မာတိကာဆီ ကျော်သွား

တခြားနိုင်ငံတွေမှာ ပြောင်းရွှေ့နေထိုင်ကြတဲ့ ယူကရိန်း ညီအစ်ကို/မများ

၂၀၂၂ ခုနှစ်၊ ဇွန် ၉ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

ယူကရိန်း ဒုက္ခသည်တွေ တခြားနိုင်ငံတွေမှာ ဘဝသစ်စကြ

ယူကရိန်း ဒုက္ခသည်တွေ တခြားနိုင်ငံတွေမှာ ဘဝသစ်စကြ

အိုင်ရီးနာ မခူးကေဟာ အခု ချက်သမ္မတနိုင်ငံမှာ နေထိုင်တယ်

ယူကရိန်းမှာ စစ်စဖြစ်တော့ ၄၆ နှစ်အရွယ် တစ်ကိုယ်ရေ ညီအစ်မ အိုင်ရီးနာ မခူးကေဟာ ခါကိခ်မြို့ ဘူတာရုံကို သွားခဲ့တယ်။ ဘေးကင်းအောင် နိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်။ အခြေအနေတွေက ဖရိုဖရဲဖြစ်နေတော့ လူတွေလည်း ရောက်ချင်ရာရောက်ဆိုပြီး မီးရထားပေါ် တက်ကြတယ်။ အိုင်ရီးနာ တက်စီးတဲ့ မီးရထားက ဘူတာရုံကနေ စထွက်တော့ တိုက်ခိုက်မခံရအောင် ပြတင်းပေါက်အားလုံးကို ပိတ်ထားပြီး အမှောင်ချထားတယ်။ ဘူတာရုံကနေ ထွက်ခွာပြီးတဲ့နောက်မှ မီးရထားက စလိုဗားကီးယားနိုင်ငံကို သွားနေမှန်း သိတော့တယ်။

အိမ်နီးချင်း ချက်သမ္မတနိုင်ငံ၊ မြို့တော်ပရာ့ဂ်ကို ၂၀၂၂ ခုနှစ်၊ မတ် ၃ ရက်မှာ ရောက်ပြီး အခု အဲဒီမှာ နေတယ်။ သန့်ရှင်းရေးအလုပ် ရခဲ့ပြီး တခြား ယူကရိန်းဒုက္ခသည် ညီအစ်မ နှစ်ယောက်နဲ့အတူ တိုက်ခန်းတစ်ခုမှာ နေတယ်။ အိုင်ရီးနာဟာ ချက်စကားကို သင်ယူနေပြီး အနှစ် ၂၀ လုံးလုံး အဓိကထား လုပ်ဆောင်ခဲ့တဲ့ အချိန်ပြည့်အမှုဆောင်ခြင်းကို ပြန်လည်စတင်နေပါပြီ။

“ယေဟောဝါက မိမိလူမျိုးအားဖြင့် ကျွန်မတို့ကို ဘယ်လို စောင့်ရှောက်တယ်ဆိုတာ ကိုယ့်မျက်စိနဲ့ မြင်တွေ့ခဲ့ရတယ်။ အဲဒါက ကျွန်မ ယုံကြည်ခြင်းကို အကြီးအကျယ် ခိုင်ခံ့စေတယ်” လို့ အိုင်ရီးနာ ပြောပြတယ်။

ညီအစ်ကို၊ ညီအစ်မ ၂၃,၀၀၀ နီးပါးဟာ တခြားနိုင်ငံတွေမှာ ခိုလှုံဖို့ ကိုယ်ပိုင်ဆုံးဖြတ်ခဲ့ကြတယ်။ တခြားနိုင်ငံမှာနေရတာ ပိုလုံခြုံနိုင်တယ်။ ဒါပေမဲ့ အလုပ်အကိုင်နဲ့ နေစရာ ရှာရတယ်၊ တရားဝင် စာရွက်စာတမ်းတွေ လုပ်ရတယ်၊ ကလေးတွေကို ကျောင်းအသစ်မှာ အပ်ရတယ်၊ ဘာသာစကားအသစ် သင်ယူကြရတယ်။ ဒီလို ဖိစီးချိန်မှာ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်နဲ့ ညီအစ်ကို အသင်းအပင်းရဲ့ မေတ္တာက တကယ်အကူအညီဖြစ်စေတာကို သူတို့ တွေ့ခဲ့ကြတယ်။

အဲန်နာတိုလီ ပါဂျိ၊ အော်လီနာ ပါဂျိနဲ့ ၁၇ နှစ်အရွယ် အယ်လီနာ ပါဂျိတို့ အခု ရိုမေးနီးယားနိုင်ငံမှာ နေထိုင်တယ်

အဲန်နာတိုလီ ပါဂျိ၊ အော်လီနာ ပါဂျိနဲ့ ၁၇ နှစ်အရွယ် အယ်လီနာ ပါဂျိတို့ဟာ ယူကရိန်းနိုင်ငံ၊ မီကိုလိုင်ဒေသက သူတို့ရပ်ကွက်အပိုင်းတချို့ ဗုံးကြဲခံရပြီးတဲ့နောက် ၂၀၂၂ ခုနှစ်၊ မတ် ၆ ရက်မှာ ရိုမေးနီးယားနိုင်ငံကို ပြောင်းရွှေ့ပြီး ဘဝသစ် စကြတယ်။ အဲန်နာတိုလီက မော်လ်ဒိုဗာ နိုင်ငံသားဆိုတော့ သူ့မိသားစုကို ရိုမေးနီးယားနိုင်ငံ ခေါ်သွားလို့ရတယ်။ တခြားနိုင်ငံကို ရွှေ့ပြောင်းရတာ “သစ်ပင်တစ်ပင်ကို မြေကြီးထဲကနေ အမြစ်ပါ ဆွဲထုတ်ပြီး တခြားနေရာမှာ ပြောင်းရွှေ့စိုက်သလိုပဲ” လို့ အော်လီနာ ပြောတယ်။

