မတ် ၃၁၊ ၂၀၂၂
ကမ္ဘာတစ်ဝန်းက သတင်းများ
ယူကရိန်း စစ်ဘေးရှောင်တွေ ပြောပြကြတဲ့ ရှိရှိသမျှ ထားရစ်ခဲ့ပုံ အကြောင်း
“အရေးကြီးဆုံးက ကိုယ်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးပါ”
မနက် ၅ နာရီမှာအသင်းတော် အကြီးအကဲတစ်ယောက်က ဖုန်းခေါ်လို့ ညီအစ်ကို ဖယ်မီ ဂျူရိုဒူလာနဲ့ ဇနီးရာနာ အိပ်ရာက နိုးလာကြတယ်။ “ညီအစ်ကိုက၊ ‘စိတ်မပူပါနဲ့၊ အသင့်သာ ပြင်ထားပါ။ ရုရှားတပ်က ကိဗ်မြို့တော်ကိုလာနေတယ်” လို့ ရာနာပြန်ပြောပြတယ်။ “အဲ့ဒီအချိန်မှာ ကျွန်မ အကြောအခြင်တွေ တောင့်တင်းသွားသလို ခံစားခဲ့ရတယ်။”
အိမ်ထောင်ကျခါစ မောင်နှံဟာ အဝတ်အစားလဲ၊ သူတို့အိမ်မှာ နောက်ဆုံးကော်ဖီ သောက်ကြပြီး အဲ့ဒီနေ့ ကျမ်းချက်ကို ဖတ်ကြတယ်၊ ကျမ်းချက်မှာ “တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်” လို့ ဖတ်ရတယ်။ (ဟေရှာယ ၃၀:၁၅) ဖယ်မီ က ယေဟောဝါဆီ ထက်သန်စွာ ဆုတောင်းခဲ့တယ်။ နိုင်ဂျီးရီးယားနိုင်ငံက ဖယ်မီနဲ့ ယူကရိန်းသူ ရာနာ တို့ဟာ သူတို့ရဲ့ အရေးပေါ်အိတ်တွေကိုဆွဲပြီး နယ်သာလန်နိုင်ငံမှာ ခိုလှုံဖို့ ရှိရှိသမျှကို ထားရစ်ခဲ့ကြတယ်။
၂၀၂၂၊ ဖေဖော်ဝါရီ ၂၄ နောက်ပိုင်း ရုရှားကျူးကျော်မှုကြောင့် ယူကရိန်းကနေ ထွက်ပြေးဖို့ ကိုယ်ပိုင်ဆုံးဖြတ်ခဲ့ကြတဲ့ ညီအစ်ကို/မ အများစုရဲ့ ဖြစ်ရပ်က အဲ့ဒီအတိုင်းပါပဲ။ ယူကရိန်းမှာ ယေဟောဝါ သက်သေ ၁၃၀,၀၀၀ လောက်ရှိတယ်။ ဒီနေ့အထိ သက်သေခံ ၃၆,၀၀၀ ဟာသူတို့အိမ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြပြီး ၁၆,၀၀၀ ကတခြားနိုင်ငံတွေကို ပြေးခဲ့ကြတယ်။ အတော်များများဟာ သူတို့ရဲ့အိမ်တွေ၊ အလုပ်တွေနဲ့ အသင်းတော်တွေကို ထားရစ်ခဲ့ကြတယ်။ စစ်အတွင်းမှာ ၁၈ နှစ်နဲ့ ၆၀ နှစ်ကြား ယူကရိန်းအမျိုးသားတွေဟာ နိုင်ငံတွင်းကနေ ထွက်ခွာခွင့် မရကြဘူး။ ဒါပေမဲ့ တခြားနိုင်ငံသား အမျိုးသားတွေကတော့ ခြွင်းချက်အနေနဲ့ ထွက်ခွာခွင့် ရခဲ့ကြတယ်။
ပြေးတဲ့သူတွေဟာ အရေးကြီးတာ နည်းနည်းပဲ ယူသွားကြပြီး ရထားတွေ၊ ဘတ်စကားတွေနဲ့ လုံခြုံတဲ့နေရာတွေ့ဖို့ ခက်ခဲတဲ့ခရီးနှင်ခဲ့ကြတယ်။ ဘယ်ကိုရောက်မှာ မသိပဲ သွားတဲ့အခါတွေလည်း ရှိတယ်။ ယေဟောဝါအပေါ် ယုံကြည်ခြင်း အားကြီးကြလို့ စစ်ကြောင့် ပျက်စီးနေတဲ့ မြို့တွေကို စွန့်ခွာဖို့ ခွန်အား ရကြတယ်၊ ပြန်လာလို့ရအုံးမလားဆိုတာလည်း မသေချာကြတော့ဘူး။
