မာတိကာဆီ ကျော်သွား

ဒါ့ခ်ဟောင် အကျဉ်းစခန်း အောက်မေ့ဖွယ် နေရာ။ သမ္မတ ပူတင်ဆီ ပေးပို့တဲ့ အိတ်ဖွင့်စာ

ဇွန် ၂၊ ၂၀၂၁
ကမ္ဘာတစ်ဝန်းက သတင်းများ

ယေဟောဝါသက်သေတွေကို နှိပ်စက်နေတာ ရပ်တန့်ပေးဖို့ ဒါ့ခ်ဟောင် အကျဉ်းစခန်းမှ အသက်ရှင်ကျန်ရစ်သူများအဖွဲ့က ရုရှားကို တောင်းဆို

ယေဟောဝါသက်သေတွေကို နှိပ်စက်နေတာ ရပ်တန့်ပေးဖို့ ဒါ့ခ်ဟောင် အကျဉ်းစခန်းမှ အသက်ရှင်ကျန်ရစ်သူများအဖွဲ့က ရုရှားကို တောင်းဆို

ယေဟောဝါသက်သေတွေကို ရုရှား နှိပ်စက်နေတာ ရပ်တန့်ပေးဖို့ ဒါ့ခ်ဟောင် အကျဉ်းစခန်းမှ အသက်ရှင်ကျန်ရစ်သူများ တည်ထောင်ထားတဲ့ လာဂျာဂျဲမီယံရှဖ်ထ် ဒါ့ခ်ဟောင် အဖွဲ့အစည်းက တောင်းဆိုလိုက်တယ်။ ယေဟောဝါသက်သေတွေကို အကွက်ကျကျ နှိပ်ကွပ်နေခြင်းအတွက် ပြစ်တင်ရှုတ်ချတဲ့ အိတ်ဖွင့်စာတစ်စောင်ကို ၂၀၂၁၊ မေ ၁၆ ရက်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဆီ ပေးပို့လိုက်တယ်။

“ယေဟောဝါသက်သေတွေကို အစိုးရ နှိပ်စက်ညှဉ်းပန်းတဲ့သတင်း မကြားရတဲ့ နေ့ကို မရှိဘူး။ ရုရှား ထောက်လှမ်းရေး FSB အဖွဲ့ဝင်တွေ၊ ရဲတွေက သူတို့ရဲ့ နေအိမ်တွေကို ရှာဖွေမွှေနှောက်ပြီး ဖျက်ဆီးကြတယ်။ လူမဆန်စွာ ရိုက်နှက်နှိပ်စက်ကြတယ်။ အမျိုးသားရော အမျိုးသမီးတွေကိုပါ နှစ်ရှည် ထောင်ဒဏ်ချကြတယ်။ အကျဉ်းခန်း အခြေအနေဆိုးကို ပြုပြင်ပေးဖို့ တောင်းဆိုခြင်း၊ ပြစ်ဒဏ်ကာလ လျှော့ပေးဖို့ တောင်းဆိုခြင်းတွေကိုလည်း လျစ်လျူရှုထားဆဲပါပဲ” လို့ ရေးထားတယ်။

“ရုရှား ဖယ်ဒရေးရှင်းမှာ နေထိုင်သူတိုင်းကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့အတိုင်း လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ခွင့် ပေးဖို့ တိုက်တွန်းပါတယ်။ ဒီမတရားမှုကို ကျေးဇူးပြုပြီး အဆုံးသတ်ပေးပါ” ဆိုပြီး နိဂုံးချုပ်ထားတယ်။

၂၀၂၁၊ မေလအထိ ရုရှားမှာ ယုံကြည်ချက်ကြောင့် ထောင်ကျနေသူ သက်သေခံ ၆၁ ဦး ရှိတယ်။ အဲဒီထဲမှာ ညီအစ်မ ဗာလင်တီနာ ဘရန်နိုဗ်စကာယာတို့လို သက်ကြီးရွယ်အိုတွေလည်း ပါတယ်။ အသက် ၇၀ အရွယ် ညီအစ်မ ဗာလင်တီနာဟာ ၂၀၂၀၊ ဇူလိုင်လမှာ လေဖြတ်သွားပေမဲ့ လောလောဆယ် ထောင်ဒဏ် နှစ်နှစ် ကျခံနေရတယ်။ သားအမိ နှစ်ယောက် အယူခံဝင်တာကို တရားရုံးက ၂၀၂၁၊ မေ ၂၄ ရက်မှာ ပယ်ချလိုက်တဲ့အတွက် ညီအစ်မရဲ့ သား ရိုမန် ဘရန်နိုဗ်စကီဟာ ထောင်ဒဏ် ခြောက်နှစ် ကျခံနေပါပြီ။

ရုရှားမှာ ရှိတဲ့ ညီအစ်ကို/မတွေ ခံစားနေရတဲ့ မတရားမှုကို ရပ်တန်းက ရပ်ပေးဖို့ မျှတမှု လိုလားသူတွေ အခုလို လူသိရှင်ကြား ထုတ်ပြောကြတာ ကျေးဇူးတင်စရာပါပဲ။ ယေဟောဝါက မိမိရဲ့ လူမျိုးကို ကယ်တင်မယ်ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ ယုံတယ်။—ဒံယေလ ၁၂:၁