မေ ၃၊ ၂၀၂၂
ကမ္ဘာတစ်ဝန်းက သတင်းများ
“ယေဟောဝါဘုရားနဲ့ မိတ်ဆွေနှောင်ကြိုးကို ဆက်အာရုံစိုက်နေပါ”
ယူကရိန်းနဲ့ ပိုလန်နိုင်ငံက ညီအစ်ကို/မတွေကို အားပေးတဲ့ အထူးအစီအစဉ်
၂၀၂၂၊ ဧပြီလ ၂၆ ရက်နေ့မှာ ယေဟောဝါသက်သေတွေရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို မာ့ခ် ဆန်ဒါစန်က ယူကရိန်းစစ်ပွဲကြောင့် ထိခိုက်ခံစားနေရတဲ့ ညီအစ်ကို/မတွေကို အားပေးဖို့ ပိုလန်နိုင်ငံကို ရောက်လာတယ်။
၂၀၂၂၊ ဧပြီလ ၃၀ ရက်နေ့မှာ ကျင်းပတဲ့ အထူးအစီအစဉ်ကို တက်ရောက်ဖို့ ယူကရိန်းနဲ့ ပိုလန်နိုင်ငံက အသင်းတော်အားလုံးကို ဖိတ်ခေါ်ခဲ့တယ်။ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်နေသူတွေနဲ့ ပိုလန်နိုင်ငံမှာ ရောက်နေတဲ့ ယူကရိန်း ဒုက္ခသည်တွေကို ဝါဆောမြို့က စည်းဝေးပွဲခန်းမမှာ လူကိုယ်တိုင်တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်။ ပိုလန်နဲ့ ယူကရိန်း နှစ်နိုင်ငံမှာ ဗီဒီယိုချိတ်ဆက်မှုနဲ့ ကြည့်ရှုသူတွေအပါအဝင် အစီအစဉ်ကို တက်ရောက်သူပေါင်း ၂၅၀,၀၀၀ ကျော်လောက်ရှိခဲ့တယ်။
“ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေက ညီအစ်ကိုတို့ သတိရပြီး ဆုတောင်းပေးနေကြတယ်။ ကမ္ဘာ့ဌာနချုပ်မှာလည်း ရုရှားနဲ့ ယူကရိန်းက ညီအစ်ကိုတွေအတွက် နေ့တိုင်း ဆုတောင်းပေးနေတယ်။ အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာလည်း ဆုတောင်းပေးနေတယ်” လို့ ညီအစ်ကို မာ့ခ် ဆန်ဒါစန် ပြောတယ်။ “အခက်အခဲတွေ ကြုံရတာက ယေဟောဝါဘုရားရဲ့ကောင်းချီး ဆုံးရှုံးသွားလို့ မဟုတ်ဘူး။ ယေဟောဝါဘုရားက ညီအစ်ကိုတို့ကို မြင်တယ်၊ ချစ်မြတ်နိုးတယ်။ အထူးသဖြင့် ဒုက္ခကြုံနေရသူတွေရဲ့အနားမှာ ရှိတယ်” လို့ အားပေးတယ်။
သူအခုလိုဆက်ပြောတယ်- “ယေဟောဝါဘုရားနဲ့ မိတ်ဆွေနှောင်ကြိုးကို ဆက်အာရုံစိုက်နေပါ။ ကျွန်တော်တို့ရဲ့ပန်းတိုင်က ဆက်ရှင်သန်သွားဖို့လောက်ပဲ မဟုတ်ဘူး။ ဒီအခက်အခဲတွေထဲကနေ ထွက်လာပြီးတဲ့နောက် ယုံကြည်ခြင်း ပိုခိုင်မာနေတာ၊ ယေဟောဝါနဲ့ ပိုရင်းနှီးနေတာမျိုး ဖြစ်ချင်ကြတယ်။ ယေဟောဝါသင်ပေးနေတာ အဲဒါပဲ။”
ယူကရိန်းနိုင်ငံ၊ အိုဒက်ဆာမြို့က အကြီးအကဲ ညီအစ်ကို ဆာရီး အခုလို ပြောပြတယ်- “စိုးရိမ်ပူပန်မှု၊ ဆုံးရှုံးမှု၊ မသေချာ မရေရာမှုတွေကြောင့် အပတ်အတော်ကြာ အိပ်မပျော်ခဲ့ဘူး။ ဒါပေမဲ့ ဒီအစီအစဉ်ကြောင့် ယေဟောဝါဘုရားက သူ့လူတွေကို အုပ်စုလိုက်အနေနဲ့သာမဟုတ်ဘဲ တစ်ဦးချင်းစီကိုလည်း ဂရုစိုက်ပေးနေတယ်ဆိုတာ ပိုယုံကြည်စိတ်ချသွားတယ်။”
ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့က ဒုက္ခသည် ညီအစ်မ တာတီရာနာ အခုလို ပြောပြတယ်- “ဒီနေ့ ယေဟောဝါဘုရား ကျွန်မနားမှာ ရှိနေတယ်လို့ ခံစားရတယ်။ ကျွန်မကို ဖက်ပြီး ချစ်ခြင်းမေတ္တာတွေ ပေးတယ်။ ကျွန်မတို့ ဘယ်ရောက်ရောက် ယေဟောဝါဘုရား အမြဲအတူရှိနေတယ်။”
ညီအစ်ကို/မတွေကို ကျွန်တော်တို့ သိပ်ချစ်ပါတယ်။ လူမျိုးတော်အပေါ်ထားတဲ့ ယေဟောဝါဘုရားရဲ့ “ခိုင်မြဲတဲ့မေတ္တာတော်” ကို ဒီအထူးအစီအစဉ်က ပြန်အမှတ်ရစေမယ်လို့ စိတ်ချပါတယ်။—ဆာလံ ၁၃၆:၁။