၀၂၁၊ ဩဂုတ် ၄ ဆိုရင် ၇၅ နှစ် ပြည့်ပါပြီ။ ဒီအစည်းအဝေးကြီးကို ၁၉၄၆၊ ဩဂုတ် ၄-၁၁ ရက်အထိ အမေရိကန် ပြည်ထောင်စု၊ အိုဟိုင်အို၊ ကလိဗ်လန်းက အားကစားရုံကြီးနဲ့ အနီးအနားက အားကစားကွင်းမှာ ကျင်းပခဲ့တယ်။

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးတဲ့နောက် အစည်းအဝေးကြီးတစ်ခု ကျင်းပဖို့ ညီအစ်ကိုတွေ စီစဉ်ကြတယ်။ တစ်ကမ္ဘာလုံး ကြုံတွေ့ခဲ့ရတဲ့ စစ်အနိဋ္ဌာရုံနဲ့ ဆန့်ကျင်ဖက်ပဲ။ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မ ထောင်ပေါင်းများစွာဟာ ဒီအစည်းအဝေးကြီးမှာ ငြိမ်သက်အေးချမ်းစွာ စုဆုံခဲ့ကြတယ်။ အမေရိကန် ပြည်ထောင်စုမှာ အသားအရောင် ခွဲခြားမှု ရှိနေဆဲ ဖြစ်ပေမဲ့ ဒီအစည်းအဝေးကြီးမှာတော့ လူမျိုး၊ နောက်ခံ မခွဲခြားဘဲ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းခဲ့ကြတယ်။

“ပျော်ရွှင်သော လူမျိုး” အစည်းအဝေးကြီးဟာ သက်သေခံ ၈၀,၀၀၀ ကျော် ပထမဆုံးအကြိမ် စုဆုံတဲ့ ပွဲကြီးပါပဲ။ စစ်ကြောင့် ကွေကွင်းနေရတဲ့ ညီအစ်ကို/မတွေ စုဆုံပေါင်းသင်းခွင့် ရလို့ သိပ်ပျော်ကြတယ်။ နိုင်ငံပေါင်း ၃၂ ခုက ကိုယ်စားလှယ် ၃၀၂ ယောက် တက်ရောက်ကြတယ်။ အစည်းအဝေးကြီး နောက်ဆုံးနေ့ တနင်္ဂနွေမှာ ညီအစ်ကို နေသန် အိတ်ချ် နောရ်က “ငြိမ်းချမ်းရေး မင်းသား” ဆိုတဲ့ ဟောပြောချက်ကို ပေးခဲ့တယ်။

ညီအစ်ကို နောရ် ဟောပြောတဲ့ “ငြိမ်းချမ်းရေး မင်းသား” ဟောပြောချက် ကြော်ငြာကို အားကစားရုံ အပြင်ဘက်မှာ တပ်ထား

အစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပနိုင်ပေမဲ့ အခက်အခဲတွေတော့ ရှိတယ်။ အစည်းအဝေးကြီး ပထမနေ့မှာ ညီအစ်ကိုတွေ ပြဿနာကြီးတစ်ခု ကြုံရတယ်။ တက်ရောက်သူ များလွန်းလို့ အားကစားရုံကြီးမှာ ထိုင်ခုံ မလောက်တော့ဘူး။ ညနေ ၇:၄၅ စမယ့် အစီအစဉ်မှာ ပရိသတ်တွေ နေရာရဖို့ အနီးအနားက အားကစားကွင်းကို ညီအစ်ကိုတွေ အသုံးပြုချင်တယ်။ ဒါပေမဲ့ ညနေ ၆:၃၀ အထိ အဲဒီကွင်းမှာ ဘေ့စ်ဘော ပြိုင်ပွဲနှစ်ခု ကျင်းပဖို့ စီစဉ်ပြီးသား ဖြစ်နေတယ်။

ပွဲချိန် ဒုတိယပိုင်းမှာ မိုးသက်မုန်တိုင်း တိုက်ခတ်လို့ ပရိသတ်တွေ ပွဲမပြီးခင် ပြန်သွားကြတယ်။ နောက်တော့ ရာသီဥတု ပြန်ကောင်းသွားလို့ သက်သေခံ ၅၀,၀၀၀ ဟာ ညနေပိုင်း အစီအစဉ်ကို အဲဒီကွင်းမှာ တက်ရောက်နိုင်ခဲ့ကြတယ်။