ရာနာက “ရှိရှိသမျှ ထားရစ်ခဲ့ကြတယ်။ ပစ္စည်းနည်းနည်းပဲ ယူသွားခဲ့တယ်။ အရေးကြီးဆုံးက ကိုယ်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးပါ ဆိုတာကို သတိရစေတယ်” လို့ ပြောပြတယ်။
ကိဗ်မြို့က ညီအစ်မ လီလျာရဲ့အိမ်နားမှာ လေကြောင်းဗုံးကြဲတော့မယ့် ကျယ်လောင်တဲ့ အချက်ပေးဥသြသံနဲ့ ဗုံးပေါက်သံတွေ ကြားရတယ်။ လမ်းတွေပေါ်မှာ ကားတွေ မီးလောင်နေပြီး အဆောက်အဦးတွေ၊ တံတားတွေရဲ့ အကျိုးအပဲ့တွေချည်းပဲ။
လီလျာနဲ့သူ့သမီး ၁၇ နှစ်အရွယ် အိုလက်စန္ဒာက နိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ရက်ပေါင်းများစွာပဲ ပိုလန်ကိုသွားတဲ့ ရထားပေါ်မှာ ပြည့်သိပ်ပြီး လိုက်သွားခဲ့ကြတယ်။ စားစရာကလည်း နည်းနည်းပဲရှိပြီး နာရီပေါင်းများစွာ မတ်တတ်နဲ့ သွားခဲ့ရတယ်။ ဒါနဲ့ ပိုလန်နိုင်ငံ စမ်မီရှုမြို့ကိုရောက်တော့ စိတ်နည်းနည်း သက်သာသွားကြတယ်။
“ဒါနဲ့ ‘JW.ORG’ ဆိုင်းဘုတ်နဲ့ ညီအစ်ကိုတွေကို တွေ့တော့ အဆင်ပြေသွားပြီ ဆိုတာ သိသွားကြတယ်” လို့လီလျာ ပြောပြတယ်။ ညီအစ်မတွေ နွေးထွေးဖို့၊ စားဖို့နဲ့ နားဖို့ နိုင်ငံတော်ခန်းမကို ခေါ်သွားကြတယ်၊ အဲ့ဒီကနေ သူတို့နေမယ့် သီးသန့်အိမ်တွေဆီ ခေါ်သွားကြတယ်။
“ယေဟောဝါရဲ့ စောင့်ရှောက်မှု ခံစားရတော့ ကျွန်မတို့ ယုံကြည်ခြင်း ပိုခိုင်မြဲလာတယ်” လို့ ဂျာမနီကို အဲ့ဒီကတည်းက သွားခဲ့တဲ့ လီလျာ ပြောပြတယ်။ “ယေဟောဝါရဲ့မေတ္တာ၊ ခက်ခဲချိန်တွေမှာ ကူညီဖို့ အသင့်ရှိကြတဲ့ ညီအစ်ကို/မတွေကို ကျွန်မ တကယ်ပဲ ကျေးဇူးတင်တယ်။”
ညီအစ်မ အန်နာစတာစီးယာ ခိုဗာလ်ရိုဗာက ဇပိုပရိရှာမြို့ကို ကျူးကျော်လာတဲ့ တပ်တွေ လေကြောင်းနဲ့ ဘယ်လိုတိုက်ခဲ့တဲ့အကြောင်း ပြောပြခဲ့တယ်။ ဒုံးကျည်နဲ့ပစ်တော့ ပြိုးပြိုးပြက်ပြက် အလင်းရောင်တွေ တွေ့ရပြီး သူ့တိုက်ခန်းကနေ ပေါက်ကွဲသံတွေ ကြားခဲ့တယ်။ တစ်ချိန်လုံး ဗုံးကြဲနေတာ၊ အန်နာစတာစီးယာရဲ့ အသက် ခုနစ်နှစ်နဲ့ သုံးနှစ်အရွယ် တူလေးနဲ့ တူမလေးလည်း တုန်လှုပ်နေကြတော့ မိသားစုက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ “ကျွန်မတို့ ပစ္စည်းတွေ သိပ်ယူသွားလို့မရတော့ အဝတ်နဲ့ တခြားအရာတွေ လိုအပ်နေတာပေါ့။ “ဒါပေမဲ့ ညီအစ်ကိုတွေက လိုအပ်တာမှန်သမျှ ဂရုစိုက်ပေးတော့ လိုတာထက်တောင် ပိုနေသေးတယ်။” အန်နာစတာစီးယာ၊ သူ့ရဲ့ ယောင်းမ အန်ယာနဲ့ ကလေးတွေဟာ ပိုလန်ကနေတစ်ဆင့် ဂျာမနီကို သွားခဲ့ကြတယ်။
