မာတိကာဆီ ကျော်သွား

၁၉၃၁၊ ဇူလိုင် ၂၄-၃၀၊ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်အို၊ ကိုလံဘတ်မြို့မှာ အစည်းအဝေးကြီး

ဇူလိုင် ၂၃၊ ၂၀၂၁
ကမ္ဘာတစ်ဝန်းက သတင်းများ

ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို နှစ်ပေါင်း ကိုးဆယ်အထိ ဂုဏ်ယူစွာ ခံယူထားကြ

ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို နှစ်ပေါင်း ကိုးဆယ်အထိ ဂုဏ်ယူစွာ ခံယူထားကြ

၁၉၃၁၊ ဇူလိုင် ၂၆၊ တနင်္ဂနွေနေ့မှာ ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းရဲ့ ဥက္ကဋ္ဌ ညီအစ်ကို ဂျိုးဇက် အက်ဖ် ရပ်သဖော့ဒ်က အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်အို၊ ကိုလံဘတ်မြို့ အစည်းအဝေးကြီး တက်ရောက်တဲ့ ပရိသတ် ၁၅,၀၀၀ ကျော်ကို ဟောပြောချက် ပေးနေတယ်။ အစီအစဉ်အပိုင်းတချို့ကို ကမ္ဘာတစ်ဝန်းက ရေဒီယို အသံလွှင့်ရုံ ၄၅၀ ကျော်ကနေ ထုတ်လွှင့်ပေးတယ်။ အဲဒီခေတ်အခါအတွက် ပထမဆုံးအကြိမ် အကျယ်ပြန့်ဆုံး ထုတ်လွှင့်မှု ဖြစ်တယ်။ ညီအစ်ကို ရပ်သဖော့ဒ်က “နာမည်သစ်” လို့ ခေါင်းစဉ် ရှိတဲ့ သမိုင်းဝင် အဓိဋ္ဌာန်တစ်ခုကိုလည်း ဖတ်ပြတယ်။ အဓိဋ္ဌာန်မှာ “အခုကစပြီး ကျွန်တော်တို့ဟာ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ခံယူလိုပြီး အဲဒီလို အခေါ်ခံလိုကြတယ်” ဆိုတဲ့ ဖော်ပြချက် ပါတယ်။ (“ အဓိဋ္ဌာန်ပြုချက်” လေးထောင့်ကွက်ကို ကြည့်ပါ။) ပရိသတ်က “သဘောတူပါတယ်” လို့ တစ်ခဲနက် ကြွေးကြော်ပြီး လက်ခုပ်တီးခဲ့ကြတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ညီအစ်ကို အာသာ ဝေါ့စ်လီက “အစည်းအဝေးခန်းမတစ်ခုလုံး ကြွေးကြော်သံတွေ၊ လက်ခုပ်သံတွေ ညံသွားတာ တစ်သက် မမေ့နိုင်ဘူး” လို့ ပြောတယ်။ သူ့ဘဝအတ္ထုပ္ပတ္တိကို ၁၉၈၆ ခုနှစ်မှာ ထုတ်ဝေခဲ့တယ်။

အိုဟိုင်အို၊ အားကစားရုံအပြင်ဘက်က လူအုပ်

ဒီအဓိဋ္ဌာန်ပြုချက် ဖတ်ပြတာကို ရေဒီယိုကနေ ထုတ်လွှင့်ပေးလို့ တခြားနိုင်ငံက လူတွေလည်း ကြားရကြတယ်။ သြစတေးလျက ညီအစ်ကိုနဲ့ ညီအစ်မ ဘာဘာက “အမေရိကမှာ လက်ခုပ်တီး ကြွေးကြော်နေချိန် မဲလ်ဘုန်းက ညီအစ်ကိုတွေလည်း ထခုန်ပြီး လက်ခုပ်တီးကြတယ်” လို့ ပြောတယ်။ ဂျပန်က ညီအစ်မ မတ်စူအီး အီရှီ ပါဝင်တဲ့ အုပ်စုလေးကလည်း အဓိဋ္ဌာန်ပြုချက်ကို ကြားကြတယ်။ “အမေရိကမှာ ရှိတဲ့ ညီအစ်ကိုတွေနဲ့အတူ ကျွန်မတို့လည်း သံပြိုင် ကြွေးကြော်ကြတယ်” လို့ နောက်ပိုင်းမှာ သူ ရေးတယ်။

စေတမန်မှာ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ပထမဆုံးအကြိမ် ပုံနှိပ်ဖော်ပြ

အိုဟိုင်အို၊ ကိုလံဘတ်မြို့၊ အစည်းအဝေး ကျင်းပတဲ့ နေရာမှာ အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားတွေကို ကြိုဆိုကြောင်း ဆိုင်းဘုတ်တွေ လုပ်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုက “ယေဟောဝါသက်သေများကို ကြိုဆိုပါတယ်” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ပြောင်းတပ်လိုက်တယ်။ ၁၉၃၁၊ ဇူလိုင် ၂၈ မှာ ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်း ထုတ်ဝေတဲ့ သံတော်ဆင့် သတင်းစာရဲ့ အစည်းအဝေးကြီးအကြောင်း သတင်းတစ်ပုဒ်မှာ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ပထမဆုံးအကြိမ် ပုံနှိပ်ဖော်ပြခဲ့တယ်။