ရိုမေးနီယား ညီအစ်ကိုတွေရဲ့ အကူအညီနဲ့ ပါဂျိမိသားစုဟာ ကိုယ်ပိုင်တိုက်ခန်း ရသွားကြတယ်။ အဲန်နာတိုလီနဲ့ အော်လီနာတို့ အလုပ်ရကြပြီ။ အယ်လီနာလည်း ယူကရိန်းက ကျောင်းစာတွေကို အွန်လိုင်းနဲ့ လုပ်နိုင်ခဲ့တယ်။

ရိုမေးနီယား ညီအစ်ကို/မတွေဟာ ပါဂျိမိသားစုရဲ့ လိုအပ်ရာတွေကိုသာမကပဲ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်ရာတွေကိုပါ ဂရုစိုက်ပေးနေကြတယ်။ တိုင်းတစ်ပါးမှာနေရတာ အထီးမကျန်ရအောင် သူတို့နဲ့ မှန်မှန် ပေါင်းသင်းပေးကြတယ်။ အော်လီနာနဲ့ အယ်လီနာက JW Language app အသုံးပြုခြင်း၊ အသင်းတော်သစ်က သူတွေနဲ့ အမှုဆောင်ခြင်းအားဖြင့် ရိုမေးနီးယား ဘာသာစကားကို သင်ယူနေကြတယ်။ အဲန်နာတိုလီကတော့ ရိုမေးနီးယားစကားပြောရင်း ကြီးပြင်းလာခဲ့သူ ဖြစ်တယ်။

“စစချင်းကတည်းက ယေဟောဝါရဲ့လက်တော်ကို တွေ့ခဲ့ရတယ်။ အဖွဲ့အစည်း၊ ညီအစ်ကို/မတွေရဲ့ အကူအညီနဲ့ ယေဟောဝါရဲ့ မေတ္တာကို ခံစားကြရတယ်”လို့ အဲန်နာတိုလီ ပြောတယ်။

ဗလက်ဒီစလော့ ဟားဗလက်ခ်နဲ့ မိခင်ဖြစ်သူ အယ်လီနာဟာ ပိုလန်နိုင်ငံမှာ ဘဝသစ် စနေကြတယ်

စစ်မတိုင်ခင်မှာ မုဆိုးမ ဖြစ်သွားတဲ့ အယ်လီနာ ဟားဗလက်ခ်နဲ့ သားဖြစ်သူ ဗလက်ဒီစလော့တို့ ယူကရိန်းနိုင်ငံ၊ ဗင်နီစီယာမြို့ကနေ ပိုလန်နိုင်ငံ၊ စူဝါးကီမြို့ကို ဖေဖော်ဝါရီ ၂၇ ရက်မှာ ရောက်လာကြတယ်။ “ပထမတော့ သားအမိနှစ်ယောက် ဘယ်မှာနေကြမလဲ၊ ဘာ လုပ်ကိုင်ကြမလဲလို့ တွေးမိတယ်။ ဒါပေမဲ့ ယေဟောဝါ ကျွန်မတို့ကို စောင့်ရှောက်မှာပါလို့လည်း ယုံကြည်စိတ်ချခဲ့တယ်” လို့ အယ်လီနာ ပြောပြတယ်။

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ အယ်လီနာဟာ အစည်းအဝေးတွေ တက်နိုင်မယ့် အလုပ်ကို ချက်ချင်း ရှာခဲ့တယ်။ ကျောင်းမှာ သန့်ရှင်းရေးအလုပ် ရခဲ့တယ်။ “အရေးအကြီးဆုံးက ဒီအလုပ်ကြောင့် အမှုဆောင်မှာ ပိုပါဝင်ဖို့ အခွင့်အရေး ရလာတယ်၊ မိသားစုကိုလည်း ထောက်မပေးနိုင်တယ်” လို့ သူပြောပြတယ်။

အယ်လီနာနဲ့ ဗလက်ဒီစလော့တို့ ပိုလန်စကား သင်ယူနေကြပြီး ပိုလန်စကားပြော အသင်းတော်မှာ အရန်ရှေ့ဆောင်အဖြစ် တောက်လျှောက် လုပ်နေကြတယ်။ ဗလက်ဒီစလော့လည်း အထက်တန်းကျောင်း တက်နေတယ်။

ယူကရိန်းက ညီအစ်ကို/မတွေဟာ မယုံနိုင်စရာ စိန်ခေါ်မှုတွေ၊ အပြောင်းအလဲတွေ ကြုံတွေ့နေကြရတယ်။ ဒါပေမဲ့ ယေဟောဝါက သူတို့ကို ဆက်ပြီး သာမန်ထက် ထူးကဲတဲ့တန်ခိုး ပေးနေတယ်။ ၂ ကောရိန္သု ၄:၈ ရဲ့စကားတွေ မှန်ကန်ကြောင်း သူတို့ မြင်တွေ့ကြရတယ်- “ကျွန်တော်တို့ဟာ အဘက်ဘက်ကနေ ဖိနှိပ်ခံရပေမဲ့ မလှုပ်နိုင်လောက်အောင် ပိတ်မိမနေပါဘူး။ ကြံရာမရဖြစ်နေပေမဲ့ ထွက်ပေါက်မရှိဘဲ မနေပါဘူး။”