“ဘုရားသခင် သစ္စာတော် တည်စေသတည်း” စာအုပ်ကို ညီအစ်ကို နောရ် ထုတ်ဝေနေစဉ်

“ပျော်ရွှင်သော လူမျိုး” အစည်းအဝေးကြီးမှာ နိုးလော့! မဂ္ဂဇင်းသစ်နဲ့ “ဘုရားသခင် သစ္စာတော် တည်စေသတည်း” ဆိုတဲ့ စာအုပ်ကို ထုတ်ဝေခဲ့တယ်။ ဒါ့အပြင် အမေရိကန် နယူးယောက်၊ ဘရွက်ကလင်က ပုံနှိပ်တိုက်နဲ့ တခြားခြောက်နိုင်ငံက ဌာနခွဲတွေ တိုးချဲ့မယ့်အကြောင်း ညီအစ်ကို နောရ် ကြေညာတယ်။

ပီတိအဖြစ်ရဆုံးကတော့ မနီးမဝေးက အီရီ ရေကန်မှာ ညီအစ်ကို ၉၀၃ ဦး၊ ညီအစ်မ ၁,၆၉၉ ဦး၊ စုစုပေါင်း ၂,၆၀၂ ဦး နှစ်ခြင်းခံတာပဲ။ ကင်းမျှော်စင် သင်တန်းနဲ့ သီအိုကရက်တစ် ဓမ္မအမှုကျောင်း ကျင်းပပုံတွေကို သရုပ်ပြတဲ့ အစီအစဉ်၊ ဂီတပညာရှင် ၁၆၀ ပါတဲ့ သံစုံတီးဝိုင်းရဲ့ တေးဂီတ အစီအစဉ်တွေကလည်း အမှတ်တရပါပဲ။

ညီအစ်ကို၊ ညီအစ်မတချို့ နှစ်ခြင်းခံဖို့ ပြင်ဆင်နေကြ

ဒီစည်းဝေးပွဲကြီးက နောက်ပိုင်း အစည်းအဝေးကြီးတွေအတွက် နမူနာ ဖြစ်လာတယ်။ ဥပမာ၊ ဧည့်ကြိုဌာန၊ သဘာပတိရုံးခန်း၊ ရှေးဦးသူနာပြု၊ တပ်ဆင်ရေး၊ ပျောက်/တွေ့ဌာန စတဲ့ အစည်းအဝေးကြီး ဌာနတွေကို စတင်ဖွဲ့စည်းတယ်။

အမေရိကန် ပြည်ထောင်စု၊ ပင်စီဗေးနီးယား၊ မက်ကီးစပေါ့ အသင်းတော်က အကြီးအကဲ ညီအစ်ကို ရွန်လေးတဲဟာ ဖခင်၊ အစ်ကိုနဲ့အတူ ဒီအစည်းအဝေးကြီး တက်တုန်းက အသက် ၁၁ နှစ်ပဲ ရှိသေးတယ်။ အစည်းအဝေးကြီး ရှစ်ရက်စလုံး သားအဖသုံးယောက် ကားထဲမှာပဲ ညအိပ်ခဲ့ကြတယ်။

နိုးလော့! မဂ္ဂဇင်း ထုတ်တာကို ညီအစ်ကို လေးတဲ ကောင်းကောင်း မှတ်မိတယ်။ “နိုးလော့! စာစောင်ကို ကိုင်ပြီး ကျွန်တော်တို့ ပတ်ပြေးနေတာ။ လူတိုင်းကလည်း မရသေးတဲ့သူတွေကို လိုက်ဝေပေးကြတယ်” ဆိုပြီး ပြန်ပြောပြတယ်။

အခု အသက် ၈၆ နှစ် ရှိပြီ ဖြစ်တဲ့ ညီအစ်ကို လေးတဲဟာ သက်သေခံတွေ ဒီလောက် အများကြီး အတူစုဝေးနေကြတာ ကြည့်ပြီး အံ့အားသင့်ခဲ့တာကို မှတ်မိနေတုန်းပဲ။ “အစည်းအဝေးကြီးက ပျော်စရာကောင်းလွန်းလို့ ပြီးသွားမှာကို ကျွန်တော် စိုးရိမ်နေတာ မှတ်မိသေးတယ်” လို့ ပြောပြတယ်။

“မြင့်မြတ်တဲ့ စည်းဝေးပွဲတွေ” ကို ယေဟောဝါ ကောင်းချီးပေးလို့ ကျွန်တော်တို့ သိပ်ကျေးဇူးတင်ကြတယ်။—ဝတ်ပြုရာ ၂၃:၂

 

အမေရိကန် ပြည်ထောင်စု၊ အိုဟိုင်အို၊ ကလိဗ်လန်းမှာ ၁၉၄၆၊ ဩဂုတ် ၄-၁၁ အထိ ကျင်းပခဲ့တဲ့ “ပျော်ရွှင်သော လူမျိုး” အစည်းအဝေးကြီး အစီအစဉ်

ကင်းမျှော်စင် နဲ့ နှစ်သိမ့်မှုကို ဖတ်ပါ” ဆိုင်းဘုတ်နဲ့အတူ အသံချဲ့စက် တပ်ထားတဲ့ ကားနှစ်စီး။ ကားတံခါးမှာ “ငြိမ်းချမ်းရေး မင်းသား” ဟောပြောချက် ကြော်ငြာ

သားအမိသုံးယောက် အသံချဲ့စက်တပ်ထားတဲ့ ကားရှေ့ ရပ်နေ။ “ပျော်ရွှင်သော လူမျိုး” ၁၉၄၆ ခုနှစ် အစည်းအဝေးကြီးမှာ ထုတ်ဝေတဲ့ နိုးလော့! မဂ္ဂဇင်းကို မိန်းကလေးတွေ ကိုင်ထား။ မိခင်က ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းက ထုတ်ဝေတဲ့ စေတမန် သတင်းစာကို ကိုင်ထား

ညီအစ်ကိုက သူ့ကလေး နှစ်ယောက်နဲ့ ရိုက်ထားပုံ။ သူတို့ကားမှာ “ငြိမ်းချမ်းရေး မင်းသား” လူထုဟောပြောချက် ကြော်ငြာတပ်ဆင်ထား

“ပျော်ရွှင်သော လူမျိုး” ၁၉၄၆ ခုနှစ် အစည်းအဝေးကြီးမှာ ကိုယ်စားလှယ်တွေ “ငြိမ်းချမ်းရေး မင်းသား” ကြော်ငြာဆိုင်းဘုတ်ပြားကို လယ်ကွင်းလုပ်ငန်းကောင်တာမှာ ယူနေ

အစားအသောက်ဌာနမှာ ညီအစ်ကိုတွေ ချက်ပြုတ်နေစဉ်

“ပျော်ရွှင်သော လူမျိုး” ၁၉၄၆ ခုနှစ် အစည်းအဝေးကြီး စားသောက်ခန်းမှာ ညီအစ်ကို/မတွေ နေ့လည်စာ စားနေစဉ်

“ဘုရားသခင် သစ္စာတော် တည်စေသတည်း” စာအုပ်သစ်ကို ကိုင်ထားကြတဲ့ အစည်းအဝေးကြီး တက်ရောက်သူတစ်စု

ယုံကြည်ချက်ကြောင့် ထောင်ကျခဲ့သူတွေ ပါဝင်တဲ့ ညီအစ်ကိုတစ်စု အစည်းအဝေးကြီးကွင်းအပြင်မှာ ရှိနေစဉ်။ ဒီအုပ်စုထဲမှာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာသူ ညီအစ်ကို ဒယ်နီယယ် ဆစ်ဒလစ်ခ်လည်း ပါတယ် (ရှေ့တန်း ညာဘက်မှာ)

နှစ်ခြင်းခံမယ့်သူတွေ ရှေ့ဆုံးတန်းတွေမှာ ထိုင်နေကြစဉ်

နှစ်ခြင်းခံတဲ့နေရာ အီရီရေကန် အပေါ်စီး မြင်ကွင်း