ညီအစ်မ အန်နာစတာစီးယာ ရှူကီနာနဲ့ မိခင်ဖြစ်သူ ညီအစ်မ အိုးလာ လီစန်ကိုဟာ လေကြောင်းဗုံးကြဲ အချက်ပေးဥသြသံ ကြားတိုင်း သူတို့အိမ်လေးရဲ့ အေးစက်နေတဲ့ မြေအောက်ခန်းမှာ ပုန်းခိုခဲ့ကြတယ်။ ရှေ့ဆောင် ညီအစ်မတွေဟာ လိုအပ်ဒေသဖြစ်တဲ့ ဘရီလီ၊ ဗစ်နစ်စီယာ အားဘလတ်မြို့လေးမှာ အမှုဆောင် နေကြတာ။ သူတို့ထွက်ခွာရမလား ဆုံးဖြတ်ရ ခက်နေကြတယ်၊ နောက်ဆုံးမှာ အခြေအနေက ပိုဆိုးရွားလာတော့ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြတယ်။ လိုအပ်တာလောက်ပဲ ယူကြပြီး ရထားနဲ့ နှစ်ရက် ခရီးဆက်ခဲ့ကြတယ်၊ ကောင်းကောင်း မအိပ်ကြရဘူး။ အိုးလာက ၅၈ နှစ်ဖြစ်ပြီး ကျန်းမာရေးမကောင်းတော့ ထွက်ခွာရတာ မလွယ်ခဲ့ဘူး။ သူတို့ ပိုလန်၊ ရက်ဆိုမြို့ကို မနက် ၂ နာရီမှာ ရောက်ခဲ့ကြတယ်။ ညီအစ်ကို/မတွေက အဆင်သင့် စောင့်ကြိုနေကြတယ်။ “သန်းခေါ်ကျော်တာတောင် ညီအစ်ကို/မတွေက စောင့်နေကြတာ” လို့ အန်နာစတာစီးယာ က ပြောပြတယ်။ “ကျွန်မတို့ ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို သိပ်ကျေးဇူးတင်တာပဲ။”
ဆူမီမြို့မှာ ပိုလန်နိုင်ငံသား ညီအစ်ကို အန်ဂျေ ချိုင်ဘာ၊ သူဇနီး ဗြိတိန်နိုင်ငံသူ ဧလိရှဗက်နဲ့တခြားသူငါးယောက်ဟာ ညီအစ်ကိုတစ်ယောက်ရဲ့ အိမ်မြေအောက်ခန်းမှာ ပုန်းခိုခဲ့ကြတယ်။ ခေါင်းပေါ်မှာ ဂျက်တိုက်လေယာဉ်အသံ၊ ပစ်ခတ်သံနဲ့ ဗုံးသံတွေ ကြားရတယ်။ ညီအစ်ကိုတွေက ကျမ်းစာပြဇာတ် အို ယေဟောဝါ၊ .... ကိုးစားပါတယ် ကိုကြည့်ပြီး အားယူခဲ့ကြတယ်၊ အဆီးရီးယားတွေ ဂျေရုဆလင်ကိုလာတိုက်ခဲ့စဉ်က ဘုရင် ဟေဇကိ လုပ်ဆောင်ခဲ့ပုံအကြောင်း ဖော်ပြထားတယ်။
“ညီအစ်ကိုတွေက တွေးတောစရာ ကျမ်းချက် အမျိုးမျိုး ပို့ပေးကြတယ်၊ ဆာလံ ၂၇ လိုမျိုးပေါ့” လို့အခုဇနီးနဲ့အတူ ပိုလန်မှာရောက်နေတဲ့အန်ဂျေ ပြောပြတယ်။
စစ်မဲ့ကမ္ဘာကို မျှော်လင့်ရင်း ‘ရုပ်ပစ္စည်းအားလုံးကို အကျိုးမရှိတဲ့အရာလို့’ ယူမှတ်ကြတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချကြတယ်။—ဖိလိပ္ပိ ၃:၈။