အစည်းအဝေးကြီးအပြီး သိပ်မကြာခင်မှာပဲ ဘုရားသခင့်နိုင်ငံတော်၊ ဤလောက၏ မျှော်လင့်ချက် စာအုပ်ငယ်ကို ဝေငှတဲ့ ကင်ပိန်းကြီးတစ်ခု လုပ်ဆောင်ခဲ့ကြတယ်။ အဲဒီစာအုပ်မှာ နာမည်သစ်နဲ့ပတ်သက်တဲ့ အဓိဋ္ဌာန်ပြုချက် ပါတယ်။ နှစ်လခွဲအတွင်း အုပ်ရေ ငါးသန်းကျော် ဝေငှနိုင်ပြီး ဘာသာရေး ခေါင်းဆောင်၊ အစိုးရ အရာရှိ၊ စီးပွားရေးသမားတွေလည်း ရရှိခဲ့ကြတယ်။

ဘုရားသခင့်နိုင်ငံတော်၊ ဤလောက၏ မျှော်လင့်ချက် (မျက်မမြင်စာပေ အပါအဝင်) စာအုပ်ငယ် နမူနာများ။ နာမည်သစ်အတွက် အဓိဋ္ဌာန်ပြုချက် ပါတဲ့ ဒီစာပေကို ဝေတဲ့ ကင်ပိန်းကြီးတစ်ခု လုပ်ဆောင်ခဲ့ကြ

ညီအစ်ကို မာတင် ပိုစင်ဂါက အဲဒီအချိန်အကြောင်း အခုလို ပြောတယ်။ “‘ကျွန်တော်က ယေဟောဝါသက်သေဖြစ်လို့ အခုလို လာတွေ့တာပါ’ ဆိုပြီး အိမ်ရှင်ကို မိတ်ဆက်တဲ့အခါ အံ့သြကုန်တယ်။ ‘ဒါပေမဲ့ ကျမ်းစာကျောင်းသားတွေ ဖြစ်နေတုန်းပဲ မဟုတ်လား’ ဆိုပြီး မေးကြတယ်။ (“ ယေဟောဝါနာမည် မိတ်ဆက်ပေးတဲ့ ကတ်များ” လေးထောင့်ကွက်ကို ကြည့်ပါ။) နောက်ပိုင်းနှစ်တွေနဲ့ပတ်သက်ပြီး ညီအစ်ကို ပိုစင်ဂါက “တကယ့် ပြောင်းလဲမှုကြီးပဲ။ ကျွန်တော် ဘာမှတောင် မပြောရသေးခင် ‘ခင်ဗျား ယေဟောဝါသက်သေပဲ ဖြစ်ရမယ်’ လို့ ပြောကြတယ်” ဆိုပြီး ရေးတယ်။

ညီအစ်ကို ရပ်သဖော့ဒ် ဟောပြောချက်မှာ ရှင်းပြထားတဲ့ “JW” အတိုကောက်စာလုံး ပါတဲ့ အစည်းအဝေးကြီး အစီအစဉ်

၁၉၃၁၊ အစည်းအဝေးကြီးကို တက်ရောက်ခဲ့တဲ့ ညီအစ်ကို အေ အိတ်ခ်ျ မက္ခမီလန်က ဒီနာမည် ဘာကြောင့် သင့်လျော်သလဲဆိုတာ နောက်ပိုင်းမှာ အခုလို ပြောပြတယ်။ “ကျွန်တော်တို့ရဲ့ အလုပ်၊ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို ဒီနာမည်က ပြောပြနေတဲ့အတွက် ဒါဟာ သိပ်ကောင်းတဲ့ အကြံပဲလို့ ထင်တယ်။ ဒီ့မတိုင်ခင်တုန်းက ကျွန်တော်တို့ကို ကျမ်းစာကျောင်းသားတွေလို့ ခေါ်ကြတယ်။ တကယ်လည်း ကျမ်းစာကျောင်းသားတွေ ဖြစ်နေတာကိုး။ နောက်တော့ ကမ္ဘာတစ်ဝန်းမှာ လူတွေ ကျွန်တော်တို့နဲ့ ကျမ်းစာလေ့လာတဲ့အခါကျတော့ အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားတွေလို့ အခေါ်ခံရတယ်။ အခုတော့ ကျွန်တော်တို့က ယေဟောဝါဘုရားအကြောင်း သက်သေခံနေကြတာ။ ဒါကြောင့် ဒီနာမည်က ကျွန်တော်တို့ ဘယ်သူလဲ၊ ဘာလုပ်နေသလဲဆိုတာ လူတွေကို သိစေတယ်။”

ဒီနေ့ခေတ်၊ ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာဟာ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို ဂုဏ်ယူစွာ ခံယူခဲ့ကြတယ်။—ဟေရှာယ ၄၃:၁၀-၁၂