မာတိကာဆီ ကျော်သွား

စက်တင်ဘာ ၂၄၊ ၂၀၁၈
ကမ္ဘာတစ်ဝန်းက သတင်းများ

မန်ခွတ်မုန်တိုင်း နောက်ဆက်တွဲ အခြေအနေ

မန်ခွတ်မုန်တိုင်း နောက်ဆက်တွဲ အခြေအနေ

ရက်အတန်ကြာ တိုက်ခတ်တဲ့ မန်ခွတ်မုန်တိုင်းကြောင့် ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်းနဲ့ တောင်တရုတ်ပင်လယ်မှာ အကြီးအကျယ် ထိခိုက်ပျက်စီးသွားတယ်။ မုန်တိုင်းဘေးသင့် ဒေသက ညီအစ်ကို/မတွေကို ကြည့်ရှုစောင့်ရှောက်နေတဲ့ သက်ဆိုင်ရာ ဌာနခွဲရုံးတွေကနေ အောက်ပါသတင်းတွေ ရရှိပါတယ်။

မိုက်ခရိုနီးရှား။ ၂၀၁၈၊ စက်တင်ဘာ ၁၀ ရက်နေ့မှာ မာရီယာနားမြောက်ပိုင်းက ရိုတာကျွန်းကို မန်ခွတ်မုန်တိုင်း တိုက်ခတ်ခဲ့တယ်။ ၂၀၀၂ ခုနှစ်နောက်ပိုင်း ရိုတာကျွန်းကို တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံး မုန်တိုင်းပါပဲ။ ညီအစ်ကိုတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိကြောင်း၊ ကျွန်းမှာရှိတဲ့ တစ်ခုတည်းသော ဝတ်ပြုရာခန်းမလည်း ထိခိုက်ပျက်စီးခြင်း မရှိကြောင်း ကြားရလို့ ဝမ်းသာပါတယ်။ ညီအစ်ကိုတစ်ယောက်ကတော့ သူ့အိမ်ကို ပြန်ပြုပြင်ပြီးတဲ့အထိ တခြားနေရာမှာ ခေတ္တ ပြောင်းရွှေ့နေထိုင်ပါတယ်။ ညီအစ်ကို/မတွေကို တိုက်နယ်ကြီးကြပ်မှူး လည်ပတ်အားပေးနေပါတယ်။

ဖိလစ်ပိုင်။ ၂၀၁၈၊ စက်တင်ဘာ ၁၅ ရက်နေ့မှာ မန်ခွတ် (ဒေသခံတွေအခေါ် “အောမ်ပုန်”) မုန်တိုင်း ဖိလစ်ပိုင်နိုင်ငံ ကေဂေယန်ပြည်နယ်၊ ဘတ်ဂါအိုမြို့မှာ တိုက်ခတ်ခဲ့တယ်။ ဒီနှစ်အတွင်း တိုင်ခတ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ မန်ခွတ်ဟာ အပြင်းထန်ဆုံးပဲ။ လူ ၈၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်။

ဝမ်းနည်းစရာက မန်ခွတ်မုန်တိုင်းကြောင့် ဘန်ဂတ်မြို့က ညီအစ်မတစ်ယောက် သေဆုံးပြီး ညီအစ်ကိုလေးယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ ညီအစ်ကို/မ ၉၃၈ ယောက်ရဲ့ အိမ်တွေ ထိခိုက်ပျက်စီးသွားကြောင်း၊ အိမ် ၁၅ လုံးကတော့ လုံးလုံး ပျက်စီးသွားကြောင်း သတင်းရပါတယ်။ ဝတ်ပြုရာခန်းမ ၂၈ လုံးလည်း ထိခိုက်ပျက်စီးသွားတယ်။ ခန်းမတစ်လုံးကတော့ မြေပြိုလို့ လုံးလုံး ပျက်စီးသွားပါတယ်။ ဘာဂွီအို၊ ကေအွာယန်၊ လာအွတ်၊ တူဂွီဂါရာအိုမြို့တွေမှာ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ (DRC) လေးခုကို ဖွဲ့စည်းထားတယ်။ ညီအစ်ကို/မတွေရဲ့ ကာယပိုင်း၊ စိတ်ပိုင်း၊ ဝတ်ပြုရေးပိုင်းကို ကြည့်ရှုပေးနေကြပါတယ်။ နောက်ရက်တွေမှာ ညီအစ်ကို/မတွေကို ဌာနခွဲကော်မတီဝင်တစ်ဦး လာရောက်အားပေးပါလိမ့်မယ်။

ဟောင်ကောင်။ ၂၀၁၈၊ စက်တင်ဘာ ၁၆ ရက်နေ့မှာ မန်ခွတ်မုန်တိုင်း ဟောင်ကောင်ကို ဝင်ရောက်တိုက်ခတ်ခဲ့တယ်။ ဌာနခွဲရုံးနဲ့ ဗေသလအိမ်သားတွေ နေတဲ့ တိုက်ခန်း အနည်းငယ် ပျက်စီးသွားတယ်။ ယေဟောဝါသက်သေတွေရဲ့ အိမ်နှစ်လုံး ဆိုးဆိုးဝါးဝါး ပျက်စီးသွားပါတယ်။ တစ်လုံးက သစ်ပင် ပိလို့ ပျက်စီးသွားတာပါ။ တစ်လုံးကတော့ လေတိုက်လို့ အမိုးလွှင့်ထွက်သွားတာပါ။ တချို့အိမ်တွေကတော့ ရေကြောင့် ပျက်စီးသွားပါတယ်။ ဟောင်ကောင်မှာ DRC တစ်ခု ဖွဲ့စည်းထားပြီး ညီအစ်ကို/မတွေရဲ့ လတ်တလော လိုအပ်ရာတွေကို ကူညီပေးနေကြပါတယ်။

မန်ခွတ်မုန်တိုင်းဘေးသင့် ညီအစ်ကို/မတွေကို ကျွန်တော်တို့ သတိတရ ဆုတောင်းပေးနေကြပါတယ်။ အကူအညီ လိုအပ်နေတဲ့ ညီအစ်ကို/မတွေကို မေတ္တာနဲ့ ထောက်ပံ့ကူညီပေးနေတဲ့ ညီအစ်ကို/မတွေကို တွေ့ရလို့ စိတ်သက်သာရာ ရကြပါတယ်။ ကျွန်တော်တို့ရဲ့ စည်းလုံးတဲ့ ခရစ်ယာန် မိသားစုဟာ ယေဟောဝါဆီက တကယ့်ကောင်းချီးပါပဲ။—ပညာအလိမ္မာ ၁၇:၁၇