၂၀၂၄ ခုနှစ်၊ မေ ၂၇ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ
ဗြိတိန်ဌာနခွဲ အပ်နှံပွဲကို နိုင်ငံ ၆၀ ကျော်က ဧည့်သည်တွေ တက်ရောက်
၂၀၂၄ ခုနှစ်၊ မေ ၁၈ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ၊ ချမ်းစဖို့မြို့မှာရှိတဲ့ ဌာနခွဲ အဆောက်အဦတွေကို အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို ကဲနက် ကွတ် ဟောပြောချက်ပေးပြီး ဆက်ကပ်အပ်နှံခဲ့တယ်။ ဌာနခွဲအဆောက်အအုံတွေမှာရှိတဲ့ ခန်းမလေးခုမှာ ညီအစ်ကို/မ ၁,၅၁၈ ဦးက အပ်နှံပွဲ အစီအစဉ်ကို တက်ရောက်ခဲ့ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့နဲ့ ကော်မတီအကူတွေလည်း တက်ရောက်ခဲ့တယ်။ နောက်ထပ် ၁၀,၀၈၅ ယောက်ဟာ အိုင်ယာလန်၊ အင်္ဂလန်ဒေသအသီးသီးမှာရှိတဲ့ အစည်းအဝေးကြီးခန်းမတွေ၊ ကျမ်းစာပညာပေးစင်တာတွေကနေ ဗီဒီယိုနဲ့ ချိတ်ဆက်နားထောင်ခဲ့ကြတယ်။ ဌာနခွဲဆောက်လုပ်ရေးမှာ ညီအစ်ကို/မ ၁၁,၀၀၀ လောက် ကူညီလုပ်အားပေးခဲ့ကြပြီး အဲဒီထဲက ၃,၀၀၀ ကျော်လည်း ပရိသတ်ထဲမှာပါတယ်။
နောက်နေ့မှာကျင်းပတဲ့ ကျမ်းစာအခြေပြု အထူးအစီအစဉ်ကို ဌာနခွဲနယ်မြေမှာရှိတဲ့ အသင်းတော် ၁,၈၂၁ ခုဆီ ချိတ်ဆက်ထုတ်လွှင့်ပေးခဲ့ပြီး ၁၇၂,၈၃၄ ယောက် တက်ရောက်ခဲ့တယ်။
ဆက်ကပ်အပ်နှံပွဲကျင်းပမယ့် အပတ်ထဲမှာ ဖိတ်ခေါ်ခံထားရတဲ့ ဧည့်သည်တွေဟာ ဌာနခွဲအဆောက်အအုံတွေကို လည်ပတ်ကြည့်ရှုခွင့် ရခဲ့တယ်။ ဌာနခွဲနယ်မြေနဲ့ ကမ္ဘာတစ်ဝန်းက ဟောပြောခြင်းလုပ်ငန်းကို ထောက်မပေးဖို့၊ ဒေသခံအသင်းတော်တွေ ခိုင်ခံ့မြဲမြံစေဖို့ ဗေသလမှာ ဘာတွေလုပ်ဆောင်နေကြောင်း ဧည့်သည်တွေသိရှိအောင် ပြခန်းတွေ စီစဉ်ဖွဲ့စည်းပေးထားတယ်။ ဥပမာ၊ ဒေသကြီးဆိုင်ရာ ဗီဒီယိုအဖွဲ့က ကျမ်းစာအခြေပြု ရုပ်ရှင်ဇာတ်လမ်း ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ပြသပေးထားပြီး ရိုက်ကူးနေချိန်အတွင်း ဧည့်သည်တွေ ကြည့်ရှုနိုင်ခဲ့ကြတယ်။
ဒါ့အပြင် ညီအစ်ကို/မတွေဟာ တခြားနေရာတွေကိုလည်း လည်ပတ်ရလို့ ပျော်ရွှင်ခဲ့ကြတယ်။ အဲဒီအထဲမှာ လန်ဒန်မြို့ထဲက သမိုင်းဝင်နေရာတွေနဲ့ အင်္ဂလန်နိုင်ငံက ကျမ်းစာသမိုင်းကြောင်းကို ပိုမိုသိရှိစေတဲ့ ကန့်ပြည်နယ် ပါဝင်တယ်။
စိတ်လှုပ်ရှားစရာကောင်းတဲ့ အဲဒီအပတ်ကို ပြန်ပြောင်းစဉ်းစားပြီး ဗြိတိန်ဌာနခွဲကော်မတီဝင် ညီအစ်ကို ရစ်ချက် ကွတ် ဒီလိုပြောတယ်– “ဒီအထူးအခါသမယမှာ နိုင်ငံတကာက ညီအစ်ကို/မတွေကိုတွေ့ရတာ သိပ်ဝမ်းသာတယ်။ အပ်နှံပွဲလုပ်ဖို့ စီစဉ်ချိန်မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ယေဟောဝါ ဖယ်ရှားပေးပြီး ဘုရားနာမတော် ဘုန်းထင်ရှားစေတဲ့ အခါသမယလေးဖြစ်ခဲ့လို့ သိပ်ကိုကြည်နူးရပါတယ်။”
လှပတင့်တယ်တဲ့ ဌာနခွဲအဆောက်အအုံတွေကို ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံပြီးပြီဖြစ်လို့ ဗြိတိန်ဌာနခွဲနယ်မြေက ညီအစ်ကို/မတွေလိုပဲ ကျွန်တော်တို့လည်း “အကြီးအကျယ် ရွှင်လန်းဝမ်းမြောက်ကြတယ်။”—နေဟမိ ၁၂:၄